Sunday, October 6, 2019

အရွယ်သုံးပါးပြည်သူများအတွက် လူထုအခြေပြုဗဟိုဌာနများ

 
မြန်မာ့အလင်းအယ်ဒီတာအာဘော်
 


 
နိုင်ငံတစ်နိုင်ငံတွင် မည်သည့်အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံး သည်ဖြစ်စေ၊ မည်သည့်နိုင်ငံရေးအယူဝါဒကို စွဲကိုင်သည်ဖြစ်စေ ပြည်သူလူထု ပူးပေါင်းပါဝင်မှုကသာ အဓိကဖြစ်သည်။ အထူးသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ လုပ်ဆောင် ရာတွင် ပြည်သူလူထု၏ တစ်ခဲနက် ပူးပေါင်းပါဝင်မှုကို ရရှိမှသာ အောင်မြင်နိုင်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်သူများ ကရော ပြည်သူလူထုတို့ကပါ အလိုရှိကြသည်မှာ မှန်သည့် တိုင်အောင် ခေါင်းဆောင်နှင့် ပြည်သူတို့၏ ဘဝနှင့်ဆန္ဒတို့ တစ်ထပ်တည်းကျပါမှ၊ ခေါင်းဆောင်နှင့် ပြည်သူတို့ မကင်းကွာ ပါမှ ဖွံ့ဖြိုးတိုးတက်မှုအစစ်အမှန်ကို ပကတိအခြေအနေမှန် နှင့် ကိုက်ညီစွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။
နိုင်ငံ၏အရေးအရာများတွင် ပြည်သူများတက်ကြွစွာ ပါဝင်လို စိတ်များ ပေါ်ပေါက်လာရေးအတွက် စေ့ဆော်ပေးသည့်အချက် များအနက် “နိုင်ငံ၏အရေးအရာများတွင် မိမိတို့လည်း ထိရောက်စွာ ပါဝင်ခွင့်ရှိနေသည်ဆိုသော အချက်ကို ပြည်သူ တို့က လေးလေးနက်နက် သိမြင်ခံစားလာရစေရန် အခြေအနေ များ ဖန်တီးပေးထားရန်’’ ဆိုသည့် အချက်မှာလည်း လိုအပ် သည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနက အကောင်အထည်ဖော် ဖွင့်လှစ်ပေး လျက်ရှိသည့် လူထုအခြေပြုဗဟိုဌာန (Community Centre) များက အဆိုပါ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် နေရာ ဌာနများပင် ဖြစ်သည်ဟု ရှုမြင်မိသည်။
‘‘လူထုအခြေပြုဗဟိုဌာနဆိုသည့် သဘောမှာ သက်ဆိုင်ရာ ဒေသအတွင်း နေထိုင်သည့်သူများအချင်းချင်း တွေ့ဆုံ၍ ရပ်ရွာ ကိစ္စ၊ စိတ်ဝင်စားဖွယ် အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေး တိုင်ပင်နိုင်ရန် ဖြစ်ပါကြောင်း၊ လူအများသာ မဟုတ်ဘဲ တစ်ဦး ချင်းအနေဖြင့်ပါ မိမိကိစ္စ သာရေး၊ နာရေးအထိ ဆက်သွယ်ပြောဆို ဆောင်ရွက်နိုင်အောင် ရည်ရွယ်ဆောင်ရွက်ပေးခြင်း ဖြစ်ပါ ကြောင်း၊ နိုင်ငံတကာတွင်လည်း အဆိုပါ လူထုအခြေပြုဗဟို ဌာနများ ဖွင့်လှစ်၍ ကိစ္စများ ဆောင်ရွက်ကြပါကြောင်း’’ ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ရာ လူထု အခြေပြုဗဟိုဌာနများ တည်ထောင်ဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်၊ အနက်အဓိပ္ပာယ်နှင့် ပြည်သူများအတွက် အသုံးဝင်ပုံတို့ကို သိမြင်နိုင်မည်ဖြစ်သည်။ လူထုအခြေပြုဗဟိုဌာနများသည် သာမန်ရုံးတစ်ရုံးမဟုတ်ဘဲ ပြည်သူအများ ဝင်ထွက်သွားလာ အသုံးပြုနိုင်သည့်နေရာ၊ တိုင်းရေးပြည်ရေး၊ ရပ်ရေး ရွာရေးတို့ကို တိုင်ပင်ဆွေးနွေးနိုင်သည့်နေရာ၊ သတင်းအချက်အလက်များ ဖလှယ်နိုင်သည့်နေရာ၊ အသိပညာဗဟုသုတများ ရှာမှီးနိုင်သည့် နေရာ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာများ သင်ယူ လေ့ကျင့်နိုင်သည့်နေရာ၊ စကားဝိုင်းများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ ကျင်းပသည့်နေရာဖြစ်ပြီး လူတစ်ဦး ချင်းစီ၏ သာရေး နာရေး ကိစ္စများအထိပါ ဆက်သွယ်ပြောဆို ဆောင်ရွက်နိုင်သော ပြည်သူ့ဝန်ဆောင်မှုဌာနများဖြစ်ရာ ဒေသနေပြည်သူများ အကျိုးရှိရှိ ထိထိရောက်ရောက်သုံးစွဲနိုင် ရန်ကသာ အဓိကဖြစ်သည်။
လူထုအခြေပြုဗဟိုဌာနများသည် ကလေး၊ လူငယ်၊ လူကြီး အရွယ် သုံးပါးစလုံးအသုံးပြုနိုင်သည့် နေရာဖြစ်သည့်အတွက် အမှန်တကယ် သုံးစွဲတတ်သူတစ်ဦးအနေဖြင့်ဆိုလျှင် ကလေး အရွယ်မှစ၍ ဘဝတစ်သက်တာလုံး အသုံးပြုသွားနိုင်မည် ဖြစ်သည်။ ဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် အသိဉာဏ်ပညာနှင့် ဆင်ခြင်တုံတရားမြင့်မားသည့် ပြည်သူများ၊ တစ်နည်းအားဖြင့် တန်ဖိုးမြင့်သည့် လူ့စွမ်းအားအရင်းအမြစ်များ ကြွယ်ဝရေးသည် အရေးပါသည့်အလျောက် လူထုအခြေပြုဗဟိုဌာနများက ရေခံမြေခံကောင်းများဖြစ်လာနိုင်သည်။ တစ်နည်းအားဖြင့် လူထု အခြေပြုဗဟိုဌာနများ၏ ဝန်ဆောင်မှုများ ကောင်းမွန်သည်နှင့် အမျှ အများပြည်သူနှင့် အပြန်အလှန်ဆက်ဆံရေးသွက်လက် ကောင်းမွန်ကာ မိမိတို့မျှော်မှန်းသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးတွင် အဓိကအရေးပါသည့် ပြည်သူလူထု၏ တစ်ခဲနက်အင်အားကို ရယူနိုင်မည်ဟု ယုံကြည်မျှော်လင့်ပါကြောင်း။ ။

No comments:

Post a Comment