Sunday, November 10, 2019

ကမ္ဘာတည်သရွေ့ လက်ဆင့်ကမ်း


အယ်ဒီတာအာဘော်



မြန်မာမင်းများလက်ထက်တွင် မြန်မာ့ပညာရေးစနစ်သည် ဘုန်းတော်ကြီး ကျောင်းများကို အခြေပြုခဲ့သည်။ မင်းညီမင်းသားများမှသည် ကျေးလက် တောရွာ တောင်သူလယ်လုပ်သားသမီးများအထိ ဘုန်းတော်ကြီးသင်ပညာ ရေးကို တစ်ပြေးညီသင်ယူကြပြီး ဗုဒ္ဓဘာသာအခြေခံနှင့် ဆုံးမဩဝါဒများ၊ ကိုယ်ကျင့်တရားနှင့် အသိအလိမ္မာများ၊ ထိုမှတစ်ဆင့် ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ သင်္ချာ၊ နီတိကျမ်းစသည်တို့ကို သင်ကြားကြရ သည်။ ရှေးခေတ်မြန်မာ့ပညာရေးသည် ပဒေသရာဇ်ခေတ်၏ လူမှုစီးပွား ရေးနှင့် အံဝင်ခွင်ကျရှိခဲ့သလို သူ့ခေတ်သူ့ကာလတွင် အဆင့်အတန်း မြင့်မားခဲ့သည့်အလျောက် မြန်မာတို့သည်လည်း အနီးပတ်ဝန်းကျင်နိုင်ငံ များကို လွှမ်းမိုးနိုင်ခဲ့သည်။
ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ၁၈၅၄ ခုနှစ် မြန်မာနိုင်ငံ အောက်ပိုင်းတွင် ဗြိတိသျှအစိုးရက ပညာရေးဌာန တည်ထောင်ဖွင့်လှစ်ပြီး ချိန်မှစကာ မြန်မာ့ပညာရေးစနစ် အပြောင်းအလဲဖြစ်ခဲ့သည်။ ဘုန်းတော် ကြီးသင်ပညာရေးသည်လည်း ကိုလိုနီခေတ်တွင် ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်နှင့် အံဝင်ခွင်ကျမရှိတော့သည်နှင့်အမျှ သင်ယူလိုသူ များ တစ်စတစ်စ နည်းပါးလာပြီး ဗြိတိသျှအစိုးရက ဖွင့်လှစ်သည့် အတန်းကျောင်းများတွင် သင်ယူသူများပြားလာသည်။ ၁၈၇၈ ခုနှစ်တွင် ကာလကတ္တားတက္ကသိုလ် ဥပစာတန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုနိုင်ရန် ရန်ကုန်အထက်တန်းကျောင်းတွင် ကျောင်းသားများကို လက်ခံသင်ကြား ပေးခဲ့ရာမှ မြန်မာနိုင်ငံတွင် ကောလိပ်ပညာရေးစတင်ခဲ့ပြီး ၁၈၈၄ ခုနှစ် တွင် ရန်ကုန်ကောလိပ်ကို ဖွင့်လှစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် အမေရိကန် ခရစ်ယာန်အသင်းက ဖွင့်လှစ် သည့် ဂျပ်ဆင်ကောလိပ် (ယုဒဿန် ကောလိပ်)ကလည်း ထင်ရှားလာ သည်။ ၁၉၁၈ ခုနှစ်တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင်ကောလိပ်တို့ကို ပေါင်းစည်းပြီး တက္ကသိုလ်ဖွင့်လှစ်ရေးဆောင်ရွက်ခဲ့ရာ တက္ကသိုလ်ဥပဒေ ပါ အချက်များနှင့် စပ်လျဉ်း၍ ကျောင်းသားများ၏ သပိတ်တိုက်ပွဲများ စတင်ခဲ့သည်။
၁၉၂၀ ပြည့်နှစ် တက္ကသိုလ်(ယူနီဗာစီတီ) အက်ဥပဒေသပိတ်၏ အနှစ်သာရမှာ မြန်မာအမျိုးသားတို့ နိုင်ငံရေးနိုးကြားမှုကြီး မကြုံစဖူးအုံကြွထွက်ပေါ်လာခြင်းပင်ဖြစ်သည်။ နယ်ချဲ့အုပ်စိုးသူတို့ကို “သခင်” ခေါ်၍ “ဘုရား” ထူးနေခဲ့ရသည့်အခြေအနေမှ မိမိတို့သည် ကျွန်လူမျိုး မဟုတ်။ ကိုယ့်ထီးကိုယ့်နန်းနှင့် နေထိုင်ခဲ့ကြသည့် လူမျိုးများဖြစ်သည် ဟူသော အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားတက်ကြွမှုနှင့်အတူ နယ်ချဲ့ကို စတင်အန်တုဖက်ပြိုင်မှုပြုခြင်းက အဆိုပါသပိတ်၏ အနှစ်သာရ ပင် ဖြစ်သည်။ သပိတ်မှောက်ကျောင်းသားဟောင်းတစ်ဦးဖြစ်သူ ဆရာ ဟိန်က “၁၂၈၂ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ နံနက်အချိန် တွင် ရန်ကုန်မြို့လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်ကြီး၏ ရင်ပြင်တော် အနောက်တောင်ထောင့်အရပ် သစ်ပင်ကြီးတစ်ပင်အောက်၌ လူငယ် လူရွယ် ၁၁ ယောက် ခန့်တို့သည် အရေးကြီးသောကိစ္စတစ်ခုအတွက် စိတ်အားထက်သန်စွာဆွေးနွေးတိုင်ပင်လျက်နေကြလေသည်။ ၎င်းတို့တိုင်ပင်ဆွေးနွေးခဲ့ကြသောကိစ္စကြီးမှာ နောင်အခါတွင် နိုင်ငံကို တုန်လှုပ် ချောက်ချားစေမည့်ကိစ္စကြီးပင် ဖြစ်လေသည်”ဟူ၍ ၁၉၃၃ ခုနှစ် ဧပြီလတွင်ထုတ်ဝေခဲ့သည့် “မြန်မာ့အလင်းနှစ်သစ်မင်္ဂလာသတင်းစာ” တွင် အမှတ်တရပြန်လည်ရေးသားဖော်ပြခဲ့သည်။
ဆက်လက်၍လည်း “၁၂၈၂ ခု၊ တန်ဆောင်းမုန်းလပြည့်ကျော် ၁၀ ရက် တနင်္ဂနွေနေ့နံနက်အချိန်တွင် ရန်ကုန်ကောလိပ်နှင့် ဂျပ်ဆင် ကောလိပ် ကျောင်းသားများသည် လာကြဟေ့၊ ထွက်ကြဟေ့ဟု တစ်ဦးကိုတစ်ဦးခေါ်ကာ ကျောင်းများမှထွက်လာကြပြီးသော် ဗဟန်း ကြားတောရ ပရိဝုဏ်မြောက်ဘက် ရေတွင်းကလေးအနီးရှိ ဇရပ် တစ်ဆောင်သို့ ၆၀၀ ကျော်ခန့် ကျောင်းတော်သားတို့သည် စုရုံးရောက် လာကြလေသည်” ဟူ၍ ဆရာဟိန်ကမှတ်တမ်းပြုဖော်ပြခဲ့သည်။ နိုင်ငံ ကို တုန်လှုပ်ချောက်ချားစေမည့် ကိစ္စကြီးကို စတင်လိုက်ခြင်းပင်ဖြစ်သည်။
၁၉၂၀ ကျောင်းသားသပိတ်ဖြစ်ရပ်ကြီးမှာ နှစ်ပေါင်း ၁၀၀ ခန့်ပင် ရှိခဲ့ပြီ။ ယခုနှစ်သည် ရာပြည့်အကြိုနှစ်ဖြစ်သည်။ ယင်းမှစတင် နိုးကြား ခဲ့သည့် အမျိုးသားစိတ်ဓာတ်၊ အမျိုးသားရေးဇာတိမာန်နှင့် အမျိုးသား ရေး စုပေါင်းအင်အားတို့က မြန်မာနိုင်ငံကို လွတ်လပ်ရေးပန်းတိုင်ဆီ သို့ ဆက်လက်သယ်ဆောင်ပို့ပေးနိုင်ခဲ့သည်။
အမျိုးသားရေးစိတ်ဓာတ်ဟူသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး အဖြစ် ခိုင်ခိုင်မာမာ၊ ခံ့ခံ့ထည်ထည် ရပ်တည်နိုင်ရေးတွင် ကမ္ဘာ တည်သရွေ့ လက်ဆင့်ကမ်း တည်တံ့ရမည့်အမွေတစ်ရပ်ဟု ဆိုအပ်ပါ ကြောင်း။ ။

No comments:

Post a Comment