Sunday, October 20, 2019

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး




နေပြည်တော် အောက်တိုဘာ ၁၉




ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းက စစ်ကိုင်း-ရွှေဘို လမ်းအခြေအနေကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော အရှည် ၁၁ မိုင် ၂ ဖာလုံရှိ စိုင်နိုင်-ဟန်လင်းလမ်း၊ ကတ္တရာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
စိုင်နိုင်-ဟန်လင်း ကတ္တရာလမ်းသည် အရှည် ၁၁ မိုင် ၂ ဖာလုံရှိပြီး ဟန်လင်း ပျူမြို့ဟောင်းနှင့် မန္တလေး-စစ်ကိုင်း-ရွှေဘို-မြစ်ကြီးနား လမ်းမကြီးကို ချိတ်ဆက်ဖောက်လုပ်ထားပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရှေ့ပြေးစီမံကိန်း ဖြင့် ကတ္တရာလမ်းအဆင့် ဆောင်ရွက်ပြီးစီးသည့်အတွက် အဆိုပါလမ်းကို အသုံးပြုသည့် ကျေးရွာ ရှစ်ရွာ၊ အိမ်ခြေ ၁၉၆၀၊ လူဦးရေ ၁၇၂၇၁ ဦးတို့ကို အကျိုးပြုမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်သည်။ အနယ်နယ် အရပ်ရပ်မှခရီးသွားပြည်သူများလည်း အချိန်တိုအတွင်း ဟန်လင်း ပျူမြို့ဟောင်း ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း လာရောက်လေ့လာနိုင်မည်ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရွှေဘို-မြစ်ကြီးနား လမ်း(ရွှေဘိုခရိုင်အပိုင်း) ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေ ၊ ဘုတလင်-ရေဦး-ခင်ဦးလမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးပြီး မူးမြစ်ကူးတံတား(ရေဦး) တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့ ရောက်ရှိရာ စီမံကိန်းရှင်းလင်းဆောင်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၂)မှ တာဝန်ခံအင်ဂျင်နီယာ ဦးဇေယျာစိုးက မူးမြစ်ကူး တံတား(ရေဦး) ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးလျာထားရန်ပုံငွေဖြင့် လုပ်ငန်း ဆောင်ရွက်ထားရှိမှု၊ အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်မှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်သီဟက တံတားချဉ်းကပ်လမ်း ဆောင်ရွက်ထားရှိမှုနှင့် ရေဦး-ကလေးဝလမ်းအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရေး လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး၊ အရည်အသွေးစံချိန်စံညွှန်း ပြည့်မီရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးအလေးထား ဆောင်ရွက်ရန် မှာကြားပြီး တံတားတည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးသည်။
မူးမြစ်ကူးတံတား(ရေဦး)သည် စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ဘုတလင်-ရေဦး-ခင်ဦး လမ်းပေါ်တွင် တည်ရှိပြီး တံတားအမျိုးအစားမှာ အုတ်မြစ် သံကူကွန်ကရစ်ဘိုးပိုင်၊ ကိုယ်ထည်သံကူကွန်ကရစ်၊ အပေါ်ထည် ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မတို့ဖြင့် တည်ဆောက်ထားပြီး တံတား အရှည် ၂၁၂၅ ပေ ၊ တံတားအကျယ် ပေ ၃၀ တံတား၏ ခံနိုင်ဝန်မှာ AASHTO H.S-25 ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံရွာ-ဘုတလင်-ရေဦး-ခင်ဦးလမ်းအခြေအနေတို့ကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment