Saturday, October 5, 2019

နေ့စဉ်မှန်မှန်လမ်းလျှောက် ကျန်းမာရေးနှင့်အညီ စားသောက်

မြန်မာ့အလင်းအယ်ဒီတာအာဘော်


နှလုံးနှင့် နှလုံးသွေးကြောရောဂါအပါအဝင် မကူးစက်တတ်သော ရောဂါများဖြစ်ပွားမှု များပြားလာလျက်ရှိပြီး လူတိုင်းတွင် ဖြစ်နိုင်ခြေရှိသဖြင့် ရောဂါမဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ကုသမှုလုပ်ငန်းများသည် အရေးကြီးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကမ္ဘာ့နှလုံး ကျန်းမာရေးနေ့ အခမ်းအနားတွင် ပြောကြားသွားခဲ့ရာ နိုင်ငံသူ နိုင်ငံသားမှန်သမျှ အားလုံးသတိပြုဖွယ်ပင်ဖြစ်သည်။


မိခင်ဖြစ်သူ၏ ခန္ဓာကိုယ်အတွင်း သန္ဓေသားဘဝတွင် ဖွံ့ဖြိုး လာချိန်မှစ၍ လူသားဘဝတစ်လျှောက်လုံး သေဆုံးချိန်အထိ နှလုံးသည် မရပ်မနား လှုပ်ရှားနေရသည့် အစိတ်အပိုင်းဖြစ်သည့် အလျောက် ကျန်းမာနေ‌စေရန် အထူးအရေးကြီးသည်။ ပုံမှန် အားဖြင့် လက်သီးဆုပ်အရွယ်ရှိသည့် နှလုံးသည် တစ်မိနစ်လျှင် အကြိမ် ၆၀ မှ ၁၀၀ အကြား၊ တစ်နေ့လျှင် အကြိမ် ၁၀၀၀၀ ခန့် ခုန်ကာ ခန္ဓာကိုယ်အတွင်း သွေးလှည့်ပတ်သည့်စနစ်ကို ဆောင် ရွက်ပေးသည်။ နှလုံး၏ အဓိကတာဝန်ကို နှလုံးကြွက်သားများ က ထမ်းဆောင်ရာတွင် ညှစ်ထုတ်ခြင်း (Contraction) နှင့် လျှော့ချခြင်း(Relexation) တို့ ကောင်းစွာအလုပ်လုပ်မှ နှလုံး ကျန်းမာသည်ဟု ဆိုနိုင်သည်။ နှလုံးကြွက်သားများ ကျန်းမာ စေရန် အောက်ဆီဂျင်ပါသည့် သွေးများလိုအပ်ပြီး ၎င်းသွေးများ ပို့လွှတ်ပေးနေသည့် ဘယ်ညာကိုရိုနာရီသွေးကြောများ (Right and Left coronary arteries) တွင် အဆီများ စုပုံလာပါက နှလုံး သွေးကြောကျဉ်းပြီး နှလုံးသွေးလုံလောက်စွာ မရသည့်အခြေအနေ သို့ ရောက်ရသည်။


နှလုံးသွေးကြောကျဉ်းသည့် လက္ခဏာမှာ ရင်ဘတ်အောင့် ခြင်းပင် ဖြစ်သည်။ ဘယ်ဘက်ရင်ဘတ်တစ်ခုလုံးဆွဲညှစ်ထား သလို၊ ဖိထားသလို တင်းကျပ်စွာ ခံစားရသည်။ လှုပ်ရှားနေစဉ် ရင်ဘတ်အောင့်သည့်အတွက် နားလိုက်သည့်အခါ သက်သာလာ သည်။ စင်စစ်အားဖြင့် ယင်းလက္ခဏာသည် နှလုံးသွေးကြော ၇၀ ရာခိုင်နှုန်းအထက် ကျဉ်းလာမှ ပြသလာခြင်းဖြစ်သည့် အတွက် ပေါ့နေရန် မသင့်တော့ချိန်သို့ ရောက်လာပြီဖြစ်သည်။ အသက် ၅၅ နှစ်ကျော်လာသူများ၊ သွေးတိုးရောဂါရှိသူ၊ ဆီးချို သွေးချိုရောဂါရှိသူ၊ သွေးတွင်းအဆီဓာတ်များသူ၊ ကိုယ်အလေး ချိန်များသူ၊ ဝသူ၊ ဆေးလိပ်သောက်သူများ၊ အထိုင်များသူ၊ လှုပ် ရှားမှုနည်းသူများ၊ မိသားစုအတွင်း နှလုံးရောဂါရာဇဝင်ရှိသူများ၊ ကိုယ်ဝန်ဆိပ်တက်/သွေးပေါင်တက်သူ မိခင်များတို့သည် နှလုံး သွေးကြောကျဉ်းရောဂါအလားအလာရှိသူများဖြစ်သည်ဟု ကျန်းမာရေး ပညာရှင်များက အသိပေးထားသည်။


နှလုံးနှင့် နှလုံးသွေးကြောရောဂါ ကြိုတင်ကာကွယ်ရန် အဓိက အကျဆုံးအချက်များမှာ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသောက်ရန်နှင့် လေ့ကျင့်ခန်းကိုယ်လက်လှုပ်ရှား ပုံမှန်လုပ် ရန် ဖြစ်သည်ဟုလည်း လမ်းညွှန်ထားသည်။ ကွမ်းယာစား၊ ဆေးလိပ်သောက်သူများ ကွမ်း၊ ဆေးလိပ်ဖြတ်ရန်၊ အရက် အလွန် အကျွံမသောက်ရန်၊ ကိုယ်အလေးချိန်တက်မလာစေရန်အတွက် ဂရုပြုလျှော့ချရန်၊ သွားကျန်းမာရေး၊ ခံတွင်းသန့်ရှင်းရေးကို ဂရု စိုက်ရန်၊ စိတ်သောကတို့ လျှော့ချရန်၊ အိပ်ရေး၀၀အိပ်ရန် ၊ ဆရာ ဝန်နှင့် မှန်မှန်တွေ့ပြီး စစ်ဆေးမှုခံယူရန်၊ မိသားစု၏ ရောဂါရာဇဝင် ကို ရှာဖွေသိရှိအောင် လုပ်ထားရန်တို့ကိုလည်း ပညာရှင်တို့က အကြံပြုထားကြသည်။
နှလုံးရောဂါအတွက် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုဟုဆိုရာ တွင် ပြင်းထန်ခက်ခဲသော လေ့ကျင့်ခန်းမျိုးမဟုတ်ဘဲ တစ်ရက် လျှင် နာရီဝက်၊ နာရီဝက်တွင် ခြေလှမ်းတစ်သောင်းနှုန်းဖြင့် တစ်ပတ်လျှင် ငါးရက် လမ်းလျှောက်ပါဟု အကြံပြုထားသည် မှာလည်း မှတ်သားလုပ်ဆောင်ဖွယ်ပင် ဖြစ်သည်။ ပုံမှန်လမ်း လျှောက်ခြင်းက အခြားရောဂါအချို့အတွက်လည်း ရလဒ်ကောင်း များရှိသည်ဟု ဆိုထားသည်။ သွက်လက်တက်ကြွစွာ နေထိုင် ရန်၊ တီဗွီ၊ ဗီဒီယိုဂိမ်း၊ အင်တာနက်တို့ကို ကြာရှည်စွာထိုင်ခြင်း၊ ဆက်တိုက်သုံးစွဲခြင်းတို့ကို ရှောင်ကြဉ်ရန်တို့မှာလည်း ကိုယ် ကာယအတွက် အရေးပါသည်။ အစားအသောက်တွင် ကျန်းမာ ရေးနှင့် ညီစေရန် အချို၊ အငန်၊ အဆီတို့ကို လွန်ကဲစွာ စားခြင်း၊ အသင့်စား ထုပ်ပိုးထားသော အစာများ စားခြင်း၊ အမဲဆီ၊ ဝက်ဆီ စသည့် တိရစ္ဆာန်အဆီများ စားသုံးခြင်းတို့ကို ရှောင်ကြဉ်ပြီး အမျှင်ဓာတ်ပါသည့် ဟင်းသီးဟင်းရွက်သစ်သီးဝလံများ စားသုံး ကြရမည်ဖြစ်သည်။


နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါတို့သည် ကူးစက် ခံရပြီးဖြစ်လာသည့် ရောဂါများမဟုတ်ဘဲ မိမိတို့၏ လူမှုဘ၀ နေထိုင်မှုပုံစံများ ကြာရှည်လေးမြင့်လာချိန်တွင် ဖြစ်ပေါ်လာသည့် ရောဂါအစုအဝေးများထဲတွင် ပါဝင်သည်။ မြန်မာနိုင်ငံတွင် အဖြစ် များသည့် ရောဂါ၊ လူ ၁၀၀ လျှင် ၅၉ ဦးဖြစ်နေသည့် ရောဂါများ အနက် ပါဝင်နေသည့် ရောဂါဖြစ်သည့်အလျောက် မိမိတို့၏ နေထိုင်မှု ပုံစံများကို ကျန်းမာရေးနှင့် ညီညွတ်စွာပြုမူနေထိုင် ကြရန်နှင့် အသက်ကို ဉာဏ်ပညာဖြင့် စောင့်ရှောက်နိုင်ကြပါစေ ကြောင်း။ ။


No comments:

Post a Comment