Saturday, October 19, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အခမ်းအနား တက်ရောက်

Image may contain: 1 person

နေပြည်တော် အောက်တိုဘာ ၁၈


“ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံးတည်ဆောက်စို့” ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၂ ၌ ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် ၍ မိန့်ခွန်းပြောကြားသည်။


အခမ်းအနားသို့ အမျိုးသားသဘာ၀ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာကူညီမှုဆိုင်ရာ
ညှိနှိုင်းရေးမှူး၊ ဌာနဆိုင်ရာ အကြီး အကဲများ၊ သံအမတ်ကြီးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ် ဘက် လူမှုရေးအသင်းအဖွဲ့များနှင့် ပုဂ္ဂလိကကဏ္ဍ ဘေးအန္တရာယ်စီမံခန့်ခွဲ မှုဆိုင်ရာ အဖွဲ့အစည်းများမှ ကိုယ်စား လှယ်များ တက်ရောက်ကြသည်။


ဦးစားပေးဆောင်ရွက်

အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က “ဒီကနေ့ အခမ်းအနားမှာ သဘာဝဘေးတွေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောပြချင်တာလေးတွေ ရှိပါတယ်။ ဘေးအန္တရာယ်ဖြစ်ပွားတဲ့ အချိန်တိုင်းမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ တာဝန်ရှိသူတွေအပေါ် အားမလို အားမရဖြစ်တတ်ကြတာ ကမ္ဘာ တစ်လွှားမှာ တွေ့ရတတ်ပါတယ်။ နိုင်ငံတော်အစိုးရက ဘေးသင့်ပြည်သူ တွေအတွက် စဉ်းစားပေးပြီး သူတို့ဘဝ တွေ အမြန်ဆုံးပြန်လည်ထူထောင် နိုင်ဖို့ ဒေသမှာရှိတဲ့ အစိုးရအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဦးစားပေးဆောင်ရွက်ပေးလျက်ရှိတယ်ဆိုတာကို ဒီကနေ့ အခမ်းအနားကနေ ပထမဆုံး အသိပေး ပြောကြားလိုပါတယ်။


ဒါ့အပြင် “ပြည်သူ့ဒုက္ခ၊ ကိုယ့်ဒုက္ခ” လို့ သဘောထားပြီး ပြည်သူတွေရဲ့ ထိခိုက်ခံစားရမှုတွေ လျော့နည်း သက်သာစေဖို့ အစိုးရပိုင်းက လိုအပ် တာတွေ ပံ့ပိုးပေးနိုင်အောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။
“ဆက်လက်ပြီး ဒီကနေ့ကျင်းပ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့နဲ့ စပ်လျဉ်းပြီး နောက်ခံအကြောင်းအရာ အချို့ကို ပြန်ပြောရမယ်ဆိုရင် ၂၀၀၉ ခုနှစ် မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် အမှတ်(၆၄/၂၀၀)အရ နှစ်စဉ် အောက်တိုဘာလ (၁၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (International Day for Disaster Risk Reduction - IDDRR) အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

အစားထိုးကျင်းပ

“ဒါကြောင့် အောက်တိုဘာလ ၁၃ ရက်နေ့ ရောက်တိုင်း သဘာဝ ဘေးနဲ့ သက်ဆိုင်တဲ့ အသိပညာပေး လုပ်ငန်းတွေကို ၂၀၁၀ ပြည့်နှစ်က စတင်ပြီး တစ်နိုင်ငံလုံးမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီနှစ် အောက်တို ဘာလ ၁၃ ရက်နေ့ဟာ ဗုဒ္ဓဘာသာဝင် တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ သီတင်း ကျွတ်လပြည့်နေ့နဲ့ တိုက်ဆိုင်နေတာ ကြောင့် ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ အစားထိုးကျင်းပ ပြုလုပ်တာ ဖြစ်ပါတယ်။


“အပြည်ပြည်ဆိုင်ရာ သဘာဝ ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အတွက် နှစ်အလိုက် ဆောင်ပုဒ်တွေကို သတ်မှတ်ပေး လျက်ရှိပါတယ်။ ဒီနှစ်အတွက် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံး တည်ဆောက်စို့” “Build to Last” ဆိုပြီး ဆောင်ပုဒ်သတ်မှတ်ထား ပါတယ်။ ဒီဆောင်ပုဒ်ကလည်း ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံ ဆန်ဒိုင်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးအတွက် ကမ္ဘာလုံး ဆိုင်ရာ ညီလာခံကနေ ဆင်းသက် လာတာဖြစ်ပါတယ်။


ဆန်ဒိုင်းမူဘောင်ရေးဆွဲ

“အဲဒီညီလာခံကနေ သဘာဝ ဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုတွေ ကို တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လျှော့ချကြဖို့ ဆန်ဒိုင်းမူဘောင်ကို ရေးဆွဲပြီး ပန်းတိုင်(၇)ရပ်ကို သတ်မှတ်ခဲ့ပါတယ်။ မူဘောင် အတည်ပြုပြီး နောက်တစ်နှစ် ၂၀၁၆ ခုနှစ်က စတင်ပြီး ပန်းတိုင်(၇) ရပ်ကို IDDRR ရဲ့ ဆောင်ပုဒ်အဖြစ် အစဉ် လိုက် သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်။


“ဒီနှစ်ဆောင်ပုဒ်ဖြစ်တဲ့ ပန်းတိုင် (၄)၊ Target(D)က သက္ကရာဇ် ၂၀၃၀ ရောက်တဲ့အခါ ဘေးအန္တရာယ်တွေ ကြောင့် အခြေခံအဆောက်အဦတွေနဲ့ ဝန်ဆောင်မှုတွေ ထိခိုက်ဆုံးရှုံးမှုကို အမြောက်အမြား လျှော့ချနိုင်ဖို့ဖြစ် ပါတယ်။ အဲဒီပန်းတိုင်တွေအတွက် မျှော်မှန်းချက် အချိန်ကာလတစ်ခု အဖြစ် ၂၀၃၀ ပြည့်နှစ်လို့ သတ်မှတ် ထားပေမယ့်လည်း ကျွန်မတို့အနေနဲ့ အမြန်ဆုံးနဲ့ အစောဆုံးဆောင်ရွက် နိုင်လေ၊ အကောင်းဆုံးဖြစ်လေပဲ ဖြစ်ပါတယ်။


“ဘာကြောင့်လဲဆိုရင် ကျွန်မတို့ နိုင်ငံမှာ သဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ရင် အထိနာခဲ့ဖူးတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေ မှာ ဖြစ်ပွားခဲ့တဲ့ နာဂစ်မုန်တိုင်းဘေး ကြောင့် လူ့အသက်အိုးအိမ် များစွာ ထိခိုက်ဆုံးရှုံးခဲ့ရတဲ့အပြင် ဘေးသင့် ဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူ တွေအနေနဲ့ နာဂစ်မုန်တိုင်းရဲ့ ခါးသီး တဲ့ အကျိုးဆက်တွေကို ယနေ့ အချိန် အထိ ခံစားနေကြရဆဲဖြစ်ပါတယ်။


“အာဆီယံဒေသတွင်းမှာ ၂၀၀၄ ခုနှစ် အင်ဒိုနီးရှားငလျင်နဲ့ ဆူနာမီ၊ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ နာဂစ်မုန်တိုင်း နဲ့ ၂၀၁၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ ဟိုင်ရန်း တိုက်ဖွန်းမုန်တိုင်းတို့ဟာ ကမ္ဘာ့အဆိုး ရွားဆုံး ဘေးအန္တရာယ်တွေ စာရင်း မှာ ပါဝင်ခဲ့ပါတယ်။ စီးပွားရေးအရ ဆုံးရှုံးမှုကို ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ အာဆီယံ နိုင်ငံတွေအနေနဲ့ သဘာဝဘေးတွေ ကြောင့် အမေရိကန်ဒေါ်လာ ၁၃၃ ဘီလီယံခန့် ထိခိုက်ဆုံးရှုံးခဲ့ပါတယ်။


စိန်ခေါ်မှုတစ်ရပ်

“ရာသီဥတုပြောင်းလဲမှုကြောင့် ဥတုနဲ့ဆက်စပ်တဲ့ သဘာဝဘေး တွေက ကြိုတင်ခန့်မှန်းဖို့ ပိုမိုခက်ခဲ လာပါတယ်။ သဘာဝဘေးအန္တရာယ် တွေ ဖြစ်ပွားတဲ့ အကြိမ်အရေအတွက် ပိုမိုများပြားလာသလို ပြင်းအားလည်း ပိုမြင့်မားလာတာ ဖြစ်ပါတယ်။ ဒီထက် ပိုဆိုးတာက သဘာဝဘေးအန္တရာယ် တွေဟာ နယ်စည်းမရှိတဲ့အတွက် တစ်နိုင်ငံမှာဖြစ်တဲ့ ဘေးအန္တရာယ်က တခြားအိမ်နီးချင်းနိုင်ငံတွေအတွက်ပါ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။
“ကမ္ဘာတစ်ဝန်းလုံး အတိုင်း အတာနဲ့ ကြည့်ရင်လည်း ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် တစ်နှစ်ထဲမှာ တစ်ကမ္ဘာ လုံး သဘာဝဘေးအန္တရာယ် စုစုပေါင်း ၃၉၄ ခု ဖြစ်ပွားခဲ့ပြီး အဲဒီဘေးတွေက အာရှဒေသမှာ အများဆုံးဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီဘေးတွေကြောင့် လူပေါင်း ၁၀၃၀၀ သေဆုံးခဲ့ပြီး စီးပွား ရေးဆုံးရှုံးမှုက အမေရိကန်ဒေါ်လာ ၆၆ ဘီလီယံလောက် ရှိခဲ့ပါတယ်။
“ဒါ့အပြင် ပြီးခဲ့တဲ့နှစ်မှာ ရာသီ ဥတုဆိုင်ရာ သဘာဝဘေးတွေကြောင့် လူပေါင်း ၁၇ ဒသမ ၂ သန်းခန့်ဟာ မိမိတို့ရဲ့ နေရပ်ဒေသကို စွန့်ခွာခဲ့ကြ ရပါတယ်။ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ နိုင်ငံ တွေမှာ သဘာဝဘေးတွေကြောင့် ထိခိုက်ဒဏ်ရာရမှုတွေ၊ နေအိမ်ဆုံးရှုံးမှု တွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ အရေးပေါ် အကူအညီလိုအပ်မှုတွေဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေထက် ၆ ဆခန့် ပိုပြီး များပြားပါတယ်။ သဘာဝဘေးတွေ ကြောင့် ဆင်းရဲနွမ်းပါးသူတွေရဲ့ ဘဝတွေဟာ နစ်နာဆုံးရှုံးမှု များစွာ နဲ့ နာလန်မထူနိုင်ဖြစ်နေရတာ ဖြစ်ပါတယ်။


ငလျင်နဲ့ဆူနာမီဘေး

“တစ်ဖက်မှာ ကြည့်ရင်လည်း ကျွန်မတို့အတွက် ဖွံ့ဖြိုးတိုးတက်မှုကို တည်ဆောက်ဖို့ အချိန်များစွာ ကြာမြင့်ပါတယ်။ အဲဒီလိုအချိန်ယူပြီး တည်ဆောက်ထားတဲ့ ဖွံ့ဖြိုးတိုးတက် မှုတွေဟာ မိနစ်ပိုင်း၊ နာရီပိုင်းအတွင်း မှာ ဘေးအန္တရာယ်တွေကြောင့် ပျက်စီးဆုံးရှုံးသွားနိုင်ပါတယ်။ လက်ရှိ အချိန်အထိ ငလျင်နဲ့ ဆူနာမီဘေး ဟာ ကမ္ဘာပေါ်မှာ အဖျက်စွမ်းအား အကြီးမားဆုံး ဘေးအန္တရာယ်များပဲ ဖြစ်ပါတယ်။ သဘာဝဘေးကြောင့် ကမ္ဘာပေါ်ရှိ လူသေဆုံးမှုမှာလည်း ငလျင်ကြောင့် သေဆုံးမှုက အများဆုံး ဖြစ်ပြီး မုန်တိုင်းဘေးနဲ့ ရေဘေး တို့ကြောင့် သေဆုံးမှုက ဒုတိယနဲ့ တတိယအများဆုံးဖြစ်ပါတယ်။


“မြန်မာနိုင်ငံမှာ လူဦးရေထူထပ် ပြီး မြို့ပြဖြစ်ထွန်းမှု မြန်ဆန်နေတဲ့ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ နေပြည်တော် စတဲ့ မြို့တွေဟာ ငလျင်ကြောပေါ်မှာ တည်ရှိပြီး အားလတ်ဇုန်နဲ့ အားပြင်း ဇုန်များအတွင်းမှာ ကျရောက်လျက် ရှိတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် လည်း ငလျင်ဘေးအတွက် အသိပညာ ပေးလုပ်ငန်းတွေ၊ ဇာတ်တိုက်လေ့ကျင့် မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးဖို့ လိုအပ်နေပါတယ်။


ဝန်ဆောင်မှုဆောင်ရွက်

“ထိုနည်းတူစွာ လူအများ နိစ္စဓူဝ သွားလာနေထိုင်ကြတဲ့ စာသင် ကျောင်းတွေ၊ ဆေးရုံတွေနဲ့ အခြေခံ အဆောက်အဦတွေကို ဘေးဒဏ် ကြံ့ကြံ့ခံနိုင်အောင် တည်ဆောက်ပေးဖို့ အရေးကြီးပါတယ်။ ဒီအဆောက် အဦတွေ ဘေးဒဏ်ခံနိုင်မယ်ဆိုရင် အဆောက်အဦ အတွင်းမှာရှိတဲ့ လူတွေရဲ့အသက်ကို ကယ်တင်နိုင်တဲ့ အပြင် ဘေးဖြစ်ပြီးချိန်မှာလည်း လုပ်ငန်းတွေ ဆက်လက်လည်ပတ်နိုင် တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတွေနဲ့ ဘေးသင့် ပြည်သူတွေကို ဝန်ဆောင်မှု တွေ ဆက်လက်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်။
“ဘေးဒဏ် ခံနိုင်ရည်ရှိတဲ့ ဆောက်လုပ်ရေးနည်း စနစ်တွေကို အများပိုင် အဆောက်အဦတွေမှာ သာမက ပုဂ္ဂလိကပိုင် အဆောက်အဦ တွေမှာလည်း အသုံးပြုတည်ဆောက် ကြဖို့ လိုအပ်ပါတယ်။ နှစ်စဉ်ရေကြီး တဲ့ ဒေသတွေမှာ ခြေတံရှည်အိမ် ဆောက်လုပ်တာ၊ နေအိမ်မှာ ထပ်ခိုးနဲ့ ထွက်ပေါက် ထည့်သွင်းတည်ဆောက် တာ၊ လေပြင်းတိုက်ခတ်နိုင်တဲ့ ဒေသ တွေမှာ နေအိမ်အမိုးကို ခိုင်ခံ့အောင် ခေါင်ချုပ်တွေ၊ ဝါးကပ်တွေ၊ ကြက်နင်း တွေနဲ့ ဖိအုပ်ထားတာ၊ အကာကို ခိုင်ခံ့တဲ့ဝါး၊ သင်ပေါင်းတိုင်တွေနဲ့ ကျားကန်ပြီး ဆောက်လုပ်တာ၊ အတွင်းမှာလည်း ထုပ်၊ လျောက်၊ ဒိုင်း၊ မြားတွေနဲ့ ခိုင်ခံ့အောင် ပြုလုပ် ထားတာ၊ အိမ်တိုင်တွေကို ကြံ့ခိုင် အောင် ဆောက်လုပ်ထားတွေကို အိမ်ထောင်စုအဆင့်က စတင်ပြီး ဆောင်ရွက်ကြဖို့ လိုပါတယ်။


“မကြာသေးမီကပဲ ငလျင်ဘေး အန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး စီမံချက်ကို အတည်ပြုထား ပြီးဖြစ်တဲ့အတွက် သက်ဆိုင်တဲ့ အဖွဲ့ အစည်းအားလုံးက ဒီစီမံချက်အတိုင်း လက်တွေ့မှာ အကောင်အထည်ဖော် နိုင်ဖို့လည်း အရေးကြီးပါတယ်။ ဘေးအန္တရာယ်တွေနဲ့ စပ်လျဉ်းတဲ့ ကြိုတင်သတိပေးချက်တွေကို သိလျှင် သိချင်း သက်ဆိုင်ရာဒေသမှာရှိတဲ့ အဖွဲ့အစည်းအားလုံးက စနစ်တကျနဲ့ အချိတ်အဆက်မိမိ တုံ့ပြန်ရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်ကြ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်ရေး အတွက် ရေးဆွဲထားတဲ့ စီမံချက်တွေ ကို ပြောင်းလဲနေတဲ့ ရာသီဥတုနဲ့အညီ ပြန်လည်သုံးသပ်ကြဖို့နဲ့ စံပြု လုပ်ငန်းစဉ် Standard Operating Procedures (SOPs) တွေကို အဆင့် တိုင်းမှာ ရေးဆွဲထားကြဖို့ မှာကြား လိုပါတယ်။


စွမ်းဆောင်ရည်တိုးမြှင့်

“ယနေ့ခေတ်မှာ ဒေသအလိုက် ဖြစ်ပွားတတ်တဲ့ ဘေးတွေ ပိုမိုများပြား လာတဲ့အတွက် ဘေးဖြစ်ပွားချိန် သက်ဆိုင်ရာဒေသမှာရှိတဲ့ မီးသတ် တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်၊ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအပါအဝင် အရပ်ဘက် လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပြည်သူ တွေရဲ့ ထိထိရောက်ရောက် ပူးပေါင်း ဆောင်ရွက်နိုင်မှုက အင်မတန် အရေးကြီးပါတယ်။ ဒီအဖွဲ့အစည်း တွေရဲ့ စွမ်းဆောင်ရည် တိုးမြှင့်ပေးနိုင် အောင်လည်း ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။


“ကျွန်မ အရင်ကပြောခဲ့သလိုပါပဲ။ သဘာဝဘေးတွေကို မဖြစ်ပါနဲ့လို့ တားဆီးလို့ မရပါဘူး။ ရာသီဥတု ပြောင်းလဲမှုကြောင့် သဘာဝဘေး ဖြစ်စဉ်တွေက ပုံမှန်လို ဖြစ်လာတဲ့ အတွက် ကျွန်မတို့ဘက်က ကြိုတင် ပြင်ဆင်မှုတွေကို အားစိုက်ထုတ် ဆောင်ရွက်ကြဖို့ လိုပါတယ်။ ပြောင်းလဲလာတဲ့ ရာသီဥတု၊ ဘေး ဖြစ်စဉ်တွေနဲ့ သဟဇာတဖြစ်တဲ့ နေထိုင်လုပ်ကိုင်မှု ပုံစံတွေကို ပြောင်းလဲဆောင်ရွက်ကြဖို့ လိုပါ တယ်။ သဘာဝဘေးတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို လေ့လာ လိုက်ရင် အိမ်ရာကဏ္ဍ၊ လမ်းပန်း ဆက်သွယ်ရေးကဏ္ဍနဲ့ စိုက်ပျိုး မွေးမြူရေးကဏ္ဍတွေမှာ ထိခိုက်ဆုံးရှုံး မှု အများဆုံးဖြစ်တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။


“ဒါဟာ ဘာကြောင့်လဲဆိုရင် ကျွန်မတို့ရဲ့ အဆောက်အဦတွေက ခိုင်ခံ့မှုအားနည်းလို့ ဖြစ်ရတယ်ဆိုတာ ကောက်ချက်ချနိုင်ပါတယ်။ ခိုင်ခံ့တဲ့ အခြေခံအဆောက်အဦတွေ ဖြစ်ဖို့ ရင်းနှီးမြှုပ်နှံရတာဟာ အလဟဿ မဖြစ်ဘူးဆိုတာကိုလည်း တာဝန်ရှိ သူများအားလုံးနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင် များကပါ သိမြင်သဘောပေါက်ကြဖို့ လိုအပ်ပါတယ်။ ဆောက်လုပ်မှုပုံစံ တွေမှာသာမက အဆောက်အဦ တည်ဆောက်ဖို့အတွက် မြို့ပြစီမံကိန်း တွေ ဖော်ထုတ်ရာမှာလည်း အနာဂတ် ဘေးအန္တရာယ် ကျရောက်နိုင်ခြေကို မျှော်တွေးပြီး ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။


ရေရှည်ကိုမျှော်တွေး

“တစ်ကြိမ်တစ်ခါမှ ဘေးမဖြစ် ခဲ့ဖူးလို့ နောင်လည်းမဖြစ်နိုင်ပါဘူး ဆိုပြီး ဒီကနေ့ အချိန်အခါမှာ ပြောလို့ မရတော့ပါဘူး။ မနှစ်ကနဲ့ ဒီနှစ် အတွင်း မွန်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုဘေးနဲ့ နောက်ဆက်တွဲ မြေပြိုမှုဘေး၊ တနင်္သာရီမှာဖြစ်တဲ့ ရေကြီးမှုဘေးတွေက ကျွန်မတို့ အတွက် အထင်ရှားဆုံး နမူနာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ အချိန်မှာ ဘေးအန္တရာယ် မကြုံတွေ့ရ သေးရင်လည်း ရေရှည်ကိုမျှော်တွေးပြီး ဘေးဖြစ်လာခဲ့ရင် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ကြိုတင်ပြင်ဆင် လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဥပမာအနေနဲ့ မြို့ပေါ်ဒေသတွေက စာသင်ကျောင်းတွေ၊ ဘောလုံးကွင်း တွေ၊ အပန်းဖြေအနားယူနိုင်တဲ့ ပန်းခြံတွေနဲ့ အားကစားရုံတွေက ဘေးဖြစ်ပွားချိန်မှာ အရေးပေါ် လူစုဝေးနိုင်မယ့် စုရပ်တွေ၊ ခိုလှုံစရာ နေရာတွေအဖြစ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကို မြို့ပြစီမံကိန်း ထဲမှာ ထည့်သွင်းဆောင်ရွက်ထား မှသာ တကယ်ဘေးဖြစ်ချိန်မှာ အရန် သင့် ရှိနေမှာ ဖြစ်ပါတယ်။
“နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ အသစ်တည်ဆောက် တဲ့ အဆောက်အဦတွေကို ဘေးဒဏ် ခံနိုင်ရည်ရှိအောင် တည်ဆောက်ကြဖို့ လိုအပ်သလို လက်ရှိအဆောက်အဦ တွေကိုလည်း ဘေးအန္တရာယ်ကနေ ထိခိုက်ဆုံးရှုံးမှု လျော့နည်းအောင် ကာကွယ်ကြဖို့ လိုအပ်ပါတယ်။ ကမ္ဘာ မှာ သဘာဝဘေးတွေနဲ့ လူဖန်တီးတဲ့ ဘေးတွေကြောင့် တန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ သဘာဝ အမွေအနှစ်တွေ ဆုံးရှုံးနေရတာဟာ အင်မတန်မှ ဝမ်းနည်းစရာကောင်း ပါတယ်။ နိုင်ငံနဲ့လူမျိုးရဲ့ ယဉ်ကျေးမှု အဆင့်အတန်းကို ဖော်ပြနိုင်တဲ့ အမွေအနှစ်တွေကို ဘေးအန္တရာယ် တွေကြောင့် မဆုံးရှုံးရအောင် လည်း သမိုင်းဝင်အဆောက်အဦတွေရဲ့ ကြံ့ခိုင်မှုကို အစဉ်တစိုက်ထိန်းသိမ်း ကြဖို့ လိုပါတယ်။


“အစောပိုင်းမှာ ကျွန်မပြောခဲ့ သလို ဖွံ့ဖြိုးမှုနှောင့်နှေးတဲ့ နိုင်ငံ တွေဟာ သဘာဝဘေးအန္တရာယ်ရဲ့ ဒဏ်ကို ပိုမိုခံစားကြရပါတယ်။ နိုင်ငံ တစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပြည်သူတွေရဲ့ ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့ပါးအောင် ဆောင်ရွက်ပေးနိုင်သလို တစ်ဖက်မှာ လည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တွေကြောင့် ဘေးအန္တရာယ်တွေကို ဖိတ်ခေါ်နေသလိုမျိုးလည်း ဖြစ်တတ် ပါတယ်။


“ကျွန်မတို့အနေနဲ့ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်ပြီး တည်ဆောက်ထားတဲ့ ရေကာတာ တွေ၊ ဆည်တွေ ကြံ့ခိုင်မှုမရှိရင် လည်း သဘာဝဘေး အန္တရာယ်တွေရဲ့ နောက်ဆက်တွဲအန္တရာယ် ဖြစ်လာနိုင် ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆောင်ရွက်တဲ့ စီမံကိန်းတွေ ကလည်း ဘေးဒဏ်ခံနိုင်ရည်ရှိဖို့ များစွာအရေးကြီးပါတယ်။


“ဒီကနေ့ကျင်းပတဲ့ အပြည်ပြည် ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ ဟာလည်း အခုလိုအရေးကြီးတဲ့ အကြောင်းအရာတွေကို ပြည်သူလူထု အပါအဝင် ဆက်စပ်ပတ်သက်သူ အားလုံးက သတိပြုမိစေဖို့ ရည်ရွယ် ပြီး ပြုလုပ်တာဖြစ်တဲ့အတွက် အလေးထား ဆောင်ရွက်ပေးကြဖို့ မှာကြားလိုပါတယ်။ သဘာဝဘေး အမျိုးမျိုးကြောင့် ထိခိုက်ဆုံးရှုံးမှု တွေ လျှော့ချနိုင်ဖို့ လူတစ်ဦးချင်း၊ အိမ်ထောင်စုတစ်ခုချင်း အဆင့်ကနေ နိုင်ငံတော်အဆင့်၊ ကမ္ဘာ့အဆင့်ထိ ကြိုတင်ပြင်ဆင်မှု၊ ကြိုတင်ကာကွယ်မှု တွေ တိုးမြှင့် ဆောင်ရွက်ကြဖို့ အရေး တကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။


“နိဂုံးချုပ်အနေနဲ့ ပြောချင်တာ ကတော့ ကျွန်မတို့ မြန်မာဘာသာ စကားမှာ ခိုင်ခံ့တယ်ဆိုတဲ့ စကားလုံး က ကောင်းမွန်တဲ့ ပြယုဂ်ပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ အခမ်းအနား ကနေ “ဘာပဲဆောက်ဆောက် ခိုင်အောင် ဆောက်ပေးကြပါ။ ဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချပေး နိုင်အောင်ဆိုတဲ့ အသိအမြင်လေး နဲ့ တည်ဆောက်ပေးကြပါ” လို့ တိုက်တွန်းချင်ပါတယ်။


“မကြာခင်က ဂျပန်နိုင်ငံမှာ ရင်ဆိုင်ခဲ့ရတဲ့ သဘာဝဘေးအန္တရာယ် ဟာ တစ်ကမ္ဘာလုံးအတွက် သင်ခန်းစာ ယူစရာလည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ ဟာဆိုရင် သဘာဝဘေးအန္တရာယ်တွေ ကို ရင်ဆိုင်တဲ့နေရာမှာ ထိပ်တန်း ကနေပြေးနေတဲ့ နိုင်ငံတစ်ခု ဖြစ် ပါတယ်။ ကျွန်မတို့ဟာ ဘယ်နေရာ မှာပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးမှာ ဘယ်လိုပဲဖြစ်ဖြစ် သဘာဝဘေး အန္တရာယ်တွေ ကျရောက်ပြီဆိုရင် ကရုဏာမေတ္တာနဲ့ တတ်နိုင်တဲ့ဘက် ကနေ ဝိုင်းဝန်းပြီး ကူညီပံ့ပိုးချင်တဲ့ စိတ်တွေမွေးကြပါလို့ ကျွန်မ ဒီနေရာ ကနေ မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ် ပါတယ်” ဟု ပြောကြားသည်။
ထို့နောက် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားသို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေး မှူးချုပ်ထံမှ ပေးပို့သည့် သဝဏ်လွှာ ကို ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ရုံး (UNOCHA)မှ ဌာနေကိုယ်စားလှယ် Ms. Marine Spaak က ဖတ်ကြား သည်။
ယင်းနောက် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေ လျှော့ချရေးနေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းကို ပြသသည်။
ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် သည်။


ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ခန်းမအပြင် ဘက်တွင် ခင်းကျင်းပြသထားသည့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိ ပညာပေးခြင်းနှင့် ကူညီကယ်ဆယ် ရေးဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ များ၊ သဘာ၀ဘေးစီမံခန့်ခွဲမှုဦးစီး ဌာနနှင့် မီးသတ်ဦးစီးဌာနတို့၏ ဘေးအန္တရာယ်တုံ့ပြန်ခြင်း လုပ်ငန်း များတွင် အသုံးပြုသည့် အသုံး အဆောင်ပစ္စည်းများ ပြခန်းတို့ကို လှည့်လည်ကြည့်ရှုသည်။


လှည့်လည်ကြည့်ရှု

ထို့နောက် အပြည်ပြည်ဆိုင်ရာ သဘာ၀ဘေးအန္တရာယ် ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်း အမှတ် စကားဝိုင်းဆွေးနွေးပွဲကို ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့မှ ဦးဆောင်၍ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းတို့မှ ကိုယ်စားလှယ်များနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) မှ Project Officer Mr . Hung Ling တို့က ဘေးဒဏ်ခံနိုင်ရည်ရှိသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ကလေးပျော် စာသင်ကျောင်းများနှင့် အဆောက်အဦများ ဖော်ဆောင်ရေး၊ ဘေးသင့်ဒေသများ အမြန်ပြန်လည် ထူထောင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။


သတင်းစဉ်

No comments:

Post a Comment