Thursday, October 3, 2019

ကမ္ဘာ့အလယ်တင့်တယ်သည့် နိုင်ငံအဖြစ် အစဉ်အမြဲရပ်တည်နိုင်မည့် အင်အားများ

 
မြန်မာ့အလင်းအယ်ဒီတာအာဘော် 
 



ကမ္ဘာကြီးက အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသည်။ အတိတ် ကာလက အိပ်မောကျနေခဲ့ဖူးသည့် အာရှတိုက်ကြီးသည်ပင် မျက်မှောက်ကာလတွင် တိုးတက်ဖွံ့ဖြိုးမှုတို့၏ အချက်အချာ နေရာကို ပြန်လည်ရောက်ရှိလာနေသည်။ ၁၈ ရာစုနှင့် ၁၉ ရာစု အတွင်း ဥရောပနှင့် မြောက်အမေရိကတို့တွင် စတင်ခဲ့သည့် စက်မှုတော်လှန်ရေးကြီး၏ နောက်တွင် ကမ္ဘာတစ်ခွင် ပြောင်းလဲ မှုများမှာ တစ်စတစ်စ အရှိန်အဟုန်မြန်လာခဲ့ပြီး တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်ထွန်းကားလာသည့် သိပ္ပံနှင့် နည်းပညာ ဆိုင်ရာ တိုးတက်မှုများကို ဗားရှင်းမြင့်လာသည့် စက်မှုတော် လှန်ရေးများအဖြစ် တင်စားခဲ့ရာတွင် ယခုခေတ်သည် စတုတ္ထ စက်မှုတော်လှန်ရေးခေတ်ဖြစ်သည်။ စတုတ္ထစက်မှုတော်လှန် ရေးက မှတ်ဉာဏ်တု (artificial intelligence) နည်းပညာ၊ နာနိုနည်းပညာ၊ ရုပ်လုံးဖော်ပုံနှိပ်နည်းပညာ၊ ပဉ္စမမျိုးဆက် မိုဘိုင်း ကွန်ရက်နည်းပညာ၊ စက်ရုပ်နည်းပညာများအပါအဝင် အဆန်းတကြယ်နည်းပညာများက ရလဒ်များအဖြစ် ပေါ်ထွက် လာမည်ဖြစ်သည်။ ပထမ စက်မှုတော်လှန်ရေးနှင့် ဒုတိယစက်မှု တော်လှန်ရေးတို့တွင် နောက်ကျကျန်ခဲ့သည့် အာရှသည် တတိယစက်မှုတော်လှန်ရေးနှင့် စတုတ္ထစက်မှုတော်လှန်ရေး တို့တွင် နောက်ကျမကျန်တော့။ အေအိုင်ဟု အတိုကောက် ခေါ်ဝေါ်ကြသည့် မှတ်ဉာဏ်တုနည်းပညာတွင်မူ ရှေ့တန်းသို့ပင် ရောက်နေပြီဖြစ်သည်။
ကမ္ဘာလုံးချီပြောင်းလဲနေသည့် ခေတ်တွင် မိမိတို့နိုင်ငံ အနေဖြင့်မူ ပဋိပက္ခများ ပြေလည်ငြိမ်းချမ်းရေး၊ အထင်အမြင် လွဲမှား စိတ်ဝမ်းကွဲပြားမှုများကို သံသယဖယ်ရှားပြန်လည် ရင်ကြားစေ့နိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက လိုအပ်ချက်ဖြစ်သည့် အခြေခံအဆောက်အအုံများ တည်ဆောက် ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါး မှုလျှော့ချရေး စသည့်လုပ်ငန်းစဉ်များကို စိန်ခေါ်မှုများကြားမှ မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရွက်နေရသည်။ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အရင်းအမြစ်များတွင် အဓိကအကျဆုံးဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် ဝေးလံသည့် နယ်စပ်ဒေသ များပါမကျန်အောင် ဆောင်ရွက်ပေးလျက်ရှိသည်။ နယ်စပ်ဒေသ မှ တိုင်းရင်းသားများ အခြေခံပညာနှင့် အဆင့်မြင့်ပညာများကို အခမဲ့သင်ကြားနိုင်သည့် အစီအစဉ်များ ဆောင်ရွက်ပေးခြင်းဖြင့် အရည်အချင်းပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ တိုင်းရင်းသားလူငယ်များအတွင်း အခြေတည်ဖြစ်ပေါ်လာသည်။ နိုင်ငံတော်၏ရည်ရွယ်ချက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ် ရေးစိတ်ဓာတ် ထာဝစဉ်ရှင်သန်ထက်မြက်ရေး၊ ပြည်ထောင်စု စိတ်ဓာတ်ထွန်းကားပြန့်ပွားရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးဖြစ်ပြီး ယင်းအချက်များသည် ပြည်ထောင်စု နိုင်ငံဖြစ်သော မိမိတို့နိုင်ငံအဖို့ အသက်တမျှအရေးပါသော အချက်များဖြစ်သည်။
"ကမ္ဘာ့အလယ်မှာ တင့်တယ်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် အစဉ် အမြဲ ရပ်တည်နိုင်ဖို့ဆိုရင် သားတို့ သမီးတို့အပါအဝင် နိုင်ငံသူ နိုင်ငံသားအားလုံးက စိတ်ဓာတ်အင်အား၊ ညီညွတ်မှုအင်အား၊ ဉာဏ်ပညာအင်အားတွေနဲ့ အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် ကြဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သားတို့ သမီးတို့အနေနဲ့ မိမိတို့ တာဝန်ကျရာဒေသတွေမှာ ထူးချွန်ထက်မြက်တဲ့ အသိပညာရှင် တွေ၊ အတတ်ပညာရှင်တွေဖြစ်လာရအောင် ပညာသင်ကြား ပေးရေးတာဝန်တွေသာမက နိုင်ငံတော်တည်ဆောက်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာလည်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့ကိုလည်း အထူးမှာကြားလိုပါတယ်" ဟူ၍ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေး တက္ကသိုလ်ပညာရေးဘွဲ့ (၅)နှစ်သင်တန်း အမှတ်စဉ်(၃) ကျောင်းသား ကျောင်းသူများ ဩဝါဒခံယူပွဲ ဩဝါဒအမှာစကား တွင် ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတ၏ ဩဝါဒ အမှာစကားပါ အချက်များအားလုံးမှာ လုပ်ငန်းခွင်ဝင်ရောက် သွားကြရာတွင်လည်း အကောင်အထည်ဖော်ကြရမည့် လုပ်ငန်း လမ်းညွှန်များပင်ဖြစ်သည်။
ဖွံ့ဖြိုးရေးတက္ကသိုလ်ဆင်း ဆရာ၊ ဆရာမများ ဒေသအသီးသီး ၌ တာဝန်ထမ်းဆောင်ကြရာတွင် နိုင်ငံတော်က ပြုစုပျိုးထောင် ပေးထားသည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ အဖြစ် ဒေသ၏အကျိုး၊ ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူများ ၏ အကျိုး၊ ပြည်ထောင်စုကြီးတစ်ရပ်လုံး၏ အကျိုးစီးပွား တို့ကို ရှေးရှုကာ စွမ်းစွမ်းတမံ ကြိုးပမ်းထမ်းဆောင်နိုင်ကြ ပါစေကြောင်း ။ ။

No comments:

Post a Comment