Tuesday, October 22, 2019

အလုပ်အကိုင်အခွင့်အလမ်း ၃၃၀၀၀ ကျော် ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြု




နေပြည်တော် အောက်တိုဘာ ၂၁



 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ (၁၇ /၂၀၁၉) ကြိမ်မြောက် အစည်း အဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်း အဝေးခန်းမ၌ ကျင်းပသည်။ အစည်း အဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း နှင့် အဖွဲ့ဝင် ၁၀ ဦး တက်ရောက် ကြသည်။
အစည်းအဝေးတွင် အိမ်ရာ အဆောက်အဦကဏ္ဍ၊ ပညာရေး ဝန်ဆောင်မှုကဏ္ဍ၊ စက်မှုကဏ္ဍနှင့် စိုက်ပျိုးရေးကဏ္ဍတို့မှ လုပ်ငန်း စုစုပေါင်း ရှစ်ခု ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏ မှာ အမေရိကန်ဒေါ်လာ ၂၇၉ ဒသမ ၈၈ သန်းနှင့် ငွေကျပ် ၁၅၆၉၃၀ ဒသမ ၀၁ သန်းရှိပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၃၂၇၉ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
၁၉၈၈ ခုနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိ နိုင်ငံပေါင်း ၅၀ တို့မှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၈၃၇ ခု ရင်းနှီးမြှုပ်နှံလျက်ရှိရာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၁၈၇၄ ဒသမ ၂၆၅ ဖြင့် ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုမိန့်များ ထုတ်ပေးခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်သည်။
နိုင်ငံပေါင်း ၅၀ မှ စီးပွားရေး ကဏ္ဍ ၁၂ ခုတွင် အများဆုံး ရင်းနှီး မြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ ၂၇ ဒသမ ၃၈ ရာခိုင်နှုန်း ဖြင့် လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၅ ဒသမ ၈၇ ရာခိုင်နှုန်းဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၀၈ ရာခိုင်နှုန်းဖြင့် လည်းကောင်း ရင်းနှီး မြှုပ်နှံထားကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment