Tuesday, October 22, 2019

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ရာပြည့်အခမ်းအနားနှင့် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ဆွေးနွေး ILO အခြေခံပြဋ္ဌာန်းချက်တစ်ခုဖြစ်သည့် အငယ်ဆုံးအသက်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၁၃၈ ကို လက်ခံကျင့်သုံးနိုင်ရေး လိုအပ်သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီဖြစ်




နေပြည်တော် အောက်တိုဘာ ၂၁




အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့(ILO)၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အခမ်းအနားကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Melia Hotel ၌ ကျင်းပသည်။
မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုး
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က ၁၉၁၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အနေဖြင့် ယခုနှစ်တွင် နှစ်တစ်ရာပြည့်မြောက်ပြီဖြစ်ကြောင်း၊ ILO အဖွဲ့ဝင်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့် ရာပြည့်နှစ်ကို ဂုဏ်ပြုသည့်အနေဖြင့် ILO ဆောင်ပုဒ် ဖြစ်သည့် “ILO ရာပြည့်မှစ သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်တိုးမြင့် ရေးနှင့် လူမှုတရားမျှတရေးမြှင့်တင်ဆောင်ရွက်ကြ” ခေါင်းစဉ်ဖြင့် ဆောင်းပါး ပြိုင်ပွဲကို ကျင်းပခဲ့ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ILO ရာပြည့်ကာလကို ဂုဏ်ပြုသည့်အနေဖြင့် ILO အခြေခံပြဋ္ဌာန်းချက်တစ်ခုဖြစ်သည့် အငယ်ဆုံး အသက်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် ၁၃၈ ကို လက်ခံကျင့်သုံးနိုင်ရေး လိုအပ် သည့် လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့အပြင် အာဆီယံ ဒေသတွင်း၌ ILO ရာပြည့်နှစ်ကို ဂုဏ်ပြုသည့်အနေဖြင့် ASEAN အလုပ်သမား ဝန်ကြီးများညီလာခံကို ဧပြီ ၂၉ ရက်မှ ၃၀ ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပ ခဲ့ပြီး အနာဂတ်အလုပ်အကိုင်ဆိုင်ရာ ထုတ်ပြန်ကြေညာချက်ကို မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း။
ယခု ရာပြည့်အခမ်းအနားအပြီးတွင် အမျိုးသားအဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲကို အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ သုံးပွင့်ဆိုင်ကိုယ်စားလှယ် များနှင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး Decent Work Country Programme (2018-2021)ကို အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အဓမ္မ ခိုင်းစေမှုပပျောက်ရေးစီမံချက်များ အလေးထားလုပ်ဆောင်နေမှု၊ အလုပ်သမား ရေးရာဥပဒေများ ပြင်ဆင်ပြောင်းလဲမှုတို့ကို ဆွေးနွေးသွားမည်ဖြစ်၍ ရာပြည့် ကာလအဖြစ် ရလဒ်ကောင်းများရရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
ထို့နောက် ILO ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Greg Vines ၊ အလုပ်ရှင် နှင့် အလုပ်သမားကိုယ်စားလှယ်များက အမှာစကားပြောကြားကြပြီး ရာပြည့် အထိမ်းအမှတ် ဗီဒီယိုပြသခြင်း၊ အနာဂတ်အလုပ်အကိုင်ဆိုင်ရာ ILO ရာပြည့်ကြေညာချက်ကို ရှင်းလင်းတင်ပြခြင်းနှင့် အဖွဲ့လိုက် ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ရာပြည့်အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ ဆုရရှိသူများနှင့် အကဲဖြတ်ဒိုင်များကို ဆုနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရာပြည့်အထိမ်းအမှတ် ဓာတ်ပုံပြခန်းကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် အမျိုးသားအဆင့် သုံးပွင့်ဆိုင်ညှိနှိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံမှစတင် အကောင်အထည်ဖော်ဆောင်ရွက် နေသည့် သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ဌာနေ အစီအစဉ်ကို ရှင်းလင်းဆွေးနွေးခြင်း၊ မြန်မာနိုင်ငံ အစိုးရမှ တာဝန်ယူဆောင်ရွက်နေသည့် အဓမ္မခိုင်းစေမှုပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်၊ တိုင်ကြားမှုယန္တရား ထူထောင်ရေး ဆောင်ရွက်နေမှု၊ ကြားကာလယန္တရားဖြင့် တိုင်ကြားမှုများ လက်ခံဖြေရှင်းဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
အလုပ်သမားရေးရာဥပဒေပြုပြင်ပြောင်းလဲမှု
အဆိုပါ သုံးပွင့်ဆိုင် ညှိနှိုင်းဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အလုပ်သမားရေးရာဥပဒေ ပြုပြင်ပြောင်းလဲမှုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်သည်။
သတင်းစဉ်

No comments:

Post a Comment