Monday, October 21, 2019

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ အင်ဒိုနီးရှားသမ္မတနိုင်ငံအစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်




Image may contain: 4 people, indoor
ဂျကာတာ အောက်တိုဘာ ၂၀




အင်ဒိုနီးရှားသမ္မတနိုင်ငံ ဂျကာတာမြို့တွင် ရောက်ရှိနေသည့် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယနေ့ ညနေ ၃နာရီခွဲတွင် ဂျကာတာမြို့ရှိ ပြည်သူ့ အတိုင်ပင်ခံလွှတ်တော် ၌ ကျင်းပသည့် အင်ဒိုနီးရှားသမ္မတနိုင်ငံ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခံရသည့် သမ္မတ မစ္စတာ ဂျိုကိုဝီဒိုဒိုနှင့် ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် ဒုတိယသမ္မတ မစ္စတာမာရုဖ်အာမင်တို့က အင်ဒိုနီးရှားနိုင်ငံ ပြည်သူ့အတိုင်ပင်ခံ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ ရှေ့မှောက်၌ ကျမ်းသစ္စာကျိန်ဆိုကြသည်။
ထို့နောက် အင်ဒိုနီးရှားသမ္မတ နိုင်ငံသမ္မတ မစ္စတာဂျိုကိုဝီဒိုဒိုက မိန့်ခွန်း ပြောကြားသည်။
ယင်းနောက် အင်ဒိုနီးရှားသမ္မတနိုင်ငံ သမ္မတ မစ္စတာဂျိုကိုဝီဒိုဒိုနှင့် ဒုတိယသမ္မတ မစ္စတာမာရုဖ်အာမင်တို့အား ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲများ၊ အစိုးရ အဖွဲ့အကြီးအကဲများ၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံများမှ အစိုးရအဖွဲ့အကြီး အကဲများနှင့် တာဝန်ရှိသူများက တစ်ဦးချင်းအလှည့်ကျ နှုတ်ဆက်ကြရာ
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ကလည်း အင်ဒိုနီးရှားနိုင်ငံ သမ္မတ နှင့် ဒုတိယသမ္မတတို့အား ရင်းရင်း နှီးနှီးနှုတ်ဆက်ပြီး ဂုဏ်ယူဝမ်းမြောက် စကား ပြောကြားသည်။
တက်ရောက်
ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်း အနားသို့ ဘရူနိုင်း ဒါရူဆလမ်နိုင်ငံ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီဟာ ဆာနယ်လ် ဘိုလ်ကီးယားမူအစ်ဇာဒင် ဝါဒူလာ၊ စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လုံး၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ မဟာသီယာ မိုဟာမက်၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန်၊ ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ စကော့မောရစ်ဆင်၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံဒုတိယသမ္မတ Mr. Wang Qishan ၊ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံဒုတိယသမ္မတ Mrs. Dang Thi Ngoc Thinh ၊ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် Mr. WissanuKrea-ngam၊ အာဆီယံနှင့် မိတ်ဖက်နိုင်ငံ များမှ အစိုးရအဖွဲ့အကြီးအကဲများ၊ ကိုယ်စားလှယ်များ၊ အာဆီယံနိုင်ငံ များမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီး များ၊ အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံတကာသံတမန်များ၊ အင်ဒိုနီးရှား နိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ယဉ်ကျေးမှုပြခန်းများကြည့်ရှု
ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဂျကာတာမြို့ရှိ တမန်း မီနီယဉ်ကျေးမှုဥယျာဉ်သို့ ရောက်ရှိ ကြပြီး တမန်းမီနီယဉ်ကျေးမှု ဥယျာဉ်ဝင်းအတွင်းရှိ အင်ဒိုနီးရှား ယဉ်ကျေးမှုပြတိုက်အတွင်း ပြသ ထားသည့် အင်ဒိုနီးရှားတိုင်းရင်းသား များ၏ ရိုးရာယဉ်ကျေးမှုပြခန်းများ အား လိုက်လံကြည့်ရှုကာ ပြတိုက် ၏ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးပြီး ပြတိုက်တာဝန် ရှိသူနှင့် အမှတ်တရလက်ဆောင် ပစ္စည်း အပြန်အလှန် ပေးအပ် သည်။
ဆက်လက်၍ ဒုတိယသမ္မတ သည် စူမားတြား(အနောက်) ပြတိုက် သို့ ရောက်ရှိပြီး ပြတိုက်အတွင်း စူမားတြားပြည်နယ်၏ တိုင်းရင်းသား ရိုးရာအသုံးအဆောင်ပစ္စည်းများအား လိုက်လံကြည့်ရှုကာ တိုင်းရင်းသား၊ တိုင်းရင်းသူများ၏ ရိုးရာယဉ်ကျေးမှု အကများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် ဒုတိယသမ္မတ သည် အားချေးပြတိုက်သို့ ရောက်ရှိ ပြီး အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် အသုံးပြုခဲ့ သည့် Dakota Rl-001 Seulawah လေယာဉ်နှင့် ပြတိုက်အတွင်းပြသ ထားရှိမှုများကို လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်သည်။
ရိုးရာယဉ်ကျေးမှုဝတ်စုံများ ပြသ
တမန်းမီနီယဉ်ကျေးမှုဥယျာဉ်ကို ၁၉၇၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဥယျာဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံရှိ ပြည်နယ်ဒေသများ၏ ရိုးရာ ယဉ်ကျေးမှုပြခန်းများကို တည် ဆောက်ထားကာ ပြခန်းများတွင် သက်ဆိုင်ရာဒေသခံများ၏ လူနေမှု ဘဝများကို ထင်ဟပ်စေသည့်အသုံး အဆောင်ပစ္စည်းများ၊ လက်ထပ်ဝတ်စုံ များ၊ အဆို၊ အကသုံး တူရိယာများနှင့် ရိုးရာယဉ်ကျေးမှုဝတ်စုံများကို ပြသ ထားသည်။
ထို့နောက် ဒုတိယသမ္မတသည် အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးမင်းလွင်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့ တက်ရောက်သည်။
သတင်းစဉ်

No comments:

Post a Comment