Wednesday, October 16, 2019

စားနပ်ရိက္ခာထုတ်လုပ်ရာတွင် ဖူလုံရေးသာမက ဘေးကင်းရေးအတွက်ပါ အလေးထားစေချင်


မြန်မာ့အလင်းအယ်ဒီတာအာဘော်



လွန်ခဲ့သည် နှစ်ပေါင်း ၂၀၀ စွန်းစွန်းက ကမ္ဘာ့လူဦးရေမှာ သန်း ၁၀၀၀ (တစ်ဘီလီယံ)သာ ရှိသည်။ နောက်ထပ် သန်း ၁၀၀၀ တိုးရန် နှစ်ပေါင်း ၁၂၀ ကျော်ကျော်ကြာသည်။ ကြားကာလမှာ ကမ္ဘာစစ်ကြီး တစ်ကြိမ်ဖြစ်ခဲ့သည်။ ယင်းမှ နောက်ထပ် သန်း ၁၀၀၀ ထပ်တိုးရန် ၃၃ နှစ်မျှသာကြာတော့သည်။ ကြားကာလမှာ ဒုတိယကမ္ဘာစစ်ကြီး ကြောင့် လူသန်းနှင့်ချီ၍ ပျက်စီးဆုံးရှုံးခဲ့သေးသည်။ ၁၉၆၀ ပြည့်လွန် နှစ်များမှစ၍ နောက်ထပ်သန်း ၁၀၀၀ စီထပ်ကာ ထပ်ကာတိုးအောင် ဆယ်စုနှစ် တစ်ခုကျော်ကျော်သာ ကြာတော့သည်။ လက်ရှိမှာတော့ ကမ္ဘာ့လူဦးရေမှာ သန်းပေါင်း ၇၇၀၀ ကျော်ခဲ့ပြီ။
ကမ္ဘာ့လူဦးရေမှာ လျင်မြန်စွာတိုး၍ တိုး၍နေသော်လည်း မတိုး သည်မှာ စိုက်မြေပျိုးမြေ၊ မွေးမြူမြေများဖြစ်သည်။ တစ်နည်းအားဖြင့် စားနပ်ရိက္ခာထုတ်လုပ်ရန်အတွက် မြေအကျယ်အဝန်းမှာ တိုးမလာ နိုင်။ တိုးလာသည့် လူဦးရေအတွက် မြေကို အခြားနည်းဖြင့် သုံးစရာတွေ ကလည်း များလာနေသည်။ သို့ဖြစ်သည့်အလျောက် စိုက်ပျိုးရေး၊ မွေးမြူရေးတို့တွင် သမားရိုးကျ စိုက်ပျိုးမွေးမြူမှုများမှ နည်းပညာ အသုံးပြုစိုက်ပျိုးမွေးမြူမှုများ ပြုလုပ်လာရသည်။ စိုက်မွေးထုတ်ကုန် များကို အဆများစွာ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းလာရသည်။
စိုက်ပျိုးထားသည့် သီးနှံများ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ ပိုးမွှားကျရောက်ခြင်းမှ ကာကွယ်ရန် ပိုးသတ်ဆေးများ၊ စိုက်ခင်းများ အတွင်း ပေါင်းမြက်များ ပေါက်ရောက်ရှင်သန်ခြင်းကို နှိမ်နင်းရန် ပေါင်းသတ်ဆေးများ၊ သစ်သီးသစ်ပင်များ ရှင်သန်ကြီးထွားစေရန် ဓာတ်မြေဩဇာများ၊ သစ်သီးဝလံများ အဆင်းအရောင်လှပရေးအတွက် ဓာတုဆေးဝါးအမျိုးမျိုး စသည်တို့ကို သုံးစွဲကြသည်။ မွေးမြူရေးဘက် တွင်လည်း အသားတိုးဟော်မုန်းဆေးများ၊ ရောဂါကာကွယ်ဆေးများ၊ အသင့်ဖော်စပ်ထားသည့် မွေးမြူရေးအစားအစာများကျွေးကာ အသား၊ နို့၊ ဥ များ စသည်တို့ကို ထုတ်လုပ်ကြသည်။ ဓာတုပစ္စည်းများနှင့် နည်းလမ်းအမျိုးမျိုး သုံးစွဲပတ်သက်ဆက်နွှယ် ထုတ်လုပ်ထားသည့် စိုက်ပျိုးမွေးမြူထုတ်ကုန်အစားအစာများက စားနပ်ရိက္ခာဖူလုံရေး အတွက် ရည်ရွယ်သော်လည်း ရေရှည်တွင် လူသားတို့၏ ကျန်းမာရေး၊ အသက်ရှင်ရပ်တည်ရေးတို့ကို တစ်နည်းတစ်ဖုံ ထိခိုက်စေသည်ကို လည်း တွေ့ရှိကြရသည်။
အသားတိုးဟော်မုန်းနှင့် ရောဂါကာကွယ်ဆေးများ ထိုးနှံထုတ်လုပ် ထားသည့် အသားနှင့် မွေးမြူရေးထွက် အစားအစာများကို တာရှည် စားသုံးသူများတွင် ပုံမှန်မဟုတ်သည့် ပဋိဇီဝ ခုခံတွန်းလှန်မှုများ မြင့်မား လာကာ အစားအစာကြောင့်ဖြစ်သည့် ရောဂါများကို ခံစားလာကြ ရသည်ဟုဆိုသည်။ ဟင်းသီးဟင်းရွက်၊ သီးနှံများတွင် သုံးစွဲသည့် ပိုးသတ်ဆေးဓာတ်ကြွင်းများ၊ ဆန်၊ ပဲအမျိုးမျိုးတို့ သိုလှောင်ရာတွင် သုံးစွဲသည့် ပိုးသတ်ဆေးများ၊ သားငါးများ သိုလှောင်သယ်ယူ ပို့ဆောင် ရာတွင် တရားမဝင်ဓာတုပစ္စည်းများ သုံးစွဲခြင်းများ စသည်တို့က နောက်ဆုံးတွင် စားသုံးသူများ၏ ကျန်းမာရေးကို အန္တရာယ်ပြုလာခြင်း ဖြစ်သည်။
ကမ္ဘာပေါ်တွင် စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများအတွက် နှစ်စဉ် ပိုးသတ်ဆေးတန်ချိန် ငါးသန်းကျော် နှစ်စဉ်ထုတ်လုပ်လျက်ရှိရာ ယင်းမှ ထွက်ပေါ်လာမည့် ဓာတ်ကြွင်းများ၏ အန္တရာယ်ကို ခန့်မှန်းကြည့်နိုင် မည်ဖြစ်သည်။ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး၏ စစ်တမ်းအရ ကမ္ဘာ့ လူဦးရေ ၂၅ သန်းခန့်မှာ ပိုးသတ်ဆေး အဆိပ်သင့်ခံနေကြရပြီး နှစ်စဉ် လူ ၂၀၀၀၀ ကျော်မှာ ပိုးသတ်ဆေးအဆိပ်သင့်မှုကြောင့် သေဆုံးနေ ကြရသည်ဟု ဆိုသည်။ မိမိတို့နိုင်ငံတွင်လည်း ပိုးသတ်ဆေးကြောင့် လူသေဆုံးရမှုများကို မကြာခဏဆိုသလို တွေ့မြင်နေကြရပြီး နှစ်စဉ် လူရာနှင့် ချီ၍ သေဆုံးကြရသည်ဟူ၍ မီဒီယာများက ဖော်ပြခဲ့ကြသည်။
စိုက်ပျိုးရေးလုပ်ငန်းသုံး ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ် ဆေးများ၊ ဓာတ်မြေဩဇာများမှာ အပင်များအတွက် လိုအပ်ချက်အရ သုံးစွဲကြရသော်လည်း တစ်ဖက်တွင် လူနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အတွက် စနစ်တကျ ဆင်ခြင်သုံးစွဲကြရသည်သာ ဖြစ်သည်။ တစ်ဖက်တွင်လည်း အစားအစာကြောင့် လူနှင့်ပတ်ဝန်းကျင် တို့ကို မထိခိုက်စေရေးအတွက် GAP ခေါ် စိုက်ပျိုးရေးဆိုင်ရာ အလေ့ အကျင့်ကောင်းများကို ကျင့်သုံးခြင်း၊ အော်ဂဲနစ်စိုက်ပျိုးရေး စနစ်တို့ ဖြင့် စိုက်ပျိုးခြင်းတို့ဆီသို့ ဦးလှည့်လာခဲ့ကြပြီဖြစ်သည်။ GAP စနစ် ဖြင့် စိုက်ပျိုးထုတ်လုပ်ထားသည့် စိုက်ပျိုးရေးထုတ်ကုန်များ၊ အော်ဂဲနစ် သီးနှံများ စသည်တို့မှာ ဈေးကောင်းရသည့် သီးသန့် ဈေးကွက်များ ဖြစ်ပေါ်လာသည့်အလျောက် ယင်းစနစ်များဖြင့် စိုက်ပျိုးထုတ်လုပ် နိုင်ရန်အတွက် ကြိုးပမ်းကြဖို့ လိုအပ်နေပြီ ဖြစ်သည်။
ရေရှည်တွင် ပြည်ပဈေးကွက်များတွင်သာမက ပြည်တွင်း၌ပါ ဓာတုကင်းလွတ်သည့် စိုက်ပျိုးမွေးမြူထုတ်ကုန်များကို ပိုမိုတောင်းဆို လာမည့် အခြေအနေများ ဖြစ်ပေါ်လာမည်မှာ သေချာသည့်အလျောက် စားနပ်ရိက္ခာထုတ်လုပ်ကြရာတွင် ဖူလုံရေးအတွက်သာမက ဘေးကင်း စိတ်ချရေးအတွက်ပါ အလေးထားကြရန် တိုက်တွန်းအပ်ပါ ကြောင်း။ ။

No comments:

Post a Comment