Wednesday, November 20, 2019

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့ တက်ရောက်




Image may contain: one or more people, people sitting and indoor
နေပြည်တော် နိုဝင်ဘာ ၁၉



တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းနှင့် ကယားပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့က ဦးဆောင် ကျင်းပမည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (Myanmar Ethnics Culture Festival) မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီးရှိ UMFCCI ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဝန်ကြီးချုပ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်းနှင့် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးယောဆက်နှင့် ကယားပြည်နယ် တိုင်းရင်း သားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးထွန်းကျော်တို့က အခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။
ဘယ်တော့မှ ပြိုကွဲသွားခြင်းမရှိနိုင်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် မတူညီသော ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာ ကွဲပြား ခြားနားသော ကိုးကွယ်ယုံကြည်မှု၊ ဘာသာစကား၊ စကားပြောဆို သုံးနှုန်းမှုများရှိကြသည့် တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြသော နိုင်ငံတော်ကြီး ဖြစ်ပါ၍ အရောင်အသွေးစုံ ပန်းပေါင်းစုံဖူးပွင့်နေကြသည့် ပန်းဥယျာဉ်ကြီးနှင့် တူပါကြောင်း၊ မည်သို့ပင် မတူ ကွဲပြားခြားနားကြပါစေ တိုင်းရင်းသားများသည် နိုင်ငံတော် အတွင်း အေးအတူပူအမျှ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်စွာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပါ ကြောင်း၊ တိုင်းရင်းသားများ စည်းလုံးညီညွတ်မှုဖြင့် လက်တွဲမဖြုတ်စတမ်း နေထိုင်သမျှတစ်လျှောက်လုံး ဘယ်တော့မှ ပြိုကွဲသွားခြင်း မရှိနိုင်ပါကြောင်း၊ တိုင်းရင်းသားဒေသများ၌ ပြန်လည်ဖော်ထုတ်ရန် ကျန်ရှိ နေသေးသည့် ရိုးရာဓလေ့ ယဉ်ကျေးမှုအမွေအနှစ်များ အများအပြား ကျန်ရှိနေသဖြင့် ထိန်းသိမ်းစောင့်ရှောက်ပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ဆောင်ရွက်ပေး ရန်လိုပါ၍ မြန်မာကရော ကမ္ဘာကပါ သိရှိနိုင်ရန် ဖော်ထုတ် ပေးမည့် စင်မြင့်တစ်ခုလိုပါကြောင်း၊ တိုင်းရင်းသားများ ၏ ရိုးရာယဉ်ကျေးမှု အကအလှ၊ အသုံးအဆောင်ပစ္စည်း များကို တစ်နေရာတည်း ကြည့်ရှုလေ့လာခွင့်ရသည့် သွေးချင်းတို့ရဲ့ ပွဲတော်အခမ်းအနားကြီး ဖြစ်မြောက် ရန်နှင့် ပြည်ထောင်စု၏ ထာဝရငြိမ်းချမ်းရေးအတွက် မျှော်ကိုး၍ ပါဝင်ပတ်သက်သူများအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် ပူးပေါင်းဆောင်ရွက်ကြပါရန် ပြောကြားသည်။
ကူညီပံ့ပိုးပေးသွားမည်
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သွေးချင်းတို့ရဲ့ပွဲတော်သို့ လည်ပတ်သူ များ ယခင်နှစ်ထက် ပိုမိုလာရောက်နိုင်မည်ဖြစ်ပါ ကြောင်း၊ ပွဲတော်ပြီးသည့်အခါ တိုင်းရင်းသား အစားအသောက်၊ ဝတ်စားဆင်ယင်မှု ရိုးရာအမှတ်တရ တစ်ခုကျန်ရှိအောင် ဆောင်ရွက်သင့်ပါကြောင်း၊ လိုအပ် သည်များကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အပြည့်အဝ ကူညီပံ့ပိုးပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးတို့က ဂုဏ်ပြုအမှာစကားပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်း ရှင်အသင်းများဥက္ကဋ္ဌ ဦးယောဆက်က သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ကျင်းပရခြင်းနှင့်ပတ်သက်၍ ယခင်နှစ်ပွဲတော် မှ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ယခုနှစ်၌ ကြိုတင် ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ချက်များ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပံ့ပိုးကူညီပေးစေလို သည့် အချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ထောက်ပံ့ငွေ ကျပ်သိန်း ၅၀၀ ကို လည်းကောင်း၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ် အစိုးရအဖွဲ့၏ ထောက်ပံ့ငွေကျပ်သိန်း ၁၀၀၀ ကိုလည်းကောင်း ပေးအပ် ကြရာ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးယောဆက်က လက်ခံရယူသည်။
ဆက်လက်၍ ကချင်ပြည်နယ် တိုင်းရင်းသားလုပ်ငန်း ရှင်များအသင်းက ထောက်ပံ့ငွေကျပ် သိန်း ၂၀၀ ပေးအပ်ရာ ကယားပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးထွန်းကျော်က လက်ခံရယူသည်။
စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်
သွေးချင်းတို့ရဲ့ပွဲတော်ကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ကျင်းပမည်ဖြစ်ပြီး ပွဲတော်၌ တိုင်းရင်းသားအလှမယ် ရွေးပွဲ၊ တိုင်းရင်းသား ရိုးရာအစားအစာနှင့် အဝတ်အထည် များ ရောင်းချပွဲ၊ တိုင်းရင်းသားလူမျိုးအလိုက် အသုံး အဆောင်ပစ္စည်းများ ခင်းကျင်းပြသမည့် ပြခန်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ တိုင်းရင်းသားလုပ်ငန်း ရှင်များ အသင်းများမှ စျေးရောင်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဆိုအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment