Sunday, October 20, 2019

သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး တည်ဆောက်နေမှု အခြေအနေများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြည့်ရှု




Image may contain: 4 people, people standing
နေပြည်တော် အောက်တိုဘာ ၁၉





ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ ၏ အရှေ့တောင်ဘက် ၁၅ မိုင်ခန့် အကွာ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်း တည်ထားကိုးကွယ်မည့် သတ္တ သတ္တာဟ မဟာဗောဓိစေတီတော် မြတ်ကြီး တည်ဆောက်နေမှုအား ယမန်နေ့နံနက်ပိုင်းက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များ သွားရောက်ဖူးမြော် ကြည်ညိုကြ သည်။
ရှေးဦးစွာ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဓမ္မကုန်းသာ တောရကျောင်း တိုက် ဦးစီးပဓာနနာယက (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု၍ ဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းသို့ ရောက်ရှိကြပြီး ဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်း တည်ထားကိုးကွယ် မည့် ဗုဒ္ဓရုပ်ပွားတော် ဆင်းတုတော် များ ထုဆစ်လျက်ရှိသည့် အခြေအနေ များနှင့် ရှုခင်းသာနေရာတို့အား ကြည့်ရှုကြသည်။
လှည့်လည်ကြည့်ရှု
ထို့နောက် သီလဓမ္မကုန်းသာ တောရကျောင်းတိုက် (ဝစီပိတ်)ဆရာတော်ကိုယ်တိုင်ဦးဆောင် ပဓာန ကမကထပြု၍ တည်ဆောက်ပူဇော် လျက်ရှိသည့် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီး တည်ဆောက်ပူဇော်နေမှု အခြေအနေ၊ လုမ္ဗနီဥယျာဉ်၌ ဘုရားအလောင်းတော် ဖွားမြင်တော်မူပုံ၊ ပဉ္စဝဂ္ဂီငါးဦးတို့အား ဓမ္မစကြာတရားဦး ဟောတော်မူပုံ နှင့် ကုသိနာရုံပြည်၊ အင်ကြင်းဥယျာဉ် အတွင်း ဘုရားရှင်ပရိနိဗ္ဗာန်စံတော် မူပုံစသည့် ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာနတို့ တည် ဆောက် ပူဇော်နေမှုများအား လှည့်လည်ကြည့်ရှုကြပြီး လိုအပ် သည်များ ညှိနှိုင်းဆွေးနွေး၍ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းရှိ ဥယျာဉ် စိုက်ခင်းအတွင်း သစ်ပင်ပန်းမန်များ စိုက်ပျိုးထားရှိမှုကို လေ့လာကြည့်ရှု ကြသည်။
ဖူးမြော်ကြည်ညို
ထို့နောက် အဘယရာဇမုနိ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော် ကြည်ညို၍ ပန်း၊ ရေချမ်း ကပ်လှူ ပူဇော်ကြသည်။ အဆိုပါ ဗုဒ္ဓဥယျာဉ် တော်အတွင်း အဘယရာဇမုနိ ရုပ်ပွား တော်မြတ်ကြီးအား ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အေးချမ်းသာယာမှု ရှိစေရန်၊ ထေရဝါဒဗုဒ္ဓဘာသာ တည်တံ့ခိုင်မြဲစေရန်နှင့် ပြည်တွင်း ပြည်ပ ဘုရားဖူးများ လာရောက်ခြင်း ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် တည်ထားကိုးကွယ်ထားခြင်း ဖြစ် ကြောင်း၊ သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်မြတ်ကြီးအား အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော် မြတ်ကြီး၏ ပုံစံအတိုင်း တည်ထား ကိုးကွယ်မည်ဖြစ်ပြီး ဉာဏ်တော် အမြင့် ၁၀၈ ပေရှိမည်ဖြစ်ကာ ဗုဒ္ဓမြတ်စွာဘုရား၏ ဖွား၊ ပွင့်၊ ဟော၊ စံ သံဝေဇနိယလေးဌာနတို့ကို ထပ်မံ တည်ထားကိုးကွယ်နိုင်ရေးအတွက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် အလှူရှင် များ၏ စုပေါင်းလှူဒါန်းမှုများဖြင့် တည်ဆောက်ပူဇော်လျက်ရှိကြောင်း သိရှိရသည်။
ဇီဝိတဒါနငါးလွှတ်
တပ်မတော် ကာကွယ်ရေးဦးစီး ချုပ်နှင့် အဖွဲ့ဝင်များသည် ယင်းနေ့ နံနက်ပိုင်းကလည်း သီလဓမ္မကုန်းသာ တောရကျောင်းတိုက် (ဝစီပိတ်) ဆရာတော်အမှူးပြု၍ ကျိုင်းတုံမြို့ ရှိ ကျိုင်းဖောင်းချောင်းအတွင်းသို့ ငါးမျက်ဆန်နီကောင်ရေ ၁၇၀ဝဝ နှင့် ကျိုင်းတုံမြို့ဈေးအတွင်း ရောင်းချမည့် ငါးမျိုးစုံအရှင် ၆၂ ပိဿာကျော်တို့ အား ဇီဝိတဒါန ငါးလွှတ်ခြင်းပြုလုပ် ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment