Wednesday, October 2, 2019

စနစ်သစ်ဆီသို့ အပြောင်းအလဲများ


မြန်မာ့အလင်းအယ်ဒီတာအာဘော်





ကွန်ပျူတာ စာစီစာရိုက်စနစ်တွင် မြန်မာစာလုံးရိုက်နိုင်ရန် တီထွင်ထားခဲ့ကြသည်မှာ ကြာချေပြီ။ ၁၉၉၀ ဝန်းကျင်တွင် အတော်ပင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြသည့် စီအီး မြန်မာစာလုံးများ၊ အကယ်ဒမီ၊ နောင်တွင် ဝင်း စာလုံးများ၊ နောက် လက်ကိုင်ဖုန်းများခေတ်တွင် ဇော်ဂျီ စာလုံးသည် အတွင်ကျယ်ဆုံးဖြစ်လာသည်ဟု ထင်၏။
သည်လိုထဲတွင် မြန်မာ ၁၊ မြန်မာ ၂၊ မြန်မာ ၃ အစရှိသည့် အမည်ဖြင့်စာလုံးပုံစံများ၊ မက်ထရစ် စာလုံးများနှင့် ပင်နီ၊ ခေတ် အစရှိသည့် အများအပြားသော စာလုံးပုံစံများ တွင်ကျယ်စွာ အသုံးပြုခဲ့ကြပါသည်။
ထိုစာလုံးပုံစံတီထွင်မှုများကြောင့် မြန်မာစာပေလောကတွင် ကြီးစွာသော အထောက်အပံ့ဖြစ်ခဲ့ပါသည်။ များစွာအသုံးဝင်သည့် အတွက် ကွန်ပျူတာသုံး၊ လက်ကိုင်ဖုန်း မြန်မာပြည်သူတို့အတွက် ကျေးဇူးတင်ရမည့် တီထွင်သူများပါပင်။ သို့သော်လည်း ထိုစဉ် ကာလများကတည်းက သုတေသနသမားများနှင့် ပညာရပ်ဆိုင်ရာ အသုံးချရေးသားသူများအတွက် အခက်အခဲဖြစ်ခဲ့ရသည့် ပြဿနာတစ်ခုမှာ အညွှန်းစာစုရေးသားရိုက်နှိပ်ရာတွင် အက္ခရာ စဉ် ၀လိ ဖန်တီးလုပ်ဆောင်၍မရခြင်းဖြစ်သည်။ ထို့ကြောင့် ဒေတာဘေ့စ်ခေါ် အချက်အလက်များ စုဆောင်းသိုမှီးရာ စာဘဏ်တိုက်ပြုရန် ခက်ခဲခဲ့ကြလေသည်။
ထို့ကြောင့်ပင် စာစီစာရိုက်ရာတွင် ပိုမိုစနစ်ကျကာ အချက် အလက်ဘဏ် တည်ဆောက်နိုင်မည့် စာပုံစံစနစ်ကို ပိုမိုကောင်း မွန်အောင် ကြံဆရင်း ယခု ယူနီကုဒ်စနစ်ဖြင့် စာလုံးပုံစံများ ပြည်ထောင်စု စသည့် ရင်းမြစ်ကျသည့် ကွန်ပျူတာစာစီစာလုံး စနစ် တီထွင်လာနိုင်ခဲ့သည်။
ယင်း ယူနီကုဒ်စနစ်ကို သုံးစွဲစာစီခြင်းဖြင့် အက္ခရာစဉ်၀လိ ပြုလုပ်ရန်လွယ်ကူခြင်း၊ အကြောင်းအရာများကို စုစည်းသိမ်း ဆည်းရန်၊ ပြန်လည်ရှာဖွေရန်လွယ်ကူခြင်း၊ အညွှန်းစာစု (Index) ပြုလုပ်ရန် လွန်စွာလွယ်ကူသွားခြင်း စသည့်အကျိုးများရစေသည် ဖြစ်သောကြောင့် ပညာရပ်ဆိုင်ရာ စာပြု ကျမ်းပြုသူများ၊ သုတေသနသမားများအတွက် ဝမ်းမြောက်စရာဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတကာစနစ်များနှင့် ဆက်စပ်တီထွင်ထားခြင်းဖြစ်သည့် အတွက် ယူနီကုဒ်စနစ်ကို နိုင်ငံတကာ ကွန်ပျူတာစနစ်များက နားလည်နိုင်လေသည်။ တော်ရုံ နိုင်ငံတကာ ဘာသာစကား မြန်မာပြန်များကို အလွယ်တကူ ရှာဖွေ အသုံးပြုနိုင်လာမည် ဖြစ်ပါသည်။
ထိုထိုသောအကြောင်းများနှင့်အတူ နိုင်ငံတကာစနစ်များဖြင့် ချိတ်ဆက်အသုံးပြုနိုင်ရန်၊ သန်းပေါင်းများစွာချီသော အချက် အလက်များကို အချက်အလက်ဘဏ်အဖြစ် ဖန်တီးကာ အလွယ် တကူ စုဆောင်းသိမ်းဆည်းနိုင်ရန်၊ အလွယ်တကူ ထုတ်ယူသုံးစွဲနိုင် ရန်တို့အတွက် အစိုးရရုံးများတွင် အားလုံးတူညီအသုံးပြုကြရန် မလွဲမသွေပြောင်းလဲကြရန် လိုအပ်နေပြီဖြစ်ပါသည်။ လူများ၊ အဖြစ်အပျက်များ၊ စာရင်းဇယားများ၊ ဥပဒေများ အားလုံးတို့သည် အချက်အလက်ဘဏ်စုဆောင်းသည့်စနစ်ဖြင့် နိုင်ငံတကာတွင် ဖန်တီးတည်ဆောက် လုပ်ဆောင်နေကြပြီးဖြစ်ရာ အများပြည်သူ ဆိုင်ရာ လုပ်ငန်းဆောင်တာများတွင် အလွန်လွယ်ကူချောမွေ့ လျက်ရှိသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း ထိုသို့သော စနစ်ကို ပြင်ဆင်ကျင့်သုံးပြောင်းလဲကြရန် လိုအပ်နေပြီဖြစ်သည်။
ထိုသို့သော လိုအပ်ချက်များနှင့်အညီ အစိုးရနှင့် သက်ဆိုင်ရာ ကိစ္စရပ်များအားလုံးကို ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က စတင်ကာ ယူနီကုဒ်စနစ်ဖြင့်သုံးစွဲရန် ကြေညာလိုက်ခြင်း ဖြစ်ပါသည်။
အများပြည်သူ တစ်ဦးချင်းအနေဖြင့်မူ အထက်တွင်ဆိုခဲ့သည့် အချက်အလက်များကို စနစ်တကျစုဆောင်းသိမ်းဆည်းရန် မလိုဘူးဆိုလျှင်၊ အစိုးရဌာနများနှင့် ဆက်ဆံစရာ အကြောင်း မဟုတ်လျှင် ယူနီကုဒ်စနစ်ကို သုံးစွဲမှဖြစ်မည်ဟု မရှိပါ။ မိမိတို့ အဆင်ပြေသည့် စာလုံးပုံစံစနစ်ဖြင့် ဆက်လက်အသုံးပြုနိုင် သည်ပဲဖြစ်သည်။ မိမိတို့တစ်ဦးချင်း၏သဘောနှင့် မိမိတို့ အဆင် ပြေရာကို အသုံးပြုခြင်းကို ကန့်ကွက်တားဆီးထားခြင်း မရှိပါ။
သို့သော်လည်း ရေရှည်အလုပ်လုပ်ရာတွင်မူ စနစ်တကျဖြစ် သည့် ယူနီကုဒ်စနစ်ကိုအသုံးပြုခြင်းက ပိုမိုလွယ်ကူချောမွေ့စေ မည်ဟု ယုံကြည်ပါသည်။
အပြောင်းအလဲများ၏ အစတွင် အခက်အခဲများက ရှိမြဲ ဆိုတာ သဘာ၀ဖြစ်ပါသည်။ အခက်အခဲများကြားကပဲ စနစ် ကျနမှုကို ကြိုစားပြောင်းလဲခြင်းက ရေရှည်အကျိုးဖြစ်ထွန်း မည်ဆိုသည်ကိုလည်း အလေးထားသင့်ပါကြောင်း။ ။

No comments:

Post a Comment