Tuesday, October 22, 2019

ပြည်တွင်းစီးပွားရေးလုပ်ငန်းများရှင်သန်ရေး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ပေး


မြန်မာ့အလင်းအယ်ဒီတာအာဘော်



ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွား ရေးလုပ်ငန်းရှင်များ၏ အကြိမ် (၃၀)မြောက် ပုံမှန်တွေ့ဆုံပွဲကို အောက်တိုဘာ ၁၉ ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှစကာ လုပ်ငန်းရှင်များ၏ အခက်အခဲများကို တင်ပြနိုင်သည့် ပုံမှန်တွေ့ဆုံပွဲများကို ကျင်းပလျက်ရှိခြင်းက မြန်မာ့စီးပွားရေး၏ အဓိက မောင်းနှင်အားဖြစ်သည့် ပုဂ္ဂလိကကဏ္ဍ အားကောင်းမောင်းသန် ဖြစ်ထွန်းလာရေးကို အထောက်အကူပေးနေသည်။
ပြီးခဲ့သည့် (၂၉)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲအထိ စီးပွားရေး လုပ်ငန်းရှင်များ၏ အခက်အခဲအကြံပြုတင်ပြချက်ပေါင်း ၃၅၈ ချက် ရှိရာ‌ “နယ်စပ်ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက် လာမှုကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများရပ်တည်ရန် ခက်ခဲလာနိုင်သဖြင့် တရားမဝင် ကုန်ပစ္စည်း များကို တားဆီးထိန်းချုပ်ပေးရန် ” ဟူသည့်အချက်ကိုလည်း တင်ပြ ခဲ့ကြောင်း သတင်းများတွင် ဖတ်ရှုရသည်။ အဆိုပါတင်ပြချက်နှင့် စပ်လျဉ်း၍ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက တိုင်းဒေသ ကြီးနှင့် ပြည်နယ် ကိုးခုတွင် တရားမဝင်ကုန်ပစ္စည်းများ တားဆီး ထိန်းချုပ်နိုင်ရေးအတွက် အထူးအဖွဲ့များ ဖွဲ့စည်းပြီး ဖမ်းဆီးအရေးယူ ခဲ့ရာ ၂၀၁၈ ခုနှစ် စက်တင်ဘာလမှ ၂၀၁၉ ခုနှစ် စက်တင်ဘာလအထိ ဖမ်းဆီးမှု ၉၇၄ ကြိမ်၊ ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၄ ဒသမ ၆၁၄၅ ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း။ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင် ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အညွှန်းကိန်းများပေါ် အခြေခံပြီး လုပ်ငန်း ကော်မတီများ၊ ဆပ်ကော်မတီများ၊ အထူးလုပ်ငန်းအဖွဲ့များ ဖွဲ့စည်း ရေးနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး မဟာဗျူဟာရေးဆွဲ နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသွားခဲ့သည်။
စင်စစ် မိမိတို့နိုင်ငံတွင် တရားမဝင် ကုန်သွယ်မှုမှာ ထုနှင့်ထည်နှင့် ပမာဏကြီးကြီး နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့ခြင်းဖြစ်သည်။ ပုံမှန်တရားဝင်ကုန်သွယ်မှု မဟုတ်ဘဲ မှောင်ခိုကုန်သွယ်မှု၊ မှောင်ခို စီးပွားရေးကို တစ်ထမ်းတစ်ရွက်၊ တစ်နိုင်တစ်ပိုင်မှသည် အရင်းအနှီး များစွာဖြင့် နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ကူးသန်း ရောင်းဝယ်ခဲ့ကြရာ တိုင်းပြည်အတွက် အခွန်ဘဏ္ဍာများစွာဆုံးရှုံးခဲ့ သလို မှောင်ခိုလမ်းကြောင်းနှင့် ဆက်စပ်နေသည့် ဝန်ထမ်းများမှာလည်း လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ဝန်ထမ်းများဖြစ်ခဲ့ကြသည်။ ယမန်နှစ် စက်တင်ဘာလအတွင်းက နေပြည်တော်တွင်ကျင်းပခဲ့သည့် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဖိုရမ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌက “တရားမဝင်ကုန်သွယ်မှုဆိုင်ရာ စီးပွားရေး လုပ်ငန်းများကို အလွယ်တကူ အလွတ်သဘော အကဲဖြတ်ဆန်းစစ်၍ မရနိုင်ပါကြောင်း၊ အုပ်စုဖွဲ့ ပြစ်မှုကျူးလွန်သူများသည် တရားမဝင် ကုန်သွယ်မှုများအတွက် နှောင့်နှေးမှုမရှိဘဲ ငွေပေးနေကြသောကြောင့် အဂတိလိုက်စားမှု တိုးမြင့်လာပြီး တရားဥပဒေ သက်ရောက်မှုများကို အဟန့်အတားဖြစ်စေပါကြောင်း” ပြောကြားခဲ့ရာ တရားမဝင်ကုန်သွယ် မှုတွင် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုတို့ နက်နက်ရှိုင်းရှိုင်း ပတ်သက်မှုရှိနေတတ်သည်ကို သတိမူဖွယ်ရာပင် ဖြစ်သည်။
လက်နက်နှင့် မူးယစ်ဆေးဝါးမှလွဲ၍ ကျန်တရားမဝင်ကုန်စည်များ နယ်စပ်ဝင်ပေါက်များမှ ဝင်ရောက်လာသည်ကို ပုံမှန်ကူးသန်းရောင်း ဝယ် ကုန်သွယ်နေသကဲ့သို့ သဘောထား၍ မရနိုင်သည်ကို လေးလေး နက်နက် သဘောပေါက်ကြရန်လိုမည်ဖြစ်သည်။ တရားမဝင် ကုန်သွယ် မှုများကြောင့် တရားဝင်ကုန်သွယ်မှုများ ပျက်စီးနိုင်သည်။ နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံများ နာလန်မထူနိုင်ဘဲ လုံးပါးပါးပျက်စီးသွားနိုင်သည်။ အစစ်အဆေးမရှိ၊ အခွန်မဆောင်ဘဲ ‌ဈေးကွက်ထဲ ရောက်ရှိလာသောကုန်ပစ္စည်းများက စားသုံးသူ သုံးစွဲသူ အများပြည်သူတို့အတွက် ကျန်းမာရေးပြဿနာအပါအဝင် အခြား ထိခိုက်နစ်နာမှုများ ဖြစ်ပွားစေနိုင်သည်။ အခွန်ရှောင်တိမ်းမှုကြောင့် နိုင်ငံကိုထိခိုက်စေသလို လာဘ်ပေးလာဘ်ယူမှုများကြောင့် နိုင်ငံ့ ဝန်ထမ်းများကိုလည်း အကျင့်ပျက်စေသည်။ တရားမဝင်ကုန်သွယ်မှု သည် လက်နက်မှောင်ခိုမှုနှင့် မူးယစ်ဆေးဝါးမှောင်ခိုမှုတို့ကဲ့သို့ပင် အမြစ်ပြတ်သည်အထိ တိုက်ဖျက်အပ်သည်ပင်ဖြစ်သည်။
နယ်စပ်‌ဒေသများမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်လာ မှုကို တားဆီးထိန်းချုပ်ပေးရန် စီးပွားရေးလုပ်ငန်းရှင်များ၏ တင်ပြ ချက်က ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများရပ်တည်ရှင်သန်နိုင်ရေးအတွက် အချက်ပေးခေါင်းလောင်း သံသဖွယ်ပင်ဖြစ်ရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ဖွဲ့စည်းခဲ့ပြီး မဟာဗျူဟာရေးဆွဲဆောင်ရွက်မှုများ သွက်လက် ထက်မြက်သည်နှင့်အမျှ တရားမဝင်ကုန်သွယ်မှုများ ပပျောက်၍ ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးမှု အားကောင်းလာ မည်ဟု ယုံကြည်ပါကြောင်း။ ။

No comments:

Post a Comment