Sunday, October 27, 2019

‌နီကိုတင်းအစွဲအလမ်း၏ နောက်ထပ်ပုံစံသစ်များ


ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်းတို့က စွဲမိလျှင် ဖြတ်ရခက်ကြသည်။ စွဲကြရသည့်အကြောင်းရင်းကလည်း ဆေးရွက် ကြီးတွင်ပါသည့် နီကိုတင်းဓာတ်၏ အာနိသင်ကြောင့် ဖြစ်သည်။ အချိန်တန်လျှင် မသောက်ရမနေနိုင်၊ မစားရ မနေနိုင်၊ မငုံရ မနေနိုင် ခြင်းတို့မှာ နီကိုတင်းကို စွဲလမ်းနေကြခြင်းဖြစ်သည်။ စွဲလမ်းစေသည့် နီကိုတင်းက လူကိုအန္တရာယ်ပေးသည်ကို အသိပေး၊ ပညာပေး နည်းလမ်းအမျိုးမျိုးတို့ကြောင့် သိကြရသည့်တိုင်အောင် အစွဲအလမ်း ကို မစွန့်လွှတ်နိုင်ကြ။


နီကိုတင်းက အာရုံကြောနှင့် ကြွက်သားဆဲလ်များကို ထိခိုက် စေသည်။ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်စေသည်။ ဆေးရွက်ကြီး မှ နီကိုတင်းကို ရယူကြရာတွင် အငွေ့ထွက်သောနည်းဖြစ်သည့် စီးကရက်၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ ပွတ်ချွန်း၊ ရေပြောင်း သောက်ရှူကြသည့်နည်းလမ်း၊ အငွေ့မထွက်သောနည်းဖြစ်သည့် ကွမ်းယာထဲတွင် နှပ်ဆေး၊ ဗမာဆေး၊ ဆေးပေါင်းထည့်စားသည့်နည်း နှင့် ဆေးငုံသည့်နည်းလမ်းများဖြင့် သုံးစွဲကြသည်။


ဆေးလိပ်သောက်ခြင်း၊ ဆေးပါသည့် ကွမ်းစားခြင်း၊ သူများ သောက်သည့် ဆေးလိပ်ငွေ့ကို ရှူရခြင်းတို့ကြောင့် ဖြစ်တတ်သည့် ရောဂါများမှာ ခံတွင်း၊ လည်ချောင်း၊ အဆုတ်ကင်ဆာများအပါအဝင် ကင်ဆာအမျိုးမျိုး၊ နှလုံးသွေးကြောကျဉ်း၊ သွေးကြောပိတ်၊ ရုတ်တရက် နှလုံးခုန်ရပ်ခြင်း၊ ဦးနှောက်သွေးကြောပိတ် လေဖြတ်ခြင်း၊ အဆုတ် ရောင် အဆုတ်ပွခြင်း၊ ပြင်းထန်သည့်သွေးတိုးရောဂါ၊ ‌ခြေပုပ်လက်ပုပ်၊ ပန်းသေပန်းညှိုးရောဂါတို့ဖြစ်စေပြီး ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်ဆောင်ပျက်ခြင်း၊ လမစေ့ ပေါင်မပြည့်သော ကလေးမွေးခြင်း၊ ကလေးတွင် အင်္ဂါမပြည့်စုံခြင်း၊ ကလေးအသေမွေးခြင်းတို့ ဖြစ်ပွား နိုင်သည်။


ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းတို့ လျော့နည်းပပျောက် ရေး၊ ယင်းအမူအကျင့်များနှင့် ဆက်စပ်သည့်ရောဂါများ ဖြစ်ပွားမှု လျှော့ချနိုင်ရေးတို့အတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ၂၀၀၆ ခုနှစ်က ပြဋ္ဌာန်းခဲ့ရာ ဆယ်စုနှစ်တစ်ခုပင် ကျော်လွန်လာခဲ့ပြီဖြစ်သည်။ ယင်းဥပဒေအရ ဆေးလိပ်ဘူးများတွင် ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်စေကြောင်း သတိပေးစာတန်း၊ အဆုတ်နှင့် ပါးစောင်တို့တွင် ကင်ဆာရောဂါ ဖြစ်ပွားပုံများကဲ့သို့သော ဖော်ပြချက် များ ပါရှိရသည်။ တစ်ကမ္ဘာလုံးတွင်ပါ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှု ကို ထိန်းချုပ်လျှော့ချရန် အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းလာကြသောအခါ လောဘသားကုမ္ပဏီကြီးများက လူကို စွဲလမ်းစေသည့် နီကိုတင်းကို အခြားနည်းလမ်းများဖြင့် လူငယ်လူရွယ်များအတွင်း သုံးစွဲမှုပျံ့နှံ့လာစေရန် ကြိုးပမ်းလာကြသည်။ သို့ရာတွင် စီးကရက်၊ ကွမ်းယာတို့လို ဈေးပေါပေါ နှင့် အောက်ခြေလူတန်းစားအထိ သုံးစွဲနိုင်သည့်ပုံစံမျိုးမဟုတ်တော့။ နီကိုတင်းကို အီလက်ထရွန်နစ်နည်းဖြင့် သုံးစွဲသည့်ပုံစံသို့ ပြောင်းသွားပြီး ခေတ်မီစတိုင်ကျသည့် ပုံစံအဖြစ် လူငယ်ထုအတွင်း ထိုးဖောက်ဝင် လာသည်။ နီကိုတင်းသာမက အခြားဓာတုပစ္စည်းများ၊ အနံ့အရသာများ ဖြင့် ထုတ်လုပ်ထားသည့် အီး-စီးကရက်အမျိုးမျိုးတို့ကို ကျပ်သောင်း ဂဏန်း၊ သိန်းဂဏန်းတန်ဖိုးများဖြင့် ဈေးကွက်ထဲတွင် ကျယ်ကျယ် ပြန့်ပြန့်ဝယ်ယူ၍ ရရှိနိုင်နေကြသည်။ တရုတ်၊ မလေးရှား၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်ကုမ္ပဏီထုတ် အီး-စီးကရက်တို့ကို ဈေးကြီးကြီးပေးဝယ် ကာ စတိုင်ထုတ်သုံးစွဲခြင်းဖြင့် ခေတ်မီသည်၊ အဆင့်အတန်းရှိသည်ဟု အတွေးအထင်မှားကြသူများတွင် မိန်းကလေးများ ရှေ့တန်းက ပါနေ ကြသည်။ Water pipe၊ Shisha စသည့်အငွေ့ရှူကိရိယာများကို သုံးစွဲခြင်းသည် စီးကရက်သောက်ခြင်းကဲ့သို့ အန္တရာယ်မရှိကြောင်း အယူအဆအမှားများနှင့်အတူ ရေပြောင်းနှင့် ရှီရှားတို့ကို သုံးစွဲမှု အလေ့အထ ဖြစ်ထွန်းလာနေသည်။


ဆေးလိပ်၊ စီးကရက်၊ ကွမ်းယာနှင့် နှပ်ဆေးတို့က ဈေးပေါခြင်းနှင့် နေရာတကာတွင် ရနိုင်ခြင်းတို့ကြောင့် သုံးစွဲမှုများပြားပြီး ပြည်သူ့ကျန်းမာ ရေးကို ထိခိုက်လာသည့်အခြေအနေတွင် ဥပဒေပြဋ္ဌာန်းခြင်းနှင့်အတူ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းထိန်းချုပ်ကာ လျှော့ချနိုင်ရေးအတွက် ကာလ ကြာရှည်ကြိုးပမ်းနေကြရသည်။ နောက်ထပ်အသစ်ပေါ်ပေါက်လာသည့် အီး-စီးကရက်နှင့် အီလက်ထရွန်နစ်သုံးအငွေ့ရှူကိရိယာများ၊ ရေပြောင်း ကဲ့သို့ သော အသုံးအဆောင်များသည်လည်း နီကိုတင်း၏ ပုံစံသစ်များ ပင် ဖြစ်သည်။ လူငယ်လူရွယ်များအတွင်း အသိပညာပေးရေး၊ တားဆီး ထိန်းချုပ်ကာကွယ်ရေးတို့ကို အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ဆောင်ရွက်ခြင်းဖြင့်သာ နောက်ထပ်ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပြဿနာ များကို ကိုင်တွယ်ဖြေရှင်းရာရောက်မည်ဖြစ်ပါကြောင်း။ ။


No comments:

Post a Comment