Tuesday, October 8, 2019

ဘာကြောင့်ပြောင်းရသလဲ. . .

 
မြန်မာ့အလင်းအယ်ဒီတာအာဘော်
 


ယနေ့ ပြည်သူလူထုအကြားတွင် ဇော်ဂျီစာလုံးကိုပဲ ဆက်အသုံးပြု ချင်သူတွေ၊ ယူနီကုဒ်စနစ်ကို ပြောင်းလဲအသုံးပြုချင်သူတွေ ငြင်းကြခုံကြ၊ သဘောထားကွဲလွဲကြ စသည့် အသံများကို ကြားနေရ၊ သိနေရခြင်းက ခေတ်သစ်၏ ထူးခြားချက်တစ်ခုအဖြစ် မြင်မိ မှတ်သားမိ ဖြစ်ရပါသည်။
အပြောင်းအလဲတစ်ခုခု၊ အထူးသဖြင့် စနစ်အပြောင်းအလဲ တစ်ခုခု ပြုလုပ်သည့်အခါတိုင်းတွင် လူမှုအဖွဲ့အစည်းများအတွင်း အငြင်းအခုံများ၊ စကားအချေအတင်ပြောဆိုမှုများ ရှိသည့် အားလျော်စွာ မြန်မာနိုင်ငံတွင်လည်း ဇော်ဂျီလား၊ ယူနီကုဒ်လားဟု ငြင်းကြ၊ ခုံကြသံများ ပွက်လောရိုက်လာသည့်အခါ အကောင်းမြင် သဘောအရ သည်လိုနိုင်ငံမှာ အစိုးရက ပြောင်းလဲရေးအတွက် အားပေးသည့်ကိစ္စရပ်များတွင်ပင် မကျေနပ်သံများ ကျယ်ကျယ်လောင်လောင်ပေါ်ထွက်လာခြင်းကို နှစ်ခြိုက်စရာဟု မြင်မိပါ၏။
အစိုးရတစ်ရပ်က ပေါ်လစီချကာ ဆောင်ရွက်ကြစို့ဟုဆိုလျှင် မည်မျှ အဓိပ္ပာယ်ရှိ၏၊ မရှိ၏ စဉ်းစားချိန်မရ။ ကျောင်းဆရာ ဆရာမ ဖြစ်စေ၊ ရုံးဝန်ထမ်းများဖြစ်စေ၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်စေ ကြက်ဆူပင် စိုက်ဆိုစိုက်၊ ပေါ်တာ လိုက်ဆိုလိုက် အကောင်အထည် ဖော်ခဲ့ရသော ကာလများနှင့် နှိုင်းယှဉ်ကြည့်လျှင် မြန်မာပြည်သူ လူထု၏ ဒီမိုကရေစီအလေ့အထ တိုးတက်လာမှုက အံ့မခန်းဟုပင် ဆိုရချေမည်။
အမှန်တော့ ဇော်ဂျီဟူသည်နှင့် ယူနီကုဒ်ဆိုသည်က အခြေခံခြင်း ကိုက တူညီသည်မဟုတ်။ ဇော်ဂျီက အမှတ်တံဆိပ်။ ယူနီကုဒ်က နည်းစနစ်။
နိုင်ငံတကာကပညာရှင်များ၊ နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ အစည်းကြီးများ စုပေါင်းဖွဲ့စည်းကာ နိုင်ငံတကာက နိုင်ငံများကြား ဆက်သွယ်ဆက်ဆံရေးဆိုင်ရာ နည်းပညာတို့နှင့် ပတ်သက်၍ စံနှုန်းများ၊ ဆက်သွယ်ရေးနည်းစနစ်များ၊ လူမှုရေးဆိုင်ရာ ပွင့်လင်း လွတ်လပ်မှု၊ ထိန်းချုပ်မှု စသည်တို့ကို ဆွေးကြနွေးကြ၊ ညှိကြ နှိုင်းကြ ဖြင့် နိုင်ငံတကာ ဆက်သွယ်ရေးစနစ်များကို တိုးမြင့်ထွန်းကားအောင် ကြံဆကြ၊ သုတေသနများပြုကြ၊ တီထွင်ဖန်တီးကြခြင်းဖြင့် ယူနီကုဒ် စနစ်ဟု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်၏။
ကမ္ဘာတစ်ဝန်း ကွန်ရက်မျိုးစုံဖြင့် ဆက်သွယ်အသုံးပြုနိုင်မည့် စံနှုန်းများကိုရှာဖွေရင်း ဘာသာစကားပေါင်းစုံဖြင့် ဆက်ဆံနိုင်မည့် ကွန်ပျူတာနည်းပညာကို စနစ်တကျသတ်မှတ်ကြရန် စီမံကြရာမှ ယူနီကုဒ်စနစ်က ရလဒ်တစ်ခုဖြစ်လာလေသည်။
မည်သည့်ဘာသာစကားနှင့် ဝေါဟာရများမဆို ယူနီကုဒ် စနစ်ဖြင့် ကွန်ပျူတာများ၊ တယ်လီဖုန်းစနစ်များတွင် ဖော်ပြမည်ဆိုပါက ထိုနည်းပညာက ပြီးပြည့်စုံမှုမရှိသေးသည့်တိုင် ယေဘုယျ နားလည် နိုင်အောင် တီထွင်နိုင်ခဲ့သည်။
ထို့ကြောင့်ပင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ထိုယူနီကုဒ်စနစ်ကို အသုံးပြုမည်ဆိုလျှင် နိုင်ငံတကာစနစ်အတွင်းပါဝင်ကာ အလွယ် တကူ နားလည်ရန်၊ အလုပ်လုပ်ရန် လွယ်ကူသွားစေတော့သည်။
မိသားစုချင်း၊ မိမိတို့မိတ်ဆွေအချင်းချင်း ဆက်သွယ်ကြသူများ အဖို့၊ နိုင်ငံတကာစနစ်နှင့် ပါဝင်ပတ်သက်ရန်မလိုသည့်အတွက် မိမိတို့ သုံးစွဲမြဲ ဇော်ဂျီဖြင့် သုံးစွဲလျှင်လည်း ရသည်သာဖြစ်ပါသည်။
သို့ရာတွင် ယူနီကုဒ်စနစ်မှာ နိုင်ငံတကာသုံးစနစ်ဖြစ်သည့်အတွက် မိမိတို့၏ မှတ်သားစရာအချက်များကို သိုမှီးရာတွင် လည်းကောင်း၊ ပြန်လည်ရှာဖွေဖော်ထုတ်ရာတွင် လည်းကောင်း အဆပေါင်းများစွာ လွယ်ကူထိရောက်မှုရှိခြင်းကမူ စနစ်ပြောင်းလဲရန်အတွက် အရေးပါ သော အားသာချက်တစ်ခုဖြစ်လေ၏။
ခေတ်စနစ်တစ်ခုခု အပြောင်းအလဲတွင် မလွယ်ကူသည်များ၊ အခက်အခဲရှိသည်များဆိုသည်က ကွန်ပျူတာစနစ်၊ တယ်လီဖုန်း ဆက်သွယ်ရေးစနစ်တွင်သာမက နေရာတကာတွင် ရှိသည်သာ ဖြစ်၏။ အချက်အလက်မှတ်သားရေး အထူးမလိုအပ်သူများအဖို့၊ သို့ တည်းမဟုတ် နိုင်ငံတကာနှင့် ဆက်ဆံစရာ မလိုအပ်သူများအဖို့၊ သို့မဟုတ် အစိုးရအဖွဲ့အစည်းများနှင့် တိုက်ရိုက်ဆက်ဆံ ဆက်သွယ် ကြရန် မလိုသူများအဖို့ ချက်ချင်းလက်ငင်း ပြောင်းလဲသုံးစွဲကြဖို့ လိုမည်မဟုတ်ပါ။
စနစ်အပြောင်းအလဲမှာ နိုင်ငံတကာနှင့် ဆက်ဆံရေး လွယ်ကူမှု၊ များပြားသော အချက်အလက်များကို စနစ်တကျသိုမှီး သိမ်းဆည်း ရာတွင် အဆင်ပြေထိရောက်မှုတို့ကို ရေရှည်အမြော်အမြင် အတွက် ပြင်ဆင်နိုင်ကြရန်မှာမူ တဖြည်းဖြည်းချင်း လေ့ကျင့်ကြိုးစား ပြင်ဆင်ကြရမည်သာ ဖြစ်လေသည်။
အပြောင်းအလဲတစ်ခု စတင်နိုင်ရေး အစီအစဉ်တစ်ခုခု စတင် သည်ဆိုလျှင် စိုးရွံ့မှုတို့က ရှိကြသည်မှာ သဘာ၀သာ ဖြစ်ချေ၏။ စနစ်အခြေတည်လာသည်နှင့်အမျှ ကိုယ်တိုင်ပြောင်းလဲလာရသည် တို့က ရှိမြဲသာလျှင် ဖြစ်ချေ၏။
ကွန်ပျူတာများပေါ်ပေါက်စအချိန်က အီလက်ထရွန်နစ် စာပို့ စနစ်ကိုပင် ရှုပ်ထွေးလှသည်ဟုဆိုကာ ဝေးဝေးနေခဲ့ကြသူတို့လည်း ရှိပါသည်။ လက်ကိုင်ဖုန်းများအသုံးပြုမှု တွင်ကျယ်စကာလတုန်း က တစ်ဦးနှင့်တစ်ဦး စာသွားစာလာ ဆက်သွယ်သည်ကိုပင် ခက်ခဲလှ သည်ဟု ငြင်းဆန်ကာ စကားဖြင့်သာပြောဆိုရမှ အားရ၏ ဆိုသည် တို့လည်း ရှိခဲ့ဖူးသည်သာဖြစ်၏။ တယ်လီဖုန်းစာပို့စနစ်က ပိုမို ကောင်းမွန် လွယ်ကူမြန်ဆန်သည်ဟူသည့် အားသာချက်ကို နားလည်သဘောပေါက်လာကြသည့်အခါ ပြောင်းလဲလာကြသည် သာ ဖြစ်ချေ၏။
ယခုအခါတွင်လည်း ချက်ချင်းဆိုသလို နိုင်ငံတကာစံနှုန်းများ နှင့်အညီ လိုက်ပါရန်ကြိုးစားအားထုတ်သူတို့ကလည်း ရှိနေမည် ဖြစ်သလို မိမိတို့၏ အဆင်ပြေလွယ်ကူမှုပေါ်တည်၍ ပြောင်းလဲလို သူ၊ ဖြည်းဖြည်းချင်း ပြောင်းလဲလိုသူ၊ မပြောင်းလဲတော့ဟု ဆုံးဖြတ် ထားသူတို့လည်း ရှိမည်သာဖြစ်၏။ မဖြစ်မနေလုပ်ရမည်ဟူသော ဥပဒေဖြင့် ကန့်သတ်ထားခြင်းမရှိ။ သို့သော် ခေတ်နှင့်အမီလိုက်ပါ ရန်အတွက် နိုင်ငံတကာစံနှုန်းများနှင့် ညီညွတ်စွာ ချီတက်ရေး အတွက်ဆိုလျှင်မူ အပြောင်းအလဲများက လိုအပ်နေမည်သာ ဖြစ်ပေသည်။
ခေတ်ရေစီးကတော့ စီးဆင်းနေမည်သာ။ ။

No comments:

Post a Comment