Saturday, October 26, 2019

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး သတင်းမီဒီယာများနှင့်တွေ့ဆုံ

Image may contain: one or more people, people standing and indoor


နေပြည်တော် အောက်တိုဘာ ၂၅


နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးသည် ယနေ့ညနေ ၅ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သတင်းစာ ရှင်းလင်းပွဲပြုလုပ်သည့်ခန်းမ၌ သတင်းမီဒီယာများနှင့် တွေ့ဆုံသည်။


တွေ့ဆုံပွဲတွင် ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မကြာသေးမီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဂျပန် ဧကရာဇ်၏ ထီးနန်းတက်ပွဲအခမ်းအနား တက်ရောက်ခဲ့ပါကြောင်း၊ ခရီးစဉ်တွင် မြန်မာနှင့်ဂျပန်နိုင်ငံ နှစ်နိုင်ငံအကြား ရှိရင်းစွဲရင်းနှီးချစ်ကြည်မှု၊ နှစ်နိုင်ငံ အကြီးအကဲများအကြား အစဉ်အလာအရ အပြန်အလှန်ထိတွေ့ဆက်ဆံမှု များကို မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် အဆိုပါခရီးစဉ်တွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် တက်ရောက်၍ ဂျပန်နိုင်ငံရှိ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရှင်းလင်းပြောကြားကာ ဖိတ်ခေါ်နိုင်ခဲ့ပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေဖြင့် လာမည့် အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ရန် ခရီးစဉ်သွားရောက်မည် ဖြစ်ပါကြောင်း။


ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ကြားကာလတွင်လည်း လက်မှတ်ထိုးထား သည့် အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ မပြတ်ပြုလုပ်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် နော်ဝေနှင့် ဆွစ်ဇာလန်နိုင်ငံခရီးစဉ်တွင်လည်း UPDJC အတွင်းရေးမှူးများနှင့် မိမိတို့ JICM တွင် ဆွေးနွေးဆုံးဖြတ်မည့် သဘောတူညီချက်များကို မူကြမ်း ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ယနေ့ အကြိုညှိနှိုင်းအစည်းအဝေးတွင်လည်း သဘော တူညီချက်များ ရရှိနိုင်ခဲ့ပါကြောင်း၊ လက်မှတ်မထိုးသည့်အဖွဲ့အစည်းများ၊ ခေါင်းဆောင်များနှင့်လည်း ယခုကြားကာလတွင်တွေ့ဆုံခဲ့ပါကြောင်း၊ တွေ့ဆုံ ပြီး အောက်တိုဘာလအတွင်းတွင် မြောက်ပိုင်း(၄)ဖွဲ့နှင့် နိုင်ငံတော်အစိုးရ၊ NRPC နှင့် တွေ့ဆုံရန် သဘောတူခဲ့ပါကြောင်း၊ ယင်းသို့ တွေ့ဆုံရန်ကာလနှင့် မည်သို့တွေ့ဆုံမည်ကို အလွတ်သဘောညှိနှိုင်းမှုများ ပြုလုပ်ထားပါကြောင်း ပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများ၏ ပြည်တွင်း၌ တရားခံပြေး သတ်မှတ်ထားသည့်ဦးရေနှင့် ဖမ်းဆီးရမိရေး ဆောင်ရွက်နေမှု အခြေအနေ၊ တရားခံပြေးများ၏ စီးပွားရေးလုပ်ငန်းများအား အရေးယူ ဆောင်ရွက်မည့် အခြေအနေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအနေများ၊ အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ် လာရောက် ရန် အစီအစဉ် ရှိ/မရှိ ၊ လုံခြုံရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားစာ ပေါက်ကြားမှုနှင့်စပ်လျဉ်း၍ အရေးယူဆောင်ရွက်ထားမှုအခြေ အနေ၊ မြန်မာတကောင်းသတ္တုစီမံကိန်းအခြေအနေ၊ NCA (၄)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များအားလုံး တက်ရောက်မှု ရှိ/မရှိ အခြေအနေ၊ တိုင်းရင်းသား ဒေသအချို့မှ ဒေသခံတိုင်းရင်းသားများ မှတ်ပုံတင်နှင့် အထောက်အထားမရှိ သော်လည်း အခွင့်အရေးအပြည့်အဝရရှိရေးနှင့်ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ဝါးစိမ်းတောင်သတ္တုစီမံကိန်း ဖျက်သိမ်းမှု အခြေအနေ၊ မကွေးတိုင်းဒေသကြီးတွင် ဖြစ်ပေါ်ခဲ့သည့် မြေနုကျွန်းကိစ္စ၊ ရခိုင်ပြည်နယ်တွင် လတ်တလောတိုက်ပွဲဖြစ်ပေါ်နေမှု အခြေအနေများ၊ နေပြည်တော်၌ တည်ဆောက်နေသည့် စက်မှုလက်မှုသိပ္ပံကိစ္စ၊ ရခိုင်ပြည်နယ်၌ တိုက်ပွဲများဖြစ်ပွားနေသည့် နေရာများသို့ သတင်းထောက်များအား သတင်း ရယူခွင့် ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိ အခြေအနေတို့အပြင် သတင်းမီဒီယာများ၏ အခြားသိလိုသည့် မေးခွန်းများနှင့်စပ်လျဉ်း၍လည်း ရှင်းလင်းဖြေကြား ခဲ့သည်။


သတင်းစဉ်

No comments:

Post a Comment