Saturday, October 19, 2019

အချွန်အမွန်ဆုံးသူများကို ရှာဖွေခြင်း



နိုင်ငံရေးတွင်ဖြစ်စေ၊ စီးပွားရေးတွင်ဖြစ်စေ၊ လူမှုရေးအဖွဲ့ အစည်းများတွင်ဖြစ်စေ အဖွဲ့အစည်းတို့၏ ရည်ရွယ်ချက်များ၊ ဦးတည်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ကြမည့် သူများအား စုဆောင်းရွေးချယ်ကြသည့်အခါ လူချွန်လူမွန် များ၊ ထက်မြက်သူများ၊ အရည်အသွေးမြင့်သူများကို ဦးတည် ရည်မှန်းကာ ရွေးချယ်ကြလေ့ရှိသည်။
အစိုးရအဖွဲ့ ခေါင်းဆောင်များ၊ စီးပွားရေးလုပ်ငန်း အဖွဲ့ အစည်းကြီးများ၏ အဆင့်ဆင့်သော ခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့အစည်းများအပါအဝင် အခြားသော အဖွဲ့အစည်း အမျိုးမျိုးတို့၏ ဦးဆောင်မှုပေးမည့်သူများကို နေရာပေးရန်၊ တာဝန်ပေးရန် ရွေးချယ်ကြသည့်အခါ အထက်မြက်ဆုံးသူများ၊ အထူးချွန်ဆုံးသူများ၊ စိတ်စေတနာ အမှန်ကန်ဆုံးသူများ၊ အကောင်းမြင်မှုဖြင့် ပြဿနာများကို သဘောထားမှန်မှန် ထားကာ ချဉ်းကပ်ဖြေရှင်းနိုင်ဆုံးသောသူများ၊ နိုင်ငံတကာ နှင့် ရင်ပေါင်တန်းယှဉ်ပြိုင်နိုင်သူများကို ရှာဖွေရွေးချယ် နေရာ ပေးလေ့ရှိသည်မှာ လုပ်ရိုးလုပ်စဉ်များသာ။
သို့သော်လည်း ပညာရေးစနစ်၊ စီးပွားရေးစနစ်တို့ အားနည်းကာ ခေတ်နောက်ကျသည့် အခြေအနေအတွင်းတွင် နှစ်လရှည်ကြာနေခဲ့ရသည့် မြန်မာနိုင်ငံအဖို့မူ ထိုသို့သော အချွန် မွန်ဆုံးသူများ၊ အထက်မြက်ဆုံးသူများ၊ နိုင်ငံတကာနှင့် ရင်ပေါင် တန်း အလုပ်လုပ်နိုင်သူများကို မည်မျှလောက် မျှော်လင့်၍ ရမည်နည်း။ ထို့ပြင် ထိုသို့သော လူတော်လူထက်များကို ရွေးချယ် ခြင်းထက် စိတ်စေတနာမမှန်ကန်သူများ၊ ညံ့ဖျင်းလေးကန်သူ များ၊ မရိုးသားသူများ၊ ကောက်ကျစ်စဉ်းလဲသူများ၊ လူဆိုးလူမိုက် များကို မရွေးချယ်မိဖို့ကလည်း အရေးကြီးသည်မှာ အမှန်။
ထို့ကြောင့်ပင် လက်ငင်းကာလ လူချွန်လူမွန်များ ရှာဖွေ စုဆောင်းရေးလုပ်ငန်း၏ အခြားတစ်ဖက်တွင် မဖြစ်မနေ ပြန်လည်ထူထောင်ရမည့် လုပ်ငန်းစဉ်တစ်ခုက ကလေးငယ်များ၊ လူငယ်များကို အနာဂတ်လူချွန်လူမွန်များအဖြစ် ပေါ်ထွန်းရေး ကို အလေးထားအားထုတ်ရန် ဖြစ်ပါသည်။ အခြေခံပညာရေး စနစ်၏ အင်အားဖြင့် အနာဂတ်လူချွန်လူထက်များ များစွာ မွေးထုတ်နိုင်ရေးကို ဦးတည်သင်ကြားရေးက အရေးပါမည် ဖြစ်ပါသည်။ ကလေးငယ်များ၊ လူငယ်လူရွယ်များကို အရည် အသွေးမြင့်မားသူများ၊ ဖြူစင်ဖြောင့်မတ်သူများအဖြစ် အနာဂတ် လူချွန်လူထက်များအဖြစ် မွေးထုတ်ရေးတွင် အခြေခံပညာရေး စနစ်က အရေးပါဆုံးဖြစ်ပါလိမ့်မည်။
နိုင်ငံအတွက် လူမှန်နေရာမှန် လိုအပ်သည်ဆိုသည်မှာ အမှန်ကန်ဆုံးစကားဖြစ်ပေသည်။ ထိုနည်းတူစွာ မည်သည့် နေရာအတွက်ကိုမျှ လူညံ့လူဆိုးကို ရွေးမိလို့မဖြစ်။ ယနေ့၊ စီးပွားရေးလုပ်ငန်းကြီးများတွင် ထင်ရှားသိသာစွာ ကြားနေ ရသည့် ခေါင်းစဉ်တစ်ခုမှာ အရည်အချင်းလည်းပြည့်၊ စိတ်သဘောထားလည်း မှန်ကန်ဖြောင့်မတ်သည့် မန်နေဂျာ များရရှိရေးက လစာများများပေးသည်ဆိုရုံမျှဖြင့် မရဟူသည့် စကားရပ်များပဲ ဖြစ်ပါသည်။
နှစ်ပေါင်းများစွာ ဝါးလုံးခေါင်းထဲ လသာနေခဲ့ရသည့် အဝန်းအဝိုင်းအတွင်းက မိမိတို့လုပ်ငန်းရပ်များ အကောင် အထည်ဖော်ရေးအတွက် နိုင်ငံတကာအမြင်လည်းရှိသူ၊ မိမိ၏ လုပ်ငန်းအပေါ် စိတ်စေတနာလည်း မှန်ကန်သူ၊ ထက်မြက် လုံ့လကြီးသူများကို အများအပြားရရှိရေးကို မျှော်လင့်ရင်း ပင်ပန်းကြီးစွာရှာဖွေရသကဲ့သို့ အနာဂတ်အတွက် လူချွန် လူထက်များကို သင်ကြားမွေးထုတ်ရေးက အရေးကြီးသကဲ့သို့၊ အခြားတစ်ဖက်တွင် အရည်အချင်း အလွန်နိမ့်သူများကို ရွေးချယ်မိ၊ တာဝန်ပေးမိ မဖြစ်ရေးကိုလည်း အထူးသတိထား ရမည်ဖြစ်ပါသည်။ ဤသည်က အချို့နေရာများတွင် ပို၍ပင် အရေးကြီးသည်ဟု ထင်မိပါသည်။
နိုင်ငံက နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေး ကျားကုတ် ကျားခဲ အားထုတ်နေရချိန်တွင် လူချွန်လူမွန်များကို ရွေးချယ်နိုင် ရေးက အရေးကြီးသလို လူဖျင်းလူညံ့ လူဆိုးလူယုတ်များကို မရွေးချယ်မိရေးကလည်း အရေးကြီးသည်ပဲ ဖြစ်သည်မဟုတ် ပါလော။ ။

No comments:

Post a Comment