Monday, October 7, 2019

မေတ္တာစကားလား အမုန်းစကားလား


မြန်မာ့အလင်းအယ်ဒီတာအာဘော် 



ယနေ့ ကမ္ဘာတွင် လူမျိုးအစုံ၊ အသားအရောင်စုံ၊ ကိုးကွယ်ယုံကြည် ရာ အမျိုးမျိုးတို့ နေထိုင်ကြကုန်၏။ ယုံကြည်ရာ အမျိုးမျိုး၊ ဓလေ့ ထုံးတမ်း အမျိုးမျိုး၊ အမူအကျင့်အမျိုးမျိုးတို့ဖြင့် အတူနေထိုင်ကြ ခြင်းဖြစ်သော်လည်း အခြေခံအားဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ခင် လေးမြတ်စွာ နေထိုင်ကြမည်ဟူသည့် သဘောထားက ရှေ့ဆောင် ကာ ငြိမ်းချမ်းစွာ အတူတကွရှင်သန်ကြီးထွားရေးကို ရှေးရှုကြလေ သည်။ နိုင်ငံတကာ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးသည် ကမ္ဘာကြီး ပိုမိုတိုးတက် ငြိမ်းချမ်းရေးကို အထောက်အပံ့ဖြစ်စေမည်ဟု ယုံကြည်ကြလေ၏။
ယုံကြည်မှုများကလည်း ကိုးကွယ်ရာဘာသာမျိုးစုံ၊ အယူဝါဒ မျိုးစုံတို့ရှိသည်ဆိုသော်လည်း ဘာသာအားလုံးတို့၏ အဆုံးအမမှာ မေတ္တာကို အခြေခံကြသည်သာ ဖြစ်လေသည်။ လူသားအချင်းချင်း တစ်ဦးနှင့်တစ်ဦး မုန်းတီးရန်လိုမှု မဖြစ်ပွားရေး၊ လူသားတို့အကြား မည်သို့ပင် မတူညီမှုရှိသည်ဖြစ်စေ ချစ်ခင်လေးစားစွာ အချင်းချင်း ဆက်ဆံကာ နှစ်ဦးနှစ်ဖက် တိုးတက်မြင့်မားအောင် ဆောင်ရွက် ကြခြင်းဖြင့် ပိုမိုသာယာငြိမ်းချမ်းသောကမ္ဘာကို တည်ဆောက်နိုင် ကြလိမ့်မည်ဟုလည်း ဘာသာအသီးသီးက သင်ကြား၏။
ထိုကဲ့သို့ ချစ်ခင်လေးမြတ်စွာ လူအချင်းချင်း ဆက်ဆံကြရေး ကို အားပေးရုံမျှမက မုန်းတီးရန်လိုမှုကို ဆန့်ကျင်တားဆီးဖို့ ကိုလည်း နိုင်ငံတကာတို့တွင် နည်းမျိုးစုံဖြင့် စီမံကြလေ၏။
ပညာပေးခြင်း လူအချင်းချင်း ချစ်ခင်လေးစားစွာ ဆက်ဆံကြ ရေးကိုစီမံရင်း ရန်လိုမုန်းတီးမှုကို ဥပဒေနည်းဖြင့်လည်း ဟန့်တား ကြ၏။ လူသားတို့အကြား မုန်းတီးရန်လိုအောင် လှုံ့ဆော်ခြင်းကို တားဆီးနိုင်မှု မလုပ်နိုင်လျှင် လူမှုအဖွဲ့အစည်းတွင်းတွင် ရန်လို မုန်းတီးမှု ကူးစက်ပြန့်ပွားနိုင်သည့်အန္တရာယ်က လူမှုအဖွဲ့အစည်း တစ်ခုလုံးကို ကူးစက်သွားမည် မဟုတ်ပါလော။
ဒီမိုကရေစီစနစ်၏ အခြေခံအခွင့်အရေးဖြစ်သည့် လူတိုင်းတွင် မိမိတို့ယုံကြည်ရာကို ထုတ်ဖော်ပြောဆိုခွင့် ရှိသည်ဆိုသော်လည်း သူတစ်ပါးကို ထိခိုက်နစ်နာအောင် ပြောဆိုမှုကို တားမြစ်ထားသကဲ့ သို့ လူအချင်းချင်း ရန်လိုမုန်းတီးမှုဖြစ်အောင် လှုံ့ဆော်ခြင်းကို လည်း ဆန့်ကျင်ပါသည်။ ယနေ့ကာလလို လူအများကြား ပျံ့နှံ့ ကူးလွယ်သည့် လူမှုကွန်ရက်များ၏ မြန်ဆန်လှသော ဆက်သွယ် နိုင်မှုတို့ကြောင့် ထိုသို့သော အမုန်းတရားလှုံ့ဆော်ခြင်း၊ ရန်လိုခြင်း တို့ကို ပိုမို၍သတိထားကြရန် လိုအပ်လေသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဒီမိုကရေစီ ဘိုးအေနိုင်ငံ တစ်ခုဖြစ်သည့် အင်္ဂလန်နိုင်ငံတွင်ပင် သည်လိုအဖြစ်အပျက်မျိုး ပေါ်ပေါက်ကာ အရေးယူအပြစ်ပေးမှုရှိခဲ့သည်ကို သိရှိရပါသည်။
အယူအဆမတူမှုအပေါ်မူတည်၍ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်သူ ဂီနာမင်လာ ဆိုသူကို ကားဖြင့်တိုက်ကာ လုပ်ကြံမည့်သူရှိလျှင် ပေါင် ငါးထောင် (မြန်မာငွေ သိန်းတစ်ရာခန့်) ပေးမည်ဟု လူကုံထံအမြင့်တန်းဝင်သူတစ်ဦးက လူမှုကွန်ရက် ဖေ့စ်ဘုတ်ပေါ်တွင် ရေးသားလိုက်ခြင်းကို ချက်ချင်းဆိုသလို အရေးယူလိုက်ပြီး အနှီလူကုံထံကို ဆယ့်နှစ်ပတ်တိတိ အကျဉ်းကျခံရန် တရားရုံးက အမိန့်ချလိုက်သည်ဟု သတင်း များတွင် တွေ့ရသည်။
ဒီမိုကရေစီအခွင့်အရေး လူတိုင်းတွင်ရှိ၏။ ထုတ်ဖော်ပြောဆို ခွင့်လည်းရှိ၏။ မိမိယုံကြည်ရာကို ဖော်ထုတ်ခွင့်ရှိ၏။ လူမှု ကွန်ရက်ကဲ့သို့သော အလွန်လျင်မြန်စွာ ပြန့်ပွားနိုင်သည့် သတင်း ဖြန့်ချိရေးစနစ်များကလည်း လက်တစ်ကမ်းတွင် ရှိနေပြီဖြစ်၏။
သည်လို စနစ်များ၊ အခွင့်အရေးများက သူတစ်ပါးကို ထိခိုက် စော်ကားဖို့မဟုတ်၊ လူတို့အကြား ရန်လိုမှုများ ခက်ထန်မှုများကို လှုံ့ဆော်ဖို့မဟုတ် ဆိုသည်တို့ကိုမူ မိမိတို့၏ ကိုယ်ကျင့်သိက္ခာ အဖြစ်ခံယူကြကာ မေတ္တာစိတ်ဖြင့် မိမိတို့၏ ကာယ၊ ၀စီနှင့် စိတ် နှလုံး ဣန္ဒြေကို ထိန်းသိမ်းကြရန်လိုမည်ဟု ထင်မြင်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

No comments:

Post a Comment