Monday, November 11, 2019

သဘာဝကိုစောင့်ရှောက်ကြပါမှ. . .

အယ်ဒီတာအာဘော်
 


 
တစ်နှစ်ထက်တစ်နှစ် ကမ္ဘာကြီးပိုမိုပူနွေးလာနေသည်ဟု သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတို့က သတိပေးပြောဆိုနေသည်မှာ နှစ်အတန်ကြာခဲ့ပြီ။ သည်လို ပူနွေးလာနေမှုက ကမ္ဘာကြီး၏ ရပ်တည် နေမှုကို ခြိမ်းခြောက်လာနေပြီဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုသော် အဆိုပါခြိမ်းခြောက်မှုများက ကမ္ဘာကြီးပေါ်မှာ နေထိုင်ရှင်သန်နေကြ သည့် လူသားတို့ကို အန္တရာယ်အချက်ပြခေါင်းလောင်းသံများ ပေးနေ ခြင်းဖြစ်သည်။ ယင်းပူနွေးလာမှု၏ ပင်မအကြောင်းရင်းက များစွာရှိပေ သည်။ အဓိကအကျဆုံးက လူတို့ သဘာ၀ပတ်ဝန်းကျင်ကို အသုံးချရန် သက်သက်အဖြစ်သာ သဘောထားနေကြမှုအပေါ် တည်နေ၏။ သဘာ၀ပတ်ဝန်းကျင်ကို ထိန်းသိမ်းကြစို့ ဆိုသည့် ကြွေးကြော်သံ ထွက်ပေါ်လာသည်ကပင် မကြာလှသေး။
ဘယ်သို့သောအကြောင်းများကြောင့်ဖြစ်စေ ကမ္ဘာကြီးပူနွေး လာခြင်းက ရာသီဥတုဖောက်ပြန်မှုတွေ ဖြစ်စေမည်၊ ဝင်ရိုးစွန်းမှ ရေခဲ တောင်များကို အရည်ပျော်စေမည်ဟု သာမန်အားဖြင့် နားလည်ထားကြ ပြီးဖြစ်သည်။ ထိုနားလည်မှု၏ နောက်တွင် များလှစွာသော အကျိုးဆက် များက တန်းစီ၍စောင့်နေသည်။ ရာသီဥတုဖောက်ပြန်မှုဆိုသည်က အချို့နေရာများတွင် မိုးအလွန်များလာမည်၊ အချို့နေရာတို့တွင် မိုးခေါင်မည်၊ အလွန်အမင်း ပူပြင်းလာမည့်ဒေသများရှိသကဲ့သို့ အအေး လှိုင်းများဝင်ကာ မခံမရပ်နိုင်အောင် အေးခဲမှုများကိုလည်း ကြုံကြရ တော့မည်ဟု ဆိုလေသည်။ သည်လို ပြောင်းလဲမှုများက လူသားတို့ အတွက် ကြီးမားလှသောထိခိုက်ရမှုများ ရှိလာတော့မည်ဆိုသည်မှာ ဖြေရခက်သော မေးခွန်းမဟုတ်တော့ပြီ။
မြန်မာနိုင်ငံ၏ အားကိုးရသော ပညာရှင်ကြီးဖြစ်သည့် ကွယ်လွန်သူ ဆရာဦးထွန်းလွင်၏ သတိပေးချက်ကို ကိုးကားရမည်ဆိုလျှင် ရာသီဥတု ပြောင်းလဲခြင်း၊ ကမ္ဘာကြီးပိုမိုပူနွေးလာခြင်းတို့ကြောင့် အန္တရာယ်ပြင်း ထန်သော အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများ၏ အန္တရာယ်ကို ပိုမိုဆိုးရွား လာစေမည်၊ လူဦးရေကို မူတည်တွက်ချက်မှုအရ ပင်လယ်ရေမြင့်တက် ခြင်းအန္တရာယ်ကို ကြုံတွေ့နေရသည့် လူ ၂ ဒသမ ၈ သန်းရှိနေရာမှ ၂၀၅၀ ပြည့်နှစ်တွင် ၄ ဒသမ ၆ သန်း ရှိလာလိမ့်မည်ဟု ဆို၏။
ထို့ပြင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ဓနိတောများ၊ ဒီရေတော များသည်လည်း ဆုတ်ယုတ်လာမည်ဟု ဆို၏။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသည်နှင့်အမျှ ဒီရေတောများကို ထိခိုက်နေစေမည်ဖြစ်ပြီး ရွှံ့ညွန်တောများ ဆုံးရှုံးရမည်၊ ယခုပင် ရှားပါးစပြုနေပြီဖြစ်သော၊ မျိုးသုဉ်းတော့မည်ဟု သဘာ၀၏ခြိမ်းခြောက်မှုကို ခံနေရပြီဖြစ်သော ရေတိမ်ငှက်များ ပျောက်ကွယ်သွားနိုင်ခြင်း၊ ပင်လယ်ငှက်များ၊ ပင်လယ် လိပ်များ၊ အခြားသော ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်၏ လုပ်ငန်း ဆောင်တာများကို ထိခိုက်စေနိုင်မှုများ စသည်ဖြင့် များစွာသော အန္တရာယ် များကို ရင်ဆိုင်နေရပြီ ဖြစ်ချေသည်။
ဤသည်တို့၏ အကျိုးဆက်များအနေဖြင့် ရေသတ္တဝါများ၊ ငါးများ အတွက် ကြီးစွာသော အန္တရာယ်ရှိနေကြောင်းနှင့် လူသားတို့အတွက် စားနပ်ရိက္ခာအကျပ်အတည်းများ ပိုမိုများပြားလာမည်ဖြစ်ကြောင်း တို့ကိုလည်း သတိပေးထားလေသည်။
ကမ္ဘာတစ်လွှားမှ သိပ္ပံပညာရှင်များ၏ အဆိုအရ ရာသီဥတု ဖောက်ပြန်မှုများက ကုန်းနေ၊ ရေနေသတ္တဝါများသာမက အပင်များ ကောက်ပဲသီးနှံများ၏ သဘာဝကိုပါ ထိခိုက်လာနိုင်နေသည်ဟုဆိုလေရာ လူသားတို့အပေါ် ကျရောက်လာမည်ဆိုသည့် အန္တရာယ်မှာ ဘက်စုံ၊ ထောင့်စုံက ရှိနေသည်ပဲဖြစ်လေသည်။
သဘာ၀တောနေသတ္တဝါတို့ အစာရေစာ ငတ်မွတ်ရှားပါးမှုများ၊ နေရာဌာန ပြောင်းရွှေ့ရမှုများနှင့်အတူ လူသားတို့အတွက် ရေကြည်ရာ မြက်နုရာ ရှာကြရတော့မည့် အခြေအနေ။
ကမ္ဘာ့နေရာအနှံ့အပြားမှာ ရေမျက်နှာပြင်က တစ်စတစ်စ ပိုမို မြင့်တက်လာမည်၊ ကမ္ဘာ့အချို့သောမြေပြင်များ ရေအောက်သို့ ရောက်သွားမည်၊ ကမ္ဘာ့မြေပုံအပြောင်းအလဲများ ဖြစ်လာမည်၊ လူတို့ နေရာဌာန ပြောင်းရွှေ့ရမှုများဖြစ်တော့မည် စသည် စသည်တို့က ပညာရှင်တို့ မြွက်ဟနေသော အဆိုများ။
ထိုဖော်ပြပါ ပြဿနာများက ဖြစ်လာတော့မည်ဟုပင် ဆို၍ မရနိုင် တော့ပြီ။ စတင်ဖြစ်ပွားနေပြီဟု ဆိုရတော့မည် ဖြစ်ပေသည်။ သည်လို အခြေအနေတွင် ဖြစ်ပျက်နေမှုအမှန်တရားကို မျက်မှောက်မပြုနိုင် ကြသေးဘူး၊ လေးလေးနက်နက် မခံယူနိုင်ကြသေးဘူးဆိုလျှင် ကမ္ဘာ တစ်ခွင်ဖြစ်ပွားလျက်ရှိသည့် ယိုယွင်းလာမှုများကို ထိန်းချုပ်နိုင်လိမ့် မည်မဟုတ်။ တစ်နေ့တခြား မြန်ဆန်လာသည့် ဆိုးရွားမှုနှုန်းကို ဟန့်တားနိုင်လိမ့်မည်မဟုတ်ဟု ပညာရှင်များက အထပ်ထပ်သတိပေး နေကြလေသည်။
မြန်မာနိုင်ငံဆိုသည်က ကမ္ဘာကြီး၏ အစိတ်အပိုင်းတစ်ခုမျှသာ။ သည်ကမ္ဘာကြီးကို ဝိုင်းဝန်းထိန်းသိမ်းကြရန် တာဝန်ရှိနေသည် အမှန်။ ဤသို့သော အကျပ်တည်းဆုံးအခြေအနေတွင် သစ်တောများ ထိန်းသိမ်း ရေးလောက် မကတော့။ သစ်တစ်ပင်ချင်းကိုပင် ဂရုစိုက်ကာကွယ် စောင့်ရှောက်ရမည့် ကာလဖြစ်ချေသည်။ ရေတို မျက်တောင်မွေး တစ်ဆုံး အမြင်မျှဖြင့် ငွေလိုလျှင် သစ်ခုတ်ရောင်း၊ မြေအောက်တွင်းထွက် သယံဇာတဆိုလည်း ထုတ်ကြ၊ ရောင်းကြနေရတော့မည့်ကာလ မဟုတ် တော့ပါ။
သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြပါစို့ ဟူသည်ကို အလေး အနက်ထား ကြွေးကြော်သင့်ကြပေပြီ။ ။

No comments:

Post a Comment