Wednesday, October 16, 2019

နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ၏ ကိုယ်ရေးအကျဉ်း




Image may contain: 1 person, closeup
နေပြည်တော် အောက်တိုဘာ ၁၆




နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီကို ၁၉-၆-၁၉၆၁ ရက်နေ့ တွင် နီပေါနိုင်ငံ၊ ဘော့ချ်ပါခရိုင်၊ မနီဘန်ယန်း (၂)၌ မွေးဖွားခဲ့သည်။ ၎င်းသည် အထက်တန်းပညာရေးကို ဘော့ချ်ပါခရိုင်၌ လည်းကောင်း၊ အဆင့်မြင့်ပညာကို မိုရန်း ခရိုင်၊ ဘီရပ်နာဂါ၌ လည်းကောင်း ဆည်းပူး ခဲ့သည်။
နီပေါသမ္မတသည် ၎င်းဖြတ်သန်းခဲ့သည့် နိုင်ငံရေး ခရီးတစ်လျှောက် အမျိုးသမီးအခွင့်အရေး၊ ဇာတ်နှင့် ချို့တဲ့သူများ၏ အခွင့်အရေးရရှိရေးအတွက် အထူး အလေးပေးဆောင်ရွက်ပေးခဲ့သည်။ နီပေါနိုင်ငံ၌ ကျား-မ ခွဲခြားဆက်ဆံမှု အဆုံးသတ်ရေးနှင့် အမျိုးသမီး အခွင့်အရေးရရှိရေးတို့အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူမ၏ စွမ်းဆောင်ချက် များကြောင့် နီပေါနိုင်ငံ၏ နိုင်ငံတော်အဆင့် အဖွဲ့အစည်း များ၌ အမျိုးသမီးများအနေဖြင့် (၃၃)ရာခိုင်နှုန်း ကိုယ်စားပြု ပါဝင်ခွင့်ပြုကြောင်း နီပေါနိုင်ငံ၏ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဋ္ဌာန်းခဲ့ရသည်။
နီပေါနိုင်ငံ သမ္မတသည် နီပေါအမျိုးသမီးအသင်း၊ ဥက္ကဋ္ဌအဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိလည်းကောင်း၊ နီပေါကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌအဖြစ် ၂၀၀၇ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ သက်တမ်း နှစ်ကြိမ်တိုင် လည်းကောင်း၊ နီပေါကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ အဖွဲ့ဝင်အဖြစ် ၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ လည်းကောင်း ဆောင်ရွက်ခဲ့သည်။
၎င်းသည် ၁၉၉၃ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ လည်းကောင်း၊ ၁၉၉၄ ခုနှစ် လွှတ်တော်သက်တမ်း တစ်ဝက် ရွေးကောက်ပွဲ၌လည်းကောင်း၊ ၁၉၉၉ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ လည်းကောင်း နီပေါနိုင်ငံ၊ လွှတ်တော်အမတ်အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ ရသည်။ သူမသည် နီပေါနိုင်ငံ၊ ပတ်ဝန်းကျင်နှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ၁၉၉၇ ခုနှစ်တွင် လည်းကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးအဖြစ် ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၂ ခုနှစ်အထိ လည်းကောင်း ခန့်အပ် ခြင်းခံခဲ့ရသည်။ ထို့ပြင် နီပေါနိုင်ငံ အမျိုးသားလွှတ်တော်တွင် လွှတ်တော်အမတ်အဖြစ် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပါဝင်ခဲ့သည်။ နီပေါနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတ အဖြစ် ၂၈-၁၀-၂၀၁၅ ရက်နေ့တွင် ရွေးချယ်ခြင်းခံခဲ့ရပြီး ၁၃-၃-၂၀၁၈ ရက်နေ့မှ စတင်၍ သမ္မတအဖြစ် ဒုတိယ အကြိမ် သက်တမ်းကို ထမ်းဆောင်လျက်ရှိသည်။
ခင်ပွန်းဖြစ်သူ မစ္စတာ မာဒန် ကူးမား ဘန်ဒါရီ (ကွယ်လွန်)သည် နီပေါနိုင်ငံ၏ ကွန်မြူနစ်လှုပ်ရှားမှုများ တွင် မာ့စ်ဝါဒီ တွေးခေါ်ပညာရှင်တစ်ဦးအဖြစ် ပါဝင် ဆောင်ရွက်ခဲ့ပြီး “ပြည်သူ့ပါတီစုံဒီမိုကရေစီ” ခေါ် မာ့စ်ဝါဒ ပုံစံသစ်တစ်ရပ်ကို ဦးဆောင်ဦးရွက်ပြုခဲ့သူဖြစ်သည်။ ၎င်းတို့တွင် သမီးနှစ်ဦး ထွန်းကားသည်။
သတင်းစဉ်

No comments:

Post a Comment