Tuesday, November 12, 2019

ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ်ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညို

Image may contain: 5 people, fruit and food
နေပြည်တော် နိုဝင်ဘာ ၁၁
ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ်ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီ မိနစ် ၂၀ တွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းအနီးရှိ အဆိုပါစေတီ တော်၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ကြည်ညိုကြ သည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့်ဇနီး ဒေါ်အေးသီတာ၊ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်ဇနီး ဒေါက်တာစိန်စိန်သိမ်း၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ အလှူရှင်ဒါယကာ၊ ဒါယိကာမများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညို ကြသည်။
အခမ်းအနားမစတင်မီ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထာဝရငြိမ်းချမ်းရေးစေတီ တော် သာသနာ့ဗိမာန်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော် ရေချမ်းတို့ကို ကပ်လှူပူဇော်သည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က အထက်ဌာပနာတော်အတွင်း သွင်းလှူပူဇော်မည့် ဗုဒ္ဓရုပ်ပွားတော်များနှင့် ဌာပနာတော် များအား ကြည်ညိုကြသည်။
ကိုးပါးသီလခံယူဆောက်တည်
ယင်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော်ထံမှ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမှူးပြုသော ဧည့်ပရိသတ်များက ကိုးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား သရဇ္စျာယ်တော်မူသည့် မေတ္တသုတ်တော်၊ ရတနာသုံးပါး ဂုဏ်တော်နှင့် ပုဗ္ဗဏှသုတ်ပရိတ်တရားတော်များကို နာယူ ကြည်ညိုကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတနှင့်ဇနီး၊ ပြည်ထောင်စု တရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့်ဇနီး၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် အလှူရှင်များက စေတီတော်တွင် တင်လှူ ပူဇော်မည့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ အထက် ဌာပနာတော်တွင် သွင်းလှူပူဇော်မည့်ဗုဒ္ဓရုပ်ပွားတော်များ၊ ဌာပနာတော်များနှင့် လှူဖွယ်ပစ္စည်းများကို ဆရာတော်၊ သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ အမှတ်တရ မုဒိတာစကားလျှောက်ထား သည်။
ယင်းနောက် နိုင်ငံတော်ဩဝါဒါစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တ ကဝိသာရထံမှ နိုင်ငံတော်သမ္မတနှင့်ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။

ထို့နောက် ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ဆောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို က စေတီတော်တည်ဆောက်ရေးတွင် တာဝန်ယူဆောင်ရွက် ခဲ့ကြသည့် တက်လမ်းကုမ္ပဏီများအုပ်စု ဥက္ကဋ္ဌ ဦးရှိန်ဝင်း၊ စေပိုင်ကုမ္ပဏီဥက္ကဋ္ဌ ဦးမောင်ဝိတ်၊ ဗိသုကာအင်ဂျင်နီယာ ပညာရှင် ဒေါက်တာတိုးတိုးဝင်း၊ MORE C.N.C ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမိုးဦးနှင့် စံထိပ်တန်းကုမ္ပဏီမှ မြန်မာမှုပညာရှင်ဦးကြည်စိုးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ် သည်။
လှည့်လည်ပူဇော်
ယင်းနောက် အထက်ဌာပနာတော်သွင်းလှူပူဇော်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတနှင့် ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယသမ္မတ နှင့်ဇနီးတို့ အမှူးပြုသော ဧည့်ပရိသတ်များက ဒေဝါဝင်း၊ ရာဇာဝင်းများနှင့်အတူ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်၊ ဆပ်သွားဖူးတော်၊ စိန် ပန်းခိုင်နှင့် ဌာပနာတော်များကို ပင့်ဆောင်၍ စေတီတော် အား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
ထို့နောက် ဥပါသကာများက ဌာပနာတော်များကို အထက်ဌာပနာတော်တိုက်သို့ ပင့်ဆောင်ကြသည်။
ယင်းနောက် ရွှေပါရမီတောရဆရာတော်၊ နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အလှူရှင်များက ဌာပနာတော်တိုက်များအတွင်းသို့ ဌာပနာ တော်များကို သွင်းလှူပူဇော်ကြပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။
ထို့နောက် ရွှေထီးတော်တင်လှူပူဇော်ခြင်း အခမ်းအနား ကို ဆက်လက်ကျင်းပရာ နိုင်ငံတော်သမ္မတ၏ ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ၏ ဇနီးနှင့် ဧည့်ပရိသတ်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်ဘုံအဆင့်ဆင့်၊ ဆပ်သွားဖူးတော်၊ စိန်ပန်းခိုင် တို့ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်ပေး ကြသည်။
ယင်းနောက် ရွှေပါရမီတောရဆရာတော်၊ နိုင်ငံတော် သမ္မတ၊ ဒုတိယသမ္မတ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ကရွှေထီးတော်ဘုံဆင့်များ၊ ဆပ်သွားဖူးတော်၊ စိန်ပန်းခိုင်၊ ရွှေငှက်မြတ်နားတော်နှင့် ရတနာစိန်ဖူးတော်တို့ကို စေတီ တော်အထွတ်၌ တင်လှူပူဇော်ကြပြီး ပရိတ်နံ့သာရည်၊ တရော်ကင်ပွန်းရည်၊ ရေစင်ရေသန့်များဖြင့် ပက်ဖျန်းသန့်စင် သွန်းလောင်းပူဇော်ကြသည်။
တင်လှူပူဇော်
ထို့အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက အရံစေတီတော်များအား ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် စိန်ဖူးတော်တို့ကို တင်လှူပူဇော်ကြ သည်။
ထို့နောက် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ဆက်လက်ကျင်းပရာ ဥပါသကာများက ဆရာတော်၊ သံဃာတော်များအား တံခွန်၊ ကုက္ကား၊ မုလေးပွား တို့ကို ဆက်ကပ်ကြပြီး ဆရာတော်၊ သံဃာတော်များက ထာဝရငြိမ်းချမ်းရေးစေတီတော်အား ဗုဒ္ဓါဘိသေက အနေ ကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူကြသည်။
နေ့ဆွမ်းဆက်ကပ်လှူဒါန်း
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ အမှူးပြုသည့် ဧည့်ပရိသတ်များက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် သာသနမဟာဓဇဂ္ဂထာဝရငြိမ်းချမ်းရေး သာသနာ့တံခွန်တိုင်တော် ရွှေထီးတော်တင်လှူခြင်းအခမ်း အနားကို ဆက်လက်ကျင်းပရာ ရွှေပါရမီတောရဆရာတော်၊ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့က သာသနာ့တံခွန်တိုင်တော်အထွတ်၌ ရွှေထီးတော် တင်လှူပူဇော်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကြ သည်။
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က သာသနမဟာဓဇဂ္ဂသာသနာ့တံခွန်တိုင်တော် ကမ္ပည်း ကျောက်စာကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီး၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ရွှေခေါင်းလောင်းတော်တို့ကို လည်းကောင်း၊ ဒုတိယသမ္မတနှင့် ဇနီးတို့က ရွှေမောင်းတော် ကို လည်းကောင်း ကိုးချက်စီ တီးခတ်ပြီး ပရိတ်နံ့သာရည် များ ပက်ဖျန်းကြသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာ တော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ်ရွှေကြာသင်္ကန်း တော်ကပ်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ် ရတနာရွှေမိုး ငွေမိုး ရွာသွန်းဖြိုးကြသည်။
သတင်းစဉ်

No comments:

Post a Comment