Saturday, October 19, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် UEHRD ကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Image may contain: 1 person

နေပြည်တော် အောက်တိုဘာ ၁၈
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူ အညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ ဒုတိယအကြိမ် နှစ်ပတ်လည်အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Hiton ဟိုတယ်၌ ကျင်းပရာ ရခိုင်ပြည်နယ် အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
တက်ရောက်
အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီ ခွန်မြတ်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးကျော်တင့်ဆွေ၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ ဦးသိန်းဆွေ၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ဦးဟန်ဇော်၊ ဒေါက်တာ ဝင်းမြတ်အေးနှင့် ဦးကျော်တင်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးခင်မောင်တင်၊ ဦးကျော်လင်းနှင့် ဦးစိုးအောင်၊ လွှတ်တော်ရေးရာ စွမ်းရည် မြှင့်တင်ရေး အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စုစုလွင်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ၊ UEHRD ကော်မတီ ညှိနှိုင်းရေး မှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD ကော်မတီ ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ UEHRD ကော်မတီ အဖွဲ့ဝင်များ၊ နိုင်ငံတကာသံရုံးများမှ သံတမန်များ၊ ဌာန ဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များ၊ ကုလသမဂ္ဂနှင့် အာဆီယံအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ NGOs၊ INGOs များမှ တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော လူ့ဘောင်အသိုက်အဝန်းမျိုးစုံမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော လူ့ဘောင်အသိုက်အဝန်းမျိုးစုံမှ လူငယ်များအဖွဲ့က “ပေါင်းစည်းခြင်းရဲ့ အရသာ”၊ “ရခိုင်တို့မြေ လာခဲ့လေ” နှင့် “ငါတို့ လျှောက်မယ့်လမ်း” သီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။
မုဒိတာပွားနိုင်ရမယ်
ထို့နောက် UEHRD ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာ စကားပြောကြားရာတွင် “UEHRD စပြီးပေါ်လာတာက ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မှာဖြစ်တဲ့ ပဋိပက္ခတွေ၊ ပြဿနာ တွေကို ဖြေရှင်းဖို့ ကျွန်မတို့ အားလုံးစုပေါင်းပြီး လုပ်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ကျွန်မတို့ စပြီးလုပ်ကတည်းက ဒါဟာပြည်ထောင်စုတစ်ခုလုံးပါဝင် ရမယ့်လုပ်ငန်းလို့ ကျွန်မတို့ သတ်မှတ်လိုက်ပါတယ်။ ပြည်ထောင်စုတစ်ခုလုံး ပါဝင်ရမယ့်လုပ်ငန်းဆိုတာ ကျွန်မ တို့ ပြည်ထောင်စုရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အကောင်းဆုံး လုပ်နိုင်ရင် ကျန်တဲ့သူက မုဒိတာပွားနိုင်ရမယ်။ ကိုယ့်ရဲ့ ဒေသမှာ လုပ်ပေးမှ မဟုတ်ဘူး။ တခြားသူတွေ၊ တခြား ဒေသတွေ၊ ကိုယ်နဲ့မဆိုင်တဲ့ အရပ်ဒေသတွေ ကောင်းဖို့ အတွက်၊ အဲဒီအရပ်ဒေသက ပြည်သူလူထုတွေ တိုးတက်ဖို့ အတွက် လုပ်ပေးတယ်ဆိုတဲ့အခါမှာ ကျွန်မတို့ကိုယ်တိုင် မလုပ်ပေးနိုင်ရင်တောင်မှ မုဒိတာပွားနိုင်တဲ့ စိတ်ဓာတ် ရှိရမယ်။ အဲဒါကိုအခြေခံတာ ဖြစ်ပါတယ်။
ကိုယ့်အားကိုယ်ကိုးပြီးလုပ်
၂၀၁၇ ခုနှစ်ကနေ ဒီကနေ့အထိ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ကိစ္စတွေကြောင့် ကျွန်မတို့ မြန်မာနိုင်ငံမှာ စိန်ခေါ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီစိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်တဲ့အခါမှာ ကိုယ့်အားကိုယ်ကိုးပြီး လုပ်တာက အကောင်းဆုံးပဲလို့ ကျွန်မတို့ ဒီလိုပဲဆုံးဖြတ်ပါတယ်။ မိတ်ဆွေများက ဝိုင်းဝန်းပြီးကူညီတာကို ကျွန်မတို့ တန်ဖိုး ထားတယ်။ ကျွန်မတို့ လေးစားပါတယ်။ သို့သော်ငြားလည်း နောက်ဆုံးကျတော့ ကိုယ့်ကိုယ်ကိုပဲ အားကိုးလို့ ရပါတယ်။ ကိုယ့်ကိုယ်ကို အားကိုးလို့ရတဲ့ စိတ်တွေကိုလည်း ကျွန်မ တို့ရဲ့ ပြည်ထောင်စုထဲမှာ ခိုင်မာအောင်လို့ လုပ်ပေးချင် ပါတယ်။
အားလုံးပါဝင်ကူညီ
ဒါကြောင့် ကျွန်မတို့ပြည်ထောင်စု ဘယ်နေရာမှာပဲ ဖြစ်ဖြစ် အခြေအနေလေး နည်းနည်းပိုပြီးတော့ ကောင်းသွား ပြီဆိုရင် ကျန်တဲ့ပြည်ထောင်စုတစ်ခုလုံးမှာရှိတဲ့ ပြည်သူ ပြည်သားများ၊ ပြည်ထောင်စုသားသမီးများ အားလုံးဟာ ဒါကိုဝမ်းမြောက်နိုင်ရမယ်။ ဂုဏ်ယူ နိုင်ရမယ်။ ကျေနပ်နိုင် ရမယ်။ ဒီလိုစိတ်ဓာတ်နဲ့ အားလုံးပါဝင်ပြီးတော့ ကူညီ ပေးဖို့ဟာ ကျွန်မတို့ ဦးတည်ရာဖြစ်ပါတယ်။ အခုဆိုရင် UEHRD ကို အဓိကဦးဆောင်လုပ်နေတာကတော့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဖြစ်ပါတယ်။ ဒေါက်တာဝင်းမြတ်အေးဆိုရင် ရခိုင်ပြည်နယ်ကို ၂၀၁၇ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် (၂)နှစ်အတွင်းမှာ အကြိမ် (၅၀)ထက် မနည်းရောက်ပြီးပြီလို့ ကျွန်မနားလည်ပါတယ်။ ဒီလောက်အကြိမ်(၅၀)ထက်မနည်း ရောက်တယ်ဆိုတာ ရခိုင်ပြည်နယ်မှာလုပ်ရတဲ့ လုပ်ငန်းတွေကို ဘယ်လောက် အလေးအနက်ထား သလဲဆိုတာကို ပြသနေတာဖြစ်ပါတယ်။
ဒီလိုအလုပ်တွေဆိုတာ အဝေးကနေပြီးတော့ ရုံးထဲမှာ ထိုင်ပြီး ခလုတ်လေးနှိပ်ရုံနဲ့ ပြီးတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒေသခံတွေ အခြေအနေဘယ်လိုရှိလဲ၊ ကိုယ်တိုင်သွားကြည့် ပြီးတော့ ကိုယ်ဘယ်လိုအကောင်းဆုံးလုပ်ပေးနိုင်မလဲ ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်နိုင်မှသာလျှင် ကျွန်မတို့ တိုးတက်မှု ရှိနိုင်မှာပါ။ တိုးတက်မှုတွေက ကျွန်မတို့ လိုချင်သလောက် ဖြစ်ခဲ့သလားဆိုတော့ လိုချင်သလောက်တော့ မဖြစ်သေး ပါဘူး။

စုပေါင်းအင်အား
ကျွန်မတို့လိုချင်တာက အခုတစ်နှစ်အတွက်လည်း မဟုတ်ဘူး၊ နောက်နှစ်အတွက်လည်း မဟုတ်ဘူး၊ ကျွန်မ တို့ရဲ့ ပြည်ထောင်စုကြီးအတွက် နောင်နှစ်ကာလ မြောက်မြားစွာ ခေတ်အဆက်ဆက်ကောင်းဖို့အတွက် လုပ်နေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အခုဖြစ်ပွား နေတဲ့ ပြဿနာတွေကို နိုင်ငံသူနိုင်ငံသားများ ပြည်ထောင်စု သားသမီးများအားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖြေရှင်း နိုင်မယ်ဆိုရင် နောင်လာနောက်သားတွေအတွက် အင်မတန်မှ တန်ဖိုးဖြတ်လို့မရတဲ့ အမွေအနှစ်တွေ ဖြစ်မှာပါ။ ဘယ်လိုအမွေအနှစ်မျိုးလဲဆိုရင် ကိုယ့်ကိုယ်ကို ယုံကြည်တဲ့ အမွေအနှစ်မျိုးဖြစ်ပါတယ်။ ဘယ်လိုအခက် အခဲတွေပဲ ဖြစ်လာဖြစ်လာ ငါတို့နိုင်ငံဟာ ချမ်းသာသေးတဲ့ နိုင်ငံမဟုတ်သော်လည်း၊ အင်အားကြီးနိုင်ငံတစ်ခုမဟုတ် သော်လည်း ငါတို့ရဲ့စုပေါင်းအင်အားနဲ့ ဒီစိန်ခေါ်မှုတွေကို အားလုံးရင်ဆိုင်နိုင်တယ်၊ ကျော်လွှားနိုင်တယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုကို ကျွန်မတို့ရဲ့ နောင်လာနောက်သား တွေ၊ မျိုးဆက်သစ်တွေကို ပေးသွားချင်ပါတယ်။
ဒီလိုယုံကြည်မှုနဲ့ အင်အားကို ပေးသွားနိုင်မယ်ဆိုရင် နောင်အနာဂတ်မှာ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ပဲ ကျွန်မတို့ နိုင်ငံဟာ ရင်ဆိုင်ရရင်ဆိုင်ရ ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ စာရေးဆရာမကြီးတစ်ဦးက တစ်ခါရေးခဲ့ ဖူးပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ သမိုင်းကောင်းရှိခဲ့လို့ရှိရင် ဒီရှိခဲ့တဲ့သမိုင်းကောင်းမှာ နောင်ခေတ်အဆက်ဆက်အတွက် အင်အားဖြစ်တယ်လို့ ပြောပါတယ်။ ကိုယ်အရင်တုန်းက ရှိခဲ့တဲ့ သမိုင်းကြောင်းကို ပြန်ပြီးတော့ စဉ်းစားခြင်းအားဖြင့်၊ အဲဒီသမိုင်းကြောင်းကို ပြန်ပြီးတော့ တွေးခေါ်ခြင်းအားဖြင့် နောင်လာမယ့်အနာဂတ်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုပြီး ရင်ဆိုင်တဲ့နည်းတွေလည်း ပေါ်လာမယ်။ ရင်ဆိုင်ရဲတဲ့ သတ္တိတွေလည်း ရှိလာမယ်လို့ မှတ်ချက်ချသွားပါတယ်။
စိတ်အားထက်သန်စွာပါဝင်
ဒီအတိုင်းပါပဲ ကျွန်မတို့ UEHRD ရဲ့လုပ်ငန်းတွေဟာ အခုလောလောဆယ် ရခိုင်ပြည်နယ် တစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ကျွန်မတို့ ပြည်ထောင်စုကြီးတစ်ခုလုံး အတွက်ဖြစ်ပါတယ်လို့ ထပ်တလဲလဲ ပြောချင်ပါတယ်။ ကျွန်မတို့ဟာ ဒီလိုပြဿနာတစ်ခုကို ဖြေရှင်းနိုင်တဲ့ အင်အားတွေကို လူငယ်တွေကနေစပြီး မွေးပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် UEHRD ရဲ့ လုပ်ငန်းစဉ်တွေမှာ ပြည်ထောင်စုတစ်ဝန်းက လူငယ်များ ပါဝင်တာဟာ ကျွန်မ တို့အတွက် တစ်တပ်တစ်အားဖြစ်ပါတယ်။ လူငယ်တွေ ကလည်း စိတ်အားထက်သန်စွာနဲ့ ပါဝင်ကြပါ။ လူငယ် များဟာ လူကြီးများထက်စာရင် ပိုပြီးသဘောထားပျော့ ပျောင်းတယ်လို့ပြောရင် မမှားဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် လူကြီးတွေကတော့ ပိုပြီးရင့်ကျက်တာပေါ့။ ပျော့ပျောင်းမှုနဲ့ ရင့်ကျက်မှုဟာ သူ့ရဲ့တန်ဖိုးနဲ့သူရှိပါတယ်။
အားလုံးစုပေါင်းဖြေရှင်း
သဘောထားပျော့ပျောင်းခြင်းဆိုတာဟာ ပျော့ပျောင်း သောကြောင့် သူတစ်ပါးကို ပိုပြီးနားလည်မှု လွယ်လွယ်ကူကူ ပေးနိုင်တယ်။ ရင့်ကျက်သောကြောင့်လည်း ပိုပြီးတော့ နားလည်မှုပေးနိုင်ပါတယ်။ ရင့်ကျက်သောစိတ်ဓာတ် ကလည်း ပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် နက်နက်နဲနဲနဲ့ အခြေအနေတစ်ခုကို သုံးသပ်နိုင်တာကြောင့် လူကြီးတွေရဲ့ အင်အားဟာတစ်မျိုး၊ လူငယ်တွေရဲ့အင်အားဟာ တစ်မျိုး ရှိတဲ့အင်အားတွေကို အားလုံးစုပေါင်းပြီးတော့ ကျွန်မတို့ နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းရမှာ ဖြစ်ပါတယ်။
ကျွန်မအနေနဲ့ UEHRD ရဲ့နှစ်နှစ်မြောက်နေ့မှာဆိုရင် UEHRD မှာ ပါဝင်ခဲ့တဲ့ပုဂ္ဂိုလ်များအားလုံးကို ဂုဏ်ပြု ကျေးဇူးတင်တဲ့ စကားလေးတော့ မပြောလို့ မဖြစ်ပါဘူး။ ဒါဟာ ကျွန်မတို့ရဲ့ ဝန်ကြီးဌာနများအားလုံးပါသလို အဓိက အားဖြင့် ရခိုင်ပြည်နယ်အစိုးရကိုလည်း ဂုဏ်ပြုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နိစ္စဓူ၀ ပြဿနာတွေ ရင်ဆိုင်နေရ တာဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့တက်ရောက်လာတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကိုလည်း ကျွန်မဂုဏ်ပြုပါတယ်။ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ နောင်နှစ်ပေါင်းများစွာ ဆက်လက် ပြီးတော့ ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေကို ရင်ဆိုင်ပြီး ဖြေရှင်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဒီလိုဖြေရှင်း တဲ့အခါမှာ ကျွန်မတို့အားလုံးက ဝိုင်းဝန်းပြီးကူညီဖို့ အဆင်သင့်ပါပဲဆိုတာကိုလည်း ပြောချင်ပါတယ်။
ပြည်ပက မိတ်ဆွေများကိုလည်း ကျွန်မတို့နိုင်ငံ အပေါ်မှာ တကယ်စေတနာ မေတ္တာထားပြီးတော့၊ ကရုဏာ၊ မေတ္တာ၊ စေတနာထားပြီးတော့ ကူညီနေတဲ့ မိတ်ဆွေတွေ အားလုံးကိုလည်း ကျေးဇူးတင်တယ်ဆိုတဲ့စကား ပြောချင် ပါတယ်။ အားလုံးလက်တွဲပြီး လုပ်မယ်ဆိုရင် တစ်နေရာက ပြဿနာတွေ ဖြေရှင်းခြင်းအားဖြင့် တစ်ကမ္ဘာလုံးမှာရှိတဲ့ အလားတူပြဿနာတွေကို၊ ဖြေရှင်းနည်းတွေကိုလည်း သိလာနိုင်မယ်။ သင်ယူနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။
ကျွန်မအနေနဲ့ ဆော်ဩချင်တာကတော့ တစ်ခုပါပဲ။ အရင်တုန်းက UEHRD ကို လှူပါမယ်လို့ ကတိပေးထားတဲ့ ပုဂ္ဂိုလ်ကြီးများ လှူကြပါ။ လှူပါ့မယ်လို့ ကတိမပေးရ သေးတဲ့ ပုဂ္ဂိုလ်ကြီးများလည်း အခုဒီနေ့ပဲ ကတိပေးပြီးတော့ ဆက်လှူကြပါလို့ ကျွန်မ တိုက်တွန်းရင်းနဲ့ အားလုံးကို မေတ္တာပို့ပါတယ်။ ကျေးဇူးတင်ပါတယ် ”ဟု ပြောကြားသည်။
ယင်းနောက် UEHRD အဖွဲ့သားများအားလုံး၏ ပံ့ပိုးမှုနှင့် International Relation Task Force မှ ထုတ်လုပ်တင်ဆက်သည့် Short Film ကို ပြသသည်။
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် UEHRD ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ကော်မတီဒုတိယဥက္ကဋ္ဌများ၊ လွှတ်တော် ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စုစုလွင်နှင့် ကော်မတီအဖွဲ့ဝင်များသည် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် လည်းကောင်း၊ နိုင်ငံတကာသံရုံးများမှ သံတမန်များနှင့်လည်းကောင်း၊ ကုလသမဂ္ဂ၊ အာဆီယံ အဖွဲ့အစည်းများနှင့် Red Cross Movement တို့မှ ကိုယ်စားလှယ်များနှင့်လည်းကောင်း၊ အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် လည်းကောင်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ နှင့်လည်းကောင်း၊ UEHRD Task Forces မှ တာဝန်ရှိ သူများနှင့်လည်းကောင်း၊ ရန်ကုန်နှင့် နေပြည်တော်တို့ရှိ UEHRD ရုံးခွဲများနှင့် NRPC ရုံးတို့မှ တာဝန်ရှိသူများနှင့် လည်းကောင်း၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ ကြသည့် ရခိုင်ပြည်နယ်အတွင်း နေထိုင်လျက်ရှိသော လူ့ဘောင်အသိုက်အဝန်းမျိုးစုံမှ လူငယ်များအဖွဲ့နှင့် လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။ သတင်းစဉ်

No comments:

Post a Comment