Friday, October 18, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံ

Image may contain: one or more people, sky, outdoor and nature


နေပြည်တော် အောက်တိုဘာ ၁၇


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၆ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။


ညစာစားပွဲသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချိုတို့နှင့်အတူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့်ဇနီး ဒေါ်ခင်သက်ဌေး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် ဇနီး ဒေါက်တာရွှေလွှမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီတို့က နှုတ်ခွန်းဆက် စကားပြောကြားကြသည်။
မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အဆွေတော် သမ္မတကြီးနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား မြန်မာ နိုင်ငံမှ နွေးထွေးပျူငှာစွာ ကြိုဆိုနှုတ်ခွန်းဆက်သခွင့်ရ သည့်အတွက် မိမိအနေဖြင့် များစွာနှစ်ထောင်းအားရ ဖြစ်ရပါကြောင်း၊ ယခုခရီးစဉ်သည် အဆွေတော်၏ မြန်မာ နိုင်ငံသို့ လာရောက်သည့် ပထမဆုံးခရီးစဉ်ဖြစ်သည့် အတွက် ခရီးစဉ်အတွင်း အစစအရာရာ အဆင်ပြေချောမွေ့ စေရန်နှင့် သွားရောက်သင့်သည့်နေရာများသို့ သွားရောက် နိုင်ရေးကိုလည်း စီစဉ်ထားရှိပါကြောင်း၊ အဆွေတော်၏ မြန်မာနိုင်ငံခရီးစဉ်သည် မိမိတို့ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြင့်မားသည့်အဆင့်သို့ ရောက်ရှိစေမည်ဖြစ်သကဲ့သို့ မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြင့်လာနိုင်စေမည့် သမိုင်းဝင်ခရီးစဉ် တစ်ခုဖြစ် သည်ဟု ယုံကြည်ထားပါကြောင်း။
၂၀၁၈ ခုနှစ် ဩဂုတ်လက နီပေါနိုင်ငံသို့သွားရောက်ခဲ့သည့် မိမိ၏ ပထမဆုံး တရားဝင်ခရီးစဉ်အတွင်း အဆွေ တော်တို့၏ နွေးထွေးစွာကြိုဆိုခဲ့မှု၊ ဧည့်ဝတ်ကျေပွန်ခဲ့မှု များကို လှိုက်လှဲစွာကျေးဇူးတင်ရှိလျက် အမြဲအမှတ်တရ ရှိနေပါကြောင်း၊ ယင်းခရီးစဉ်တွင် ဗုဒ္ဓဘုရားရှင် ဖွားမြင် တော်မူရာ ဘာသာရေးအထွတ်အမြတ် နေရာဖြစ်သည့် လုမ္ဗိနီဥယျာဉ်သို့ သွားရောက်ဖူးမြော်ခဲ့ရခြင်းနှင့် နီပေါ ပြည်သူများ၏ ချစ်ခင်ရင်းနှီးမှုနှင့် နွေးထွေးပျူငှာမှုများ သည် မိမိ၏ခရီးစဉ်ကို အမြဲအမှတ်တရဖြစ်စေပါကြောင်း၊ သာယာလှပသည့် နီပေါနိုင်ငံသို့ မိမိ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ထူးကဲလှသည့် ဧည့်ဝတ်ကျေပွန်မှုများကို ယခု အဆွေတော်၏ မြန်မာနိုင်ငံခရီးစဉ်တွင် မိမိမှ တစ်ဖန် ပြန်လည်ဧည့်ဝတ်ပြုခွင့်ရရှိသည့်အတွက် အထူးပင်ဝမ်း မြောက်မိပါကြောင်း။
ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစွာနှောင်ဖွဲ့ထား
မိမိတို့နှစ်နိုင်ငံ၏ နီးကပ်သည့် သမိုင်းကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ ဆက်နွှယ်နီးစပ်မှုနှင့် အပြန်အလှန် နားလည်မှုတို့အပေါ် အခြေခံပြီး သံတမန်ဆက်ဆံရေး စတင်တည်ထောင်ပြီးချိန်မှစ၍ မြန်မာ-နီပေါ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေးကို ထိန်းသိမ်း ထားလျက်ရှိကြပါကြောင်း၊ မိမိတို့နှစ်နိုင်ငံအကြား တူညီမှု အများအပြားရှိရာ ယင်းတူညီမှုများသည် ကာလကြာရှည် စွာတည်တံ့နေပြီဖြစ်သည့် မိမိတို့ နှစ်နိုင်ငံနှင့် ပြည်သူ ပြည်သားများ၏ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲစွာနှောင်ဖွဲ့ ထားပါကြောင်း။


ပြီးခဲ့သည့် နှစ်ကာလများအတွင်း အဆင့်အသီးသီးမှ ကိုယ်စားလှယ်များ၏ အပြန်အလှန်ခရီးစဉ်များသည် မိမိ တို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံ ရေးကို ပိုမိုခိုင်မာစေပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ကို ပိုမိုနက်ရှိုင်းစေခဲ့သည်ကို ဝမ်းမြောက်ဖွယ်တွေ့မြင်ရပါ ကြောင်း၊ ယနေ့အစောပိုင်းတွင် အဆွေတော်သမ္မတကြီး နှင့် မိမိတို့တွေ့ဆုံခဲ့စဉ် မိမိတို့ နှစ်နိုင်ငံနှင့် ပြည်သူများ၏ အကျိုးစီးပွားကို အကောင်းဆုံးဖော်ဆောင်ပေးသွားနိုင် ရေးအတွက် ဆက်ဆံမှုတိုးတက်ခိုင်မာစေရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်နိုင် ခဲ့ပါကြောင်း၊ မိမိတို့ အတူတကွ ကြိုးပမ်းအားထုတ်မှုဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေး၊ ပို့ဆောင် ရေး၊ စက်မှုနှင့် ယဉ်ကျေးမှု စသည့်နယ်ပယ်များတွင် အပြည့်အဝပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု မိမိအနေ ဖြင့် အခိုင်အမာယုံကြည်ထားပါကြောင်း။
မိမိတို့ နှစ်နိုင်ငံအကြား ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံနည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဦးဆောင်ဦးရွက်ပြုမှု အစီအစဉ်-ဘင်းမ်စတက်၊ အာရှပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ACD)နှင့် ကုလသမဂ္ဂကဲ့သို့သော ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့ အစည်းများတွင် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက် ရှိသည်ကိုလည်း အားရကျေနပ်မိပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နီပေါ နိုင်ငံနှင့် ဆက်လက်ပြီး အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့ နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားအလို့ငှာ အပြန်အလှန် ဆက်လက်ထောက်ခံ ရပ်တည်ပေးသွားမည် ဖြစ်ကြောင်း ကိုလည်း ထပ်လောင်းအတည်ပြု ပြောကြားလိုပါကြောင်း။


လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးပံ့ပိုးပေး
အဆွေတော်သမ္မတကြီးနှင့် ကိုယ်စားလှယ်အဖွဲ့တို့ သည် မိမိတို့၏နီပေါနွယ်ဖွား အသိုက်အဝန်းနှင့် ပြင်ဦးလွင် မြို့တွင် တွေ့ဆုံပွဲရှိသည့်အတွက် မိမိအနေဖြင့် အလွန်ပင် ဝမ်းမြောက်မိပါကြောင်း၊ နီပေါနွယ်ဖွားများအနေဖြင့် ဒေသခံပြည်သူများနှင့် သဟဇာတရှိစွာ နေထိုင်လျက်ရှိ ကြပြီး မိမိတို့နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိကြောင်းကိုလည်း အသိအမှတ်ပြု ပြောကြားလိုပါ ကြောင်း။
အဆွေတော်အနေဖြင့် မကြာသေးမီက ကမ္ဘာ့အမွေ အနှစ်ဒေသအဖြစ် ယူနက်စကိုမှ အသိအမှတ်ပြုခံရသည့် ပုဂံဒေသသို့ သွားရောက်လေ့လာမည့်ခရီးစဉ်ကို ကြည်နူး နှစ်ခြိုက်လိမ့်မည်ဟုမျှော်လင့်ပါကြောင်း၊ အဆွေတော်နှင့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ပုဂံဒေသရှိ ရှေးဟောင်း စေတီပုထိုးများနှင့် ခမ်းနားသပ္ပာယ်လှသည့် ရွှေတိဂုံစေတီ တော်တို့ကို သွားရောက်ဖူးမြော်လေ့လာမည့် ခရီးစဉ်များမှ မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့အကြား ဗုဒ္ဓဘာသာဘုရားဖူး ဒေသများ အထူးသဖြင့် ပုဂံဒေသနှင့် နီပေါနိုင်ငံရှိ အလေး အမြတ်ထားရာ လုမ္ဗိနီတို့ကို ချိတ်ဆက်ရန် အတွေးအမြင် သစ်တစ်ခု ထွက်ပေါ်လာလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ ယင်းသို့ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည်ဆိုပါက မိမိတို့ နှစ်နိုင်ငံ ပြည်သူများ၏ တူညီသည့် အမွေအနှစ်နှင့် ယဉ် ကျေးမှုဆက်နွှယ်နီးကပ်မှုများကို ပိုမိုအားကောင်းလာနိုင် မည်ဖြစ်ပါကြောင်း။


ကြိုးပမ်းအားထုတ်မှုများအောင်မြင်မှုရရှိပါစေ
လာမည့် ၂၀၂၀ ပြည့်နှစ်တွင် မိမိတို့နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးထူထောင်မှုသည် နှစ်(၆၀) ပြည့် မြောက်တော့မည်ဖြစ်၍ အခမ်းအနားများကို နှစ်နိုင်ငံလုံး တွင် ကျင်းပပြုလုပ်သွားရန်လည်း မျှော်လင့်ထားပါ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်သည် “နီပေါနိုင်ငံ၏ ခရီးသွားနှစ်” လည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေနှင့် နီပေါနိုင်ငံ၏ ခရီးသွားနှစ်နှင့် “သာယာဝပြောတဲ့ နီပေါနိုင်ငံ၊ ပျော်ရွှင်မှု တွေခံစားရတဲ့ နီပေါပြည်သူများ”ဆိုသည့် နီပေါနိုင်ငံ၏ အမျိုးသားရေး ရည်မှန်းချက်တို့ကို အောင်အောင်မြင်မြင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နီပေါနိုင်ငံအစိုးရ ၏ ကြိုးပမ်းအားထုတ်မှုများ အောင်မြင်မှုရရှိပါစေကြောင်း ကိုလည်း ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြား သည်။
ဆုမွန်ကောင်းများဆောင်ကြဉ်းယူဆောင်လာ
နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီက အမှာစကား ပြောကြားရာ တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးဝင်းမြင့်၏ ချစ်ကြည်ရင်းနှီးစွာ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်ရသည့်အပေါ် ဝမ်းမြောက်ရပါကြောင်း၊ မိမိနှင့် ကိုယ်စားလှယ်အဖွဲ့ကို လှိုက်လှဲနွေးထွေးစွာကြိုဆိုမှုနှင့် ပျူငှာစွာဧည့်ဝတ်ကျေပွန် မှုများအတွက် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအစိုးရတို့အား အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း၊ ဗုဒ္ဓဖွားမြင်တော်မူရာနိုင်ငံမှ မေတ္တာတရား နှင့် ဆုမွန်ကောင်းများကို မိမိနှင့်အတူတကွ ဆောင်ကြဉ်း ယူဆောင်လာပါကြောင်း။
မကြာသေးမီကာလများအတွင်း မိမိတို့နှစ်နိုင်ငံအကြား အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန်သွားရောက်လည် ပတ်မှုများ ရှိခဲ့ပါကြောင်း၊ မိမိအနေဖြင့် ယခုအခါသမယ တွင် ၂၀၁၈ ခုနှစ်က နီပေါနိုင်ငံသို့ လာရောက်ခဲ့သည့် အဆွေတော်၏ခရီးစဉ်ကို ဝမ်းမြောက်စွာ ပြန်ပြောင်း အမှတ်ရမိပါကြောင်း၊ အဆိုပါခရီးစဉ်အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာရှိ အကျိုးတူကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အကျိုးရှိရှိ ဆွေးနွေးနိုင်ခဲ့ကြပါကြောင်း၊ နှစ်နိုင်ငံအကြား ယခုကဲ့သို့ အဆင့်မြင့်ခရီးစဉ်များ အပြန်အလှန် သွားရောက်လည် ပတ်မှုများသည် နှစ်နိုင်ငံနှင့် ပြည်သူများအကြား ဆက်ဆံ ရေးကို ပိုမိုနက်ရှိုင်းခိုင်မာလာစေရန် အထောက်အကူပြု ခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း ပိုမိုကျယ်ပြန့် လာစေခဲ့ပါကြောင်း။
ပြည်သူအချင်းချင်းဆက်ဆံမှုများခိုင်မာလာစေရန်
နီပေါနိုင်ငံနှင့် မြန်မာနိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှုတို့ကို အခြေခံပြီး အထူးကောင်း မွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းထားလျက်ရှိပါကြောင်း၊ မိမိတို့၏ဆက်ဆံရေးသည် နှစ်နိုင်ငံ တရားဝင်ဆက်ဆံ ရေးထက် သာလွန်သည့် ဆက်ဆံရေးမျိုးဖြစ်ပါကြောင်း၊ အလားတူ မိမိတို့၏ တူညီသည့်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း စဉ်လာနှင့် စံနှုန်းများကြောင့်လည်း ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ခိုင်မာလာစေရန်လည်း များစွာ အားဖြည့်ပေးလျက်ရှိပါကြောင်း။


သမိုင်းယဉ်ကျေးမှုအမွေအနှစ်များနှင့် ပြည့်စုံနေသည့် လုမ္ဗိနီသည် သိဒ္ဓတ္ထဂေါတမ မွေးဖွားသန့်စင်သည့် နေရာ တစ်နေရာဖြစ်ရုံသာမက ဗုဒ္ဓသာသနာတော်၏ မြစ်ဖျား ခံရာ အထွတ်အမြတ်ထားရာဒေသလည်း ဖြစ်ပါကြောင်း၊ နီပေါအစိုးရက လုမ္ဗိနီအား ကမ္ဘာ့ငြိမ်းချမ်းရေးဗဟိုဌာန အဖြစ် ဖွံ့ဖြိုးထွန်းကားလာစေရန်အတွက် ကြိုးပမ်းဆောင် ရွက်မှုများအပေါ် မြန်မာအစိုးရ၏ စိတ်ရင်းစေတနာ ကောင်းဖြင့် ထောက်ခံမှုများကို ဆက်လက်ရရှိမည်ဟု ယုံကြည်ပါကြောင်း။
အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့ကျင်းပရန် အဆိုပြုထား
ဗုဒ္ဓမြွက်ကြားခဲ့သည့် ထာဝစဉ်တည်တံ့သော တရား ဒေသနာတော်များသည် မိမိတို့ နှစ်နိုင်ငံ ပြည်သူများ၏ လူနေမှုဘဝပုံစံများကို ထိန်းကျောင်းပေးလျက်ရှိပါ ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးများဖြစ်သည့် အကြမ်း မဖက်ရေး၊ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာ၊ ကရုဏာ၊ စေတနာနှင့် အတူယှဉ်တွဲနေထိုင်မှုတို့သည် လူသားများ အတွက် မြတ်ဗုဒ္ဓကပေးအပ်ခဲ့သည့် သာသနာ့လက်ဆောင် မွန်များ ဖြစ်ကြပါကြောင်း၊ မြတ်ဗုဒ္ဓ၏ တရားဒေသနာ တော်များ ထွန်းကားပြန့်ပွားစေရန်နှင့် လူသားများ၏ ကောင်းကျိုးကို အထောက်အကူပြုစေရန်အတွက် နီပေါ အစိုးရအနေဖြင့် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာဗုဒ္ဓနေ့ ကို လုမ္ဗိနီ၌ ၂၀၂၁ ခုနှစ်တွင် စီစဉ်ကျင်းပသွားရန်အတွက် အဆိုပြုထားပါကြောင်း၊ မိမိအနေနှင့် နီပေါအစိုးရ၏ အဆိုပြုချက် အကောင်အထည်ပေါ်လာမည်ဟု ယုံကြည် ပါကြောင်း။
လုမ္ဗိနီဒေသ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မြန်မာနိုင်ငံသား ဦးသန့်၏ တန်ဖိုးမဖြတ်နိုင်သည့် ပါဝင်အထောက်အကူ ပြုခဲ့မှုများအတွက်လည်း များစွာကျေးဇူးတင်ရှိကြောင်း အခါအခွင့်ကြုံခိုက် ထည့်သွင်းပြောကြားလိုပါကြောင်း။


ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသလည်ပတ်မည်
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် မကြာသေးမီက ယူနက်စကိုမှ ဆုံးဖြတ်ခဲ့သည့်အတွက် အဆွေတော်အား မိမိအနေဖြင့် ချီးကျူးဂုဏ်ပြုလိုပါကြောင်း၊ မိမိအနေဖြင့် ပုဂံယဉ်ကျေး မှုအမွေအနှစ်ဒေသသို့ မနက်ဖြန်တွင် သွားရောက်လည် ပတ်မည်ဖြစ်သည့်အတွက်လည်း အလွန်ဝမ်းမြောက်မိ ပါကြောင်း။
နီပေါနှင့် မြန်မာတို့သည် တူညီသည့်ဖွံ့ဖြိုးတိုးတက် ရေး မျှော်မှန်းချက်များနှင့် စိန်ခေါ်မှုများကိုလည်း ရင်ဆိုင် ရလျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ အောင်မြင်ရေးအတွက် အကောင်းဆုံးအလေ့အထများကို နှစ်နိုင်ငံအကြား မျှဝေသွားကြမည်ဖြစ်ကြောင်း မိမိအနေ ဖြင့် ထပ်လောင်းအတည်ပြု ပြောကြားလိုပါကြောင်း၊ အထူးသဖြင့် မိမိတို့ ရရှိအောင်မြင်ပြီးသော သမိုင်းဝင် နိုင်ငံရေးတည်ငြိမ်နေမှုကို အကြောင်းပြုလျက် နီပေါနိုင်ငံ အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲမည့် လူမှု-စီးပွားရေး အသွင်ပြောင်းလဲမှုများကို ရည်မှန်းဖော်ဆောင်ကာ ရှေ့သို့ လျှောက်လှမ်းလျက်ရှိပါကြောင်း၊ တည်ငြိမ်မှုရှိသည့် နိုင်ငံ ရေးအခြေအနေနှင့် အစိုးရကြောင့် ရေရှည်တည်တံ့ခိုင်မြဲ သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများ ရရှိရန်လမ်းကြောင်း များ ပွင့်လင်းလာစေခဲ့ပါကြောင်း။


ရေရှည်တည်တံ့ ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှု
“သာယာဝပြောသောနီပေါနိုင်ငံ၊ ပျော်ရွှင်မှုများခံစား ရသော နီပေါနိုင်ငံသားများ” ဆိုသည့် အမျိုးသားရေး မျှော်မှန်းချက်ကို ပြည့်မီအောင် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိရာ အောင်မြင်မှုများ ရရှိလျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးနိုင်ငံအဆင့်မှ ဆောလျင်စွာ လွတ်မြောက်စေ ရန်၊ ၂၀၃၀ ပြည့်နှစ်တွင် အလယ်အလတ်အဆင့် ဝင်ငွေ ရှိသည့် နိုင်ငံအဖြစ် ရပ်တည်နိုင်ရန်နှင့် ရေရှည်တည်တံ့ ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များကို ပြည့် မြောက်စေရေးအတွက် အားသွန်ခွန်စိုက်ဆောင်ရွက်လျက် ရှိပါကြောင်း။
မိတ်ဆွေမြန်မာနိုင်ငံအနေဖြင့် ကဏ္ဍစုံတွင် သိသာ ထင်ရှားသည့် ရလဒ်ကောင်းများကို တွေ့မြင်ရသည့်အတွက် ကြောင့် အထူးဝမ်းမြောက်မိပါကြောင်း၊ မြန်မာအစိုးရ အနေဖြင့် မြန်မာပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးနှင့် မြန်မာနိုင်ငံအား သာယာဝပြောသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ရန် ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ် ပြုပြီး ဆက်လက်၍ အောင်မြင်မှုများ ရရှိရန်လည်း ဆုမွန် ကောင်းတောင်းအပ်ပါကြောင်း။
နှစ်နိုင်ငံလုံးအတွက် အောင်မြင်မှုများရရှိနိုင်
လာမည့်ကာလများတွင် မိမိတို့ပြည်သူများ၏ အကျိုး စီးပွားကို ရှေးရှုလျက် မြန်မာနိုင်ငံအစိုးရနှင့် ကဏ္ဍစုံတွင် နီးကပ်စွာ အတူတကွ လက်တွဲဆောင်ရွက်သွားကြရန် မျှော်လင့်ထားပါကြောင်း၊ မိမိအနေနှင့် ကုန်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ယဉ်ကျေးမှုဖလှယ်ရေး စသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်းမှ နှစ်နိုင်ငံလုံးအတွက် ထူးခြားသည့် အောင်မြင်မှုများကို ရရှိခံစားနိုင်မည်ဟု ယုံကြည်မိပါကြောင်း၊ အလားတူ ဒေသဆိုင်ရာမျက်နှာစာတွင် နှစ်နိုင်ငံအကြား ဘုံအကျိုးတူ နယ်ပယ်များ၌ ပိုမိုလေးနက်စွာ ဆက်သွယ်ပူးပေါင်းဆောင် ရွက်ရန်အတွက် ဘင်းမ်စတက်အဖွဲ့အစည်းသည် အရေး ကြီးသည့် ပူးပေါင်းဆောင်ရွက်ရာ လမ်းကြောင်းတစ်ခုဖြစ် ပါကြောင်း၊ မိမိတို့အနေဖြင့် ထိရောက်သည့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် ဒေသငြိမ်းချမ်းရေး၊
တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေး မျှော်မှန်းချက်များကို ဖော်ဆောင်ပေးသွားနိုင်မည်ဟု ယုံကြည်ထားပါကြောင်း။


အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍ ခေတ်မီတိုးတက်ရေးအတွက် မိမိတို့၏ ကြိုးပမ်းအားထုတ်မှုများတွင် ဂေဟ စနစ်မထိခိုက်စေရန် အရေးကြီးကြောင်းကို မိမိအနေဖြင့် အလေးထားပြောကြား လိုပါကြောင်း၊ နီပေါနှင့် မြန်မာနိုင်ငံတို့သည် တောတောင်ထူထပ်သည့်နိုင်ငံ များ ဖြစ်ကြပါကြောင်း၊ မိမိတို့ကဲ့သို့ နိုင်ငံများသည် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို အချိုးအစားမမျှတစွာ ခံစားနေကြရပါကြောင်း၊ ထို့ကြောင့် ရာသီပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုများကို လျှော့ချရေးအတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် လာမည့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ကတ္တမန္ဒူမြို့၌ ကျင်းပမည့် ရာသီပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲ (Sagarmatha Dialogue)သို့ မြန်မာနိုင်ငံမှ အဆင့်မြင့်ကိုယ်စား လှယ်အဖွဲ့ တက်ရောက်ရန် မျှော်လင့်ပါကြောင်း။
ပြည်သူများအချင်းချင်း ထိတွေ့ဆက်ဆံမှုမြှင့်တင်ရေးအတွက် မြန်မာ နိုင်ငံရောက် နီပေါနွယ်ဖွားများ၏ အထောက်အကူပြုမှုကိုလည်း အသိအမှတ် ပြုပါကြောင်း၊ မြန်မာနိုင်ငံရှိ နီပေါနွယ်ဖွားများအပေါ် အစဉ်တစိုက် ကူညီ စောင့်ရှောက်မှုများအတွက်လည်း မြန်မာအစိုးရကို ကျေးဇူးဥပကာရတင်ရှိ ပါကြောင်း၊ အဆွေတော်နိုင်ငံတော်သမ္မတအား ယခုခရီးစဉ်အတွင်း နွေးထွေး ပျူငှာသော ဧည့်ဝတ်ကျေပွန်မှုနှင့် ပြီးပြည့်စုံသောအစီအမံများကို စီစဉ် ဆောင်ရွက်ထားပေးသည့်အတွက် လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားလိုပါကြောင်း၊ နီပေါအစိုးရနှင့် ပြည်သူများမှ မြန်မာ အစိုးရနှင့် ပြည်သူများအတွက် ထာဝရငြိမ်းချမ်းရေး၊ သာယာဝပြောရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် ဆုမွန်ကောင်းပို့သအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး၊ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ ညစာကို အတူတကွ သုံးဆောင်ကြသည်။
ညစာစားပွဲအပြီးတွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့အား နိုင်ငံတော်သမ္မတအိမ်တော်ရှိ သဘင်ဆောင်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက ယဉ်ကျေးမှု ပဒေသာကပွဲဖြင့် ဧည့်ခံဖျော်ဖြေသည်။


ယဉ်ကျေးမှုပဒေသာကပွဲအပြီးတွင် နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတ နိုင်ငံ သမ္မတနှင့် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဖျော်ဖြေတင်ဆက်ကြ သည့် အနုပညာရှင်များအား အမှတ်တရပန်းခြင်းပေးအပ်ကြပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့က နီပေါဖက်ဒရယ်ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတထံ ခရီးစဉ်မှတ်တမ်းဓာတ်ပုံအယ်လ်ဘမ်ကို ပေးအပ် သည်။

သတင်းစဉ်


No comments:

Post a Comment