Friday, October 18, 2019

နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ

Image may contain: 2 people, people standing and indoor


နေပြည်တော် အောက်တိုဘာ ၁၇


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံသမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ နှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ M Gallery by Sofitel Hotel ၌ တွေ့ဆုံသည်။


ထိုသို့တွေ့ဆုံရာတွင် ဧည့်သည်တော်သမ္မတကြီးက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ယခုလိုထပ်မံတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် မြန်မာနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံက နွေးထွေးစွာကြိုဆိုဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နီပေါနိုင်ငံနှင့် မြန်မာ့တပ်မတော်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် မြန်မာ့တပ်မတော်သည် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်ကို တွေ့မြင်ရပါကြောင်း၊ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအပြင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ များတွင်လည်း တပ်မတော်နှစ်ရပ်အကြား ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင် မည် ဟု မျှော်လင့်ပါကြောင်း ဦးစွာပြောကြားသည်။


ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သမ္မတကြီးနှင့် ယခုကဲ့သို့ ထပ်မံတွေ့ဆုံခွင့်ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ ၂၀၁၇ ခုနှစ် မိမိ၏ နီပေါနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်နောက်ပိုင်း နှစ်နိုင်ငံခေါင်းဆောင်များ၏ ချစ်ကြည်ရေးခရီးစဉ်များ ဆက်တိုက်ဆောင်ရွက်လာနိုင်ခြင်းသည် နှစ်နိုင်ငံ ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်နိုင်သည့် ပြယုဂ်တစ်ခုပင် ဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနှင့် တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်ရေး အလားအလာကောင်းများ ကိုလည်း တွေ့မြင်နေရပါကြောင်း ပြန်လည်ပြောကြားသည်။


ဆက်လက်၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား လေ့ကျင့်ရေးဆိုင်ရာ သင်တန်းသားများ အပြန်အလှန်စေလွှတ်နိုင်ရေး၊ အားကစားနှင့် ဆေးဘက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရေး၊ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်စေလွှတ်နိုင်ရေး အခြေအနေများ၊ နှစ်နိုင်ငံအကြား ပြည်သူလူထုချင်း ရင်းနှီးဆက်ဆံမှုများမှတစ်ဆင့် စီးပွားရေးဆိုင်ရာ၊ ကူးသန်းရောင်းဝယ်ရေး ဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်မည့် အလားအလာ ကောင်းများ၊ မြန်မာ့တပ်မတော်နှင့် နီပေါတပ်မတော်တို့သည် မိမိတို့နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် ကို ကာကွယ်စောင့်ရှောက်လျက်ရှိကြပြီး နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ကြသော တပ်မတော်များအဖြစ် ရပ်တည်နိုင်ကြသည့် အခြေအနေများ၊ နီပေါနိုင်ငံတွင် အမျိုးသမီးများ၏ကဏ္ဍကို မြှင့်တင်ပေးလျက်ရှိသလို မြန်မာနိုင်ငံတွင်လည်း အမျိုးသမီးများ၏ကဏ္ဍ မြှင့်တင်လျက်ရှိပြီး ပြည်သူ့သားကောင်းတပ်မတော်သား အမျိုးသမီးအရာရှိ၊ စစ်သည်များ ပြုစုပျိုးထောင်ပေးနေသည့် အခြေအနေများ၊ တပ်မတော်သားများအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံရေးစနစ်ခိုင်မာစေရေး အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုများ တိုးတက် စေရန်နှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့်အခြေအနေများ၊ နီပေါနိုင်ငံ သမ္မတကြီးအနေဖြင့် နီပေါ တပ်မတော်ကို ဂုဏ်ယူအလေးထားသလို မြန်မာနိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အပါအဝင် တပ်မတော်သားများကို မိသားစုဆွေမျိုးမောင်နှမရင်းချာ ကဲ့သို့ပင် မေတ္တာထားရှိပြီး ယခုခရီးစဉ်သည် အောင်မြင်သည့် ခရီးစဉ်ဖြစ်သည့် အကြောင်းအရာများအား အပြန်အလှန် ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။


သတင်းစဉ်

No comments:

Post a Comment