Tuesday, November 12, 2019

ထာ၀ရငြိမ်းချမ်းရေး တည်းဟူသော မြတ်နိဗ္ဗာန်


အယ်ဒီတာအာဘော်



ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်ဆုံး၊ အမြတ်ဆုံးသောမျှော်မှန်းချက် ပန်းတိုင်မှာ နိဗ္ဗာန်ဖြစ်သည်။ နိဗ္ဗာန်ဟူသော ဝေါဟာရသည် ပါဠိဘာသာ နိဗ္ဗာနဟူသောပုဒ်မှ ဆင်းသက်လာခြင်းဖြစ်သည်။ နိဗ္ဗာန်သည် အမြင့်မြတ်ဆုံးချမ်းသာဖြစ်သည်။ နိဗ္ဗာန်ဟူသော စကားကို အနက် အဓိပ္ပာယ်ပေါင်းများစွာ ဖွင့်ဆိုထားကြသည်။ နိဗ္ဗာနဟူသော ပုဒ်က ငြှိမ်းသတ်သည်ကို ဆိုလိုခြင်းကြောင့် လောဘ၊ ဒေါသ၊ မောဟတည်းဟူသော ကိလေသာမီးများကို ငြှိမ်း သတ်နိုင်ခြင်းဟူ၍လည်းကောင်း၊ တဏှာမှလွတ်မြောက်ခြင်း ဟူ၍ လည်းကောင်း၊ အသင်္ခတဓာတ်ပြုပြင်စီရင်ခြင်းတို့မှ လွတ်ကင်းရာဟူ၍လည်းကောင်း၊ မျက်စိဖြင့်မမြင်နိုင်သော၊ ဖြစ်တည်ပျက် အပိုင်းအခြားမရှိသော၊ ဉာဏ်ဖြင့်သာ သိအပ်သော၊ မဟာဘုတ်ဓာတ်ကြီးလေးပါးတို့မရှိသော၊ အကြီးအငယ်၊ အရှည်အတို၊ အကောင်းအဆိုးမရှိသော၊ ရုပ်နှင့် နာမ်တို့ချုပ်ငြိမ်း ရာဖြစ်သော ဟူ၍ဖွင့်ဆိုကြ၏။
တစ်ဖန် နိဗ္ဗာန်သည် မသေလွန်မီကပင် ခံစားရောက်ရှိနိုင် သလို သေလွန်ပြီးနောက်မှလည်း ခံစားရောက်ရှိနိုင်ကြသည်။ သို့ရာတွင် ကောင်းစွာကျင့်ကြံနှလုံးသွင်းခြင်းဟူသော အားထုတ်မှု လိုအပ်သည်။ သို့ဖြစ်၍ နိဗ္ဗာန်သည် အရှိတရားဖြစ်ပြီး ဉာဏ်ဖြင့် ဆင်ခြင်၍ မြင်တွေ့နိုင်၊ မျက်မှောက်ပြုနိုင်သည်ဟု နားလည် သဘောပေါက်ကြသည်။ နိဗ္ဗာန်ချမ်းသာနှင့် စပ်လျဉ်း၍ မိလိန္ဒ ပညှာတွင် မိလိန္ဒမင်းကြီးနှင့် ရှင်နာဂသိန်တို့၏ မေးဖြေကြပုံကို ဖော်ပြထားရာ၌ - ဘ‌န္ဒေ အရှင်ဘုရား - “မရသေးသော နိဗ္ဗာန် ကို ချမ်းသာ၏ဟု သိပါသလော”။
“အရှင်မင်းကြီး - သိနိုင်ပါသည်။”
“အရှင်ဘုရား - အဘယ်သို့ သိနိုင်ပါသနည်း။”
“အရှင်မင်းကြီး - လက်ခြေမပြတ်သူတို့သည် လက်ခြေပြတ် ခြင်း၏ ဆင်းရဲဒုက္ခကို သိနိုင်ပါမည်လော”
“အရှင်ဘုရား - သိနိုင်ပါသည်။”
“အဘယ်သို့ သိနိုင်သနည်း”
“လက်ခြေပြတ်ကြသောသူတို့ ငိုကြွေးမြည်တမ်း ညည်းညူ သောအသံကို ကြားရ၍ သိပါသည်။”
“အရှင်မင်းကြီး- ထို့အတူပင် နိဗ္ဗာန်ကို မျက်မှောက်ပြုသော သူတို့ ပြောဆိုသံကို ကြားရ၍ နိဗ္ဗာန်သည် ချမ်းသာ၏ဟု သိသည်။” ဟူ၍ ဖော်ပြထားရာ နိဗ္ဗာန်၏ အရှိတရား၊ နိဗ္ဗာန်၏ ကောင်းကျိုး ချမ်းသာတို့ကို သိသာထင်ရှားစေသည်။
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့အဖို့ လက်ရှိဖြစ်တည်နေဆဲ ဘဝတွင်ရော သေပြီးတမလွန် ဘဝတွင်ပါ ဆင်းရဲခြင်းတို့ ချုပ် ငြိမ်းရာ နိဗ္ဗာန်ကိုမျှော်မှန်းလျက် တစ်မဂ်တစ်ဖိုလ်ရရန် ကျင့်ကြံ အားထုတ်ကြကုန်သကဲ့သို့ လက်ရှိဘဝတွင် မိမိကိုယ်တိုင်နှင့် တကွ မိမိတို့လူ့အဖွဲ့အစည်း၊ လူ့အသိုက်အဝန်းနှင့် မိမိတို့ ရှင်သန်နေထိုင်ရာပတ်ဝန်းကျင်တို့တွင် လောဘ၊ ဒေါသ၊ မောဟ တို့ကင်းဝေးလျက် အေးချမ်းသာယာသည့် ထာဝရတည်တံ့ခိုင်မြဲ သော ငြိမ်းချမ်းရေးကိုအလိုရှိကြကုန်သည်။ နိဗ္ဗာန်ကို မျက် မှောက်ပြုနိုင်ရန်အတွက် ကျင့်ကြံကြိုးကုတ်အားထုတ်ကြရသလို ငြိမ်းချမ်းရေးအတွက်လည်း ကြိုးပမ်းအားထုတ်ရန်၊ လိုအပ်သည် များကို ဖြည့်ဆည်းကြရန်နှင့် မလိုအပ်သည့်တရားတို့ကို ဖယ်ရှား ပစ်ရန်တို့ လိုအပ်မည်ဖြစ်သည်။ လောကီအတွက်ဖြစ်စေ၊ လော ကုတ္တရာအတွက်ဖြစ်စေ ကြိုးပမ်းကြရာတွင် ဆန္ဒ၊ ဝီရိယ၊ စိတ္တ၊ ပညာတည်းဟူသော အဓိပတိလေးပါးဖြင့် ဆောင်ရွက်ကြလျက် ထာဝရငြိမ်းချမ်းရေးတည်းဟူသော မြတ်နိဗ္ဗာန်ကို လျင်မြန်ထုတ် မြောက်ရောက်နိုင်ကြပါစေကြောင်း။ ။

No comments:

Post a Comment