Tuesday, October 1, 2019

ကောင်းသောအရွေ့နှင့်ရာပြည့်တော့မည့် မြန်မာ့ရုပ်ရှင်

မြန်မာ့အလင်းအယ်ဒီတာအာဘော်


ကမ္ဘာ့ရုပ်ရှင်သမိုင်း၏ ကနဦးအစနှင့်ပတ်သက်၍ အငြင်းပွားဖွယ် များနှင့် ထွေပြားနေသော်လည်း ၁၈၉၅ ခုနှစ် နှစ်ကုန်ခါနီးအချိန် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ရုံတင်ပြသခဲ့သည့် လူးမီယဲညီနောင် တို့၏ ဇာတ်ကားတို ၁၀ ပိုင်းမှာ ကော်မာရှယ်အနေဖြင့် လက်မှတ် ရောင်းချပြသခဲ့သည့် ပထမဆုံးရုပ်ရှင်ကားအဖြစ် မှတ်တမ်းဝင် သည်။ ယင်းနှင့် မရှေးမနှောင်းမှာပင် တစ်ကမ္ဘာလုံး၌ ရုပ်ရှင် ကုမ္ပဏီအများအပြား ပေါ်ပေါက်ခဲ့ရာ မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံ ဖြစ်သည့် အိန္ဒိယနိုင်ငံ၏ ရုပ်ရှင်သမိုင်းမှာ ၁၈၉၇ ခုနှစ်မှ စတင် သည်။


၁၉၀၀ ပြည့်လွန်နှစ်များတွင် နိုင်ငံခြားရုပ်ရှင်ဇာတ်ကား များ မြန်မာနိုင်ငံသို့ဝင်လာပြီး ရုံတင်ပြသနေကြပြီ ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် လန်ဒန်အတ် ဦးအုန်းမောင်ရိုက်ကူးသည့် ဦးထွန်းရှိန် ဈာပနမှတ်တမ်းရုပ်ရှင်မှာ အမေရိကန်ရုပ်ရှင် ဇာတ်ကားတစ်ကားနှင့် ပူးတွဲပြသရာတွင် အောင်မြင်မှုရရှိ ခဲ့သည်မှစကာ ယင်းနှစ် အောက်တိုဘာ ၁၃ ရက်တွင် "မေတ္တာနှင့် သူရာ" ဇာတ်ကားကို ရွိုင်ယယ်စီနီမာဒီပဲရစ်ရုံတွင် ရုံတင်ပြသ ခြင်းဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းစတင်ခဲ့သလို လန်ဒန်အတ် ဦးအုန်းမောင်သည်လည်း မြန်မာ့ရုပ်ရှင်၏ ဖခင်ကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။


''မေတ္တာနှင့် သူရာ" သည် အသံတိတ်၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာစာတန်းထိုး ဇာတ်ကားဖြစ်ပြီး အရည်အသွေးမှာ လည်း လိုအပ်ချက်များစွာ ရှိခဲ့သည့်တိုင်အောင် ရုပ်ရှင် ဇာတ်လမ်း၏ ရည်ရွယ်ချက်က ကောင်းမွန် လေးနက်သည်။ အရက်သေစာနှင့် လောင်းကစားတို့ကို ရှောင်ရှားနိုင်စေရန် လူမှုပညာပေး ဦးတည်ချက်ဖြင့် ရိုက်ကူးတင်ဆက်ခဲ့ခြင်းဖြစ် သည့်အတွက် ထုတ်လုပ်သူနှင့် ဒါရိုက်တာတို့ကို မြန်မာ အမျိုးသားဟိုက်ကုတ်တရားသူကြီး ဆာဦးခင်က ရွှေတံဆိပ် ဆုများဖြင့် ဂုဏ်ပြုခဲ့သလို ရုပ်ရှင်ကြည့် ပရိသတ်များ၏ တစ်ခဲနက်အားပေးခြင်းကိုလည်းရရှိခဲ့ရာ မြန်မာ့ရုပ်ရှင်သမိုင်း၏ ကနဦးအစမှာ တာထွက်ကောင်းခဲ့သည်။ ရုပ်ရှင်ကို စီးပွားရှာ လိုသည့်အတွက် ရိုက်ကူးခဲ့ခြင်းမဟုတ်ဘဲ မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်အစွမ်းအစကို ပြသလိုသည့်အတွက် မဖြစ်ဖြစ်အောင် ခက်ခက်ခဲခဲကြိုးပမ်းရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ရုပ်ရှင် ဖခင်ကြီး လန်ဒန်အတ် ဦးအုန်းမောင်၏ ပြောစကားမှာလည်း နောက်မျိုးဆက်တို့အတွက် မှတ်သားဖွယ်ရာ ဖြစ်ခဲ့သည်။ "မေတ္တာနှင့် သူရာ"ကို ရုံတင်ခဲ့သည့် အောက်တိုဘာ ၁၃ ရက်ကို မြန်မာ့ရုပ်ရှင်နေ့အဖြစ် သတ်မှတ်ခဲ့ပြီဖြစ်ရာ လာမည့် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်သည် မြန်မာ့ရုပ်ရှင်သမိုင်း နှစ်တစ်ရာတင်းတင်း ပြည့်သည့်နှစ်ပင်ဖြစ်သည်။


ရုပ်ရှင်သည် လူ့အဖွဲ့အစည်းများအပေါ်တွင် ဩဇာ သက်ရောက်နိုင်စွမ်းရှိသည့် အင်အားကောင်းသော မီဒီယမ် ဖြစ်သည့်အလျောက် ပါဝါအပျော့ (Soft Power) တစ်ခုအဖြစ် အသိအမှတ်ပြုကြသည်။ ရုပ်ရှင်များမှတစ်ဆင့် အတွေးအခေါ် များ၊ ဓလေ့ထုံးတမ်းများ၊ ယဉ်ကျေးမှုများ အပြန်အလှန် ကူးသန်း နေကြရာ ရုပ်ရှင်ထုတ်လုပ်မှုများ အားကောင်းပြီး ကမ္ဘာ့ဈေးကွက် ကို ထိုးဖောက်နိုင်သည်နှင့်အမျှ ၎င်းရုပ်ရှင်ထုတ်လုပ်သည့် နိုင်ငံနှင့် လူမျိုးတို့၏ ယဉ်ကျေးမှုများ၊ အမှတ်တံဆိပ်များ၊ သတင်းစကားများသည်လည်း လက်ခံကြည့်ရှုကြသည့် ပရိသတ် ထံသို့ စိမ့်ဝင်ပျံ့နှံ့သွားရသည်။
မျက်မှောက်ကာလတွင် မြန်မာ့ရုပ်ရှင်သည် ရာပြည့် အကြိုကာလသို့ ချင်းနင်းရောက်ရှိနေပြီဖြစ်သလို အနာဂတ် အလားအလာကောင်းများကို မြင်တွေ့နေရသည့် အရွေ့တစ်ခု ကို စတင်နေပြီဟု ရှုမြင်မိသည်။


မြန်မာ့ရုပ်ရှင်ထုတ်လုပ်ရေး နယ်ပယ်တွင် ပြည်တွင်း ပြည်ပ ပူးပေါင်းလုပ်ကိုင်မှုများ၊ ပြည်ပဈေးကွက်ကို မျှော်မှန်းနိုင်သည့် အခြေအနေများ၊ ပြည်တွင်း၌ လည်း ရုပ်ရှင်ကြည့်ပရိသတ်တို့က ခေတ်နှင့်အညီ ပြန်လည် အားပေးလာမှုများ စသည်ဖြင့် တိုးတက်ပြောင်းလဲ လာမှုများကို တွေ့မြင်နေရသည်။ ရင်းနှီးမြှုပ်နှံမှု၊ အတတ်ပညာ၊ နည်းပညာများ ပိုမိုတိုးတက် ကောင်းမွန်လာသည်နှင့်အမျှ မြန်မာ့ရုပ်ရှင်သည် မြန်မာ့နည်း မြန်မာ့မူဟန်ဖြင့် နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်နိုင်မည်ဖြစ်ရာ မြန်မာ့ရုပ်ရှင် သမိုင်းအစမှ ရုပ်ရှင်ဖခင်ကြီးနှင့် ရုပ်ရှင်ဘိုးဘွားတို့၏ထုံးကို နှလုံးမူ၍ ရုပ်ရှင်မျိုးဆက်သစ်တို့က ကြိုးပမ်းအားထုတ်နိုင် ကြပါစေကြောင်း။ ။



No comments:

Post a Comment