Tuesday, October 29, 2019

ပြည်ထောင်စုဆိုတာ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သူအားလုံးရဲ့ ဦးနှောက်ထဲ၊ နှလုံးသားထဲကနေ နှစ်နှစ်ကာကာ ယုံယုံကြည်ကြည်တန်ဖိုးထားရတဲ့ စုစည်းမှုဖြစ်ဖို့ အရေးကြီး

 Image may contain: 1 person, flower and plant


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် အမှာစကား




ဒီကနေ့အခမ်းအနားကို တက်ရောက်ချီးမြှင့်ကြတဲ့ နိုင်ငံတော်သမ္မတ ကြီးနဲ့တကွ ဧည့်သည်တော်များ၊ အထူးသဖြင့် ကျွန်မတို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် ကူညီမစခဲ့သော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနဲ့ အဝေးကနေမှ တကူးတကလာရောက်ကြတဲ့ ကျွန်မတို့ရဲ့တိုင်းရင်းသားညီအစ်ကိုမောင်နှမ များအားလုံးကို ကြိုဆိုနှုတ်ခွန်းဆက်ပါတယ်။


NCA လေးနှစ်ပြည့်မြောက်
ဒီကနေ့အခမ်းအနားကတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လေးနှစ် မြောက် နှစ်ပတ်လည်အထိမ်းအမှတ်ပဲ ဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးခဲ့ ကြသူတွေအားလုံးအနေနဲ့ဒီလိုလေးနှစ်ပြည့်မြောက်တဲ့အချိန်အခါသမယမှာNCA အကောင်အထည်ဖော်မှုတွေ ပိုမိုခိုင်မာအားကောင်းအောင် ကြိုးပမ်း ဆောင်ရွက်နေကြတာတွေအတွက်လည်း ဝမ်းမြောက်မိကြောင်း ဦးစွာ ပြောကြားလိုပါတယ်။


ငြိမ်းချမ်းရေးသဘောတူညီချက်တွေဟာ စွန့်စားရလေ့ရှိတဲ့ နိုင်ငံရေးနဲ့ စစ်ရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေပဲဖြစ်ပါတယ်။ကျွန်မတို့ရဲ့နိုင်ငံ တည်ငြိမ် ရေးနဲ့ ကျွန်မတို့ရဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ်ငြိမ်းချမ်းသာယာ လှပရေးကို ရှေးရှုပြီး သတ္တိရှိတဲ့ နိုင်ငံရေးဆုံးဖြတ်ချက်တွေကို ရဲရဲရင့်ရင့် ချမှတ်ပြီး လက်မှတ်ရေးထိုးခဲ့ကြတဲ့ ခေါင်းဆောင်တွေအားလုံး၊ ယခင် သမ္မတ ကြီး ဦးသိန်းစိန်နဲ့ ယခင်အစိုးရတာဝန်ရှိသူတွေအားလုံး၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေအားလုံးကို ကျွန်မ အနေနဲ့ ဂုဏ်ပြုပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်တာကာလက စိတ်တူကိုယ်တူ ဆုံးဖြတ်ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဒီကနေ့၊ ဒီအချိန်မှာ ဆက်လက်ပြီး ခိုင်မာတဲ့ယုံကြည်ချက်နဲ့ လျှောက်လှမ်းနေကြတာတွေကို လည်း အသိအမှတ်ပြုပါကြောင်း ကျွန်မအနေနဲ့ အလေးအနက်ပြောကြား လိုပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ဟာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသက်သက်မဟုတ်ပါဘူး။
ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို
ဘယ်လိုအကောင်အထည်ဖော်သွားမယ်ဆိုတာကို တိတိကျကျ ဖော်ပြ ထားတဲ့ စာချုပ်တစ်စောင်ဖြစ်ရုံတင်မကပါဘူး။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို ဘယ်လမ်းကြောင်းအတိုင်း သွားမယ် ဆိုတာကို ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပဋိညာဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံရဲ့သမိုင်းကြောင်းတစ်လျှောက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ကြဖို့ အတိအလင်းဖော်ပြထားတဲ့ တစ်ခုတည်းသော စာချုပ် လည်းဖြစ်ပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသားတန်းတူရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အလွန်အရေးပါတဲ့ သဘောတူစာချုပ်ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်မတို့အကြားမှာ ဖြစ်ပေါ်လာခဲ့တဲ့ အခက်အခဲတွေဟာ NCA စာချုပ်ကြောင့် မဟုတ်ပါဘူး၊ NCA စာချုပ်ကို အကောင်အထည်ဖော်ရာမှာ အားနည်းချက်တွေ၊ လိုက်နာဖို့ လိုအပ်ချက်တွေ၊ နားလည်မှုကွဲပြားမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေပဲ ဖြစ်ပါတယ်။ NCA ကို ပါဝင်လက်မှတ်ရေးထိုးထားတဲ့ သက်ဆိုင်သူ ခေါင်းဆောင်တွေ အားလုံးအနေနဲ့ NCA ပါ သဘောတူညီချက်တွေကို အကောင်အထည်ဖော် ရာမှာ ကတိသစ္စာတည်ကြည်ကြဖို့ အင်မတန်မှ အရေးကြီးတယ်ဆိုတာကိုအားလုံးနားလည်ပြီးဖြစ်ပါလိမ့်မယ်။
လွန်ခဲ့တဲ့ လေးနှစ်က NCA လက်မှတ်ရေးထိုးပြီးကာလတစ်လျှောက်ကို ပြန်ပြောင်းလေ့လာကြည့်ရင် လက်ရှိ ၂၀၁၉ ခုနှစ်ဟာ တပ်မတော်နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံးနှစ်ဖြစ်တယ်ဆိုတာကို တွေ့ရ ပါလိမ့်မယ်။ ဒါကို ပြန်ပြီးသုံးသပ်ကြည့်တဲ့အခါ တပ်မတော်ရဲ့ တစ်ဖက်သတ် အပစ်ရပ်ကြေညာချက်ကြောင့်ဖြစ်သလို တစ်ဖက်မှာလည်း နိုင်ငံတော်အစိုးရ နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးအကြားမှာ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်နိုင်ခဲ့ခြင်းရဲ့ အကျိုးသက်ရောက်မှုဆိုတာကို ကျွန်မတို့ တွေ့ရှိရပါတယ်။ ဒါဟာ ကောင်းမွန် တဲ့ တိုးတက်မှုလို့ ဆိုရမှာပါ။


ကျွန်မတို့နိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခအတွင်းမှာ အများဆုံးဘေးဒုက္ခကြုံတွေ့ခံစားနေရသူ အများစုဟာ ကျွန်မတို့ရဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေဖြစ်တယ်ဆိုတာကို အထင်အရှား တွေ့မြင်ကြရပါလိမ့်မယ်။ လက်နက်ကိုင်ပဋိပက္ခကြောင့် နေအိမ်၊ စည်းစိမ်၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ဒေါ်လာဘီလီယံနဲ့ချီပြီး ပျက်စီးဆုံးရှုံးခဲ့ရပြီး တန်ဖိုးမဖြတ်နိုင်တဲ့ လူ့အသက်ပေါင်းမြောက်မြားစွာ ပေးဆပ်ခဲ့ရပါတယ်။ နေရပ်စွန့်ခွာပြီး စစ်ဘေးတိမ်းရှောင်ခဲ့ကြရတဲ့ တိုင်းရင်းသားလူငယ်လေးတွေဟာ ပညာရေးနဲ့ အလှမ်းဝေးပြီး ခေတ်နောက်ကျကျန်ရစ်ခဲ့ရပါတယ်။ အကြီးမားဆုံးသော ဆုံးရှုံးမှုကတော့ ပြည်ထောင်စုရဲ့အနာဂတ်ကို တိုက်ပွဲတွေက ခြိမ်းခြောက် သလိုဖြစ်ခြင်းပါပဲ။ ဒါ့ကြောင့် လူနည်းစုတိုင်းရင်းသားတွေရဲ့ ခံစားချက်တွေ၊ နာကျင်မှုတွေ၊ ဒဏ်ရာဒဏ်ချက်တွေကို ကျွန်မတို့ရဲ့ နှလုံးသားနဲ့ ခံစား နားလည်ပေးပြီး အားလုံးကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ၊ ရုန်းကန်မှုတွေကို ကျွန်မတို့ သိမြင်သဘောပေါက် ကုစားပေးနိုင်မှသာ ပဋိပက္ခဖြေရှင်းရေးကို ဦးတည်တဲ့ ငြိမ်းချမ်းရေးကို ကျွန်မတို့ တည်ဆောက်နိုင်မှာ ဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်။


ပြည်ထောင်စုရဲ့အိပ်မက်

နိုင်ငံတကာနဲ့ ကမ္ဘာလုံးဆိုင်ရာသမိုင်းကြောင်းနဲ့ ဖြစ်စဉ်တွေမှာ ငြိမ်းချမ်း ရေးဖြစ်စဉ်တွေ၊ နိုင်ငံရေးဆွေးနွေးပွဲတွေကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ သာဓကတွေ၊ စံနမူနာတွေ အမြောက်အမြားရှိနေကြပါတယ်။ နှစ်အရှည် ကြာဆုံး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခနဲ့ နောက်ခံအကြောင်းတရားမျိုးစုံ၊ စိန်ခေါ်မှုနဲ့ အခက်အခဲအမျိုးမျိုး ရောထွေးလျက်ရှိတဲ့ ကျွန်မတို့နိုင်ငံရဲ့သမိုင်း နောက်ခံ၊ အကြောင်းတရားတွေလောက် နက်နဲကျယ်ပြန့်ရှုပ်ထွေးခြင်းမရှိတာကိုလည်း အားလုံးအသိပဲဖြစ်ပါလိမ့်မယ်။ ဖြေရှင်းရမယ့် ပြဿနာတွေ၊ အရှုပ်အထွေးတွေကလည်း ရှင်းလင်းလွယ်ကူခြင်းမရှိပါဘူး။ ဒီလိုအကြောင်း တရား အမျိုးမျိုးနဲ့ အရှုပ်အထွေးအမျိုးမျိုးကို တစ်ခုချင်းစီ ခွဲခြမ်းစိတ်ဖြာပြီး ဖြေရှင်းနိုင်ဖို့ဆိုတာလည်း လွယ်ကူလှတဲ့ အနေအထားတော့ မဟုတ်ပါဘူး။ ကျွန်မတို့ နိုင်ငံရဲ့သမိုင်းကြောင်းဖြစ်စဉ်နဲ့အတူ ဒွန်တွဲတည်ရှိခဲ့တဲ့ ပဋိပက္ခတွေ၊ တင်းမာမှုတွေနဲ့ ပြဿနာတွေရဲ့ အရင်းခံအကြောင်းတရားတွေရဲ့ နက်နဲ ရှုပ်ထွေးမှုတွေကို သိမြင်နားလည်သဘောပေါက်နိုင်မယ်ဆိုရင် ကျွန်မတို့ အားလုံး စိတ်ရှည်သည်းခံနားလည်မှု ထားရှိနိုင်ပါလိမ့်မယ်။
၁၉၄၇ ခုနှစ်၊ (၂၀)ရာစုပင်လုံညီလာခံက အစပြုခဲ့တဲ့ ပြည်ထောင်စု တည်ဆောက်ရေးအိပ်မက်ဟာ ဒီကနေ့ဒီအချိန်အထိ ပြည့်ဝအောင်မြင်နိုင်ခြင်း မရှိသေးပါဘူး။ ကျွန်မတို့ရဲ့ မိဘ၊ ဘိုးဘွားတွေရဲ့မျှော်လင့်ချက်တွေ၊ အိပ်မက် တွေဟာ ဒီကနေ့ဒီအချိန်မှာ မျိုးဆက်သစ် တိုင်းရင်းသားလူငယ်တွေရဲ့ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေဖြစ်လာခဲ့ပါပြီ။ ဒီကနေ့အထိလည်း ပြည်ထောင်စုအိပ်မက်ဟာ အိပ်မက်အဖြစ်ကနေ လက်တွေ့အကောင်အထည် ပေါ်လာဖို့ ကျွန်မတို့ ကြိုးပမ်းနေရဆဲ၊ အားထုတ်နေရဆဲပဲဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူအားလုံး တန်ဖိုးထား၊ အမြတ်တနိုးထားရတဲ့ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့ဆိုတာ ဒီကနေ့အခမ်းအနားကို တက်ရောက်လာကြတဲ့ ကျွန်မတို့အားလုံးရဲ့ သမိုင်းပေးတာဝန်ပဲ ဖြစ်ပါတယ်။


ကျွန်မတို့ရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ကျွန်မတို့နိုင်ငံရဲ့သမိုင်းကြောင်းတစ်လျှောက် အမြစ်တွယ်ခဲ့တဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေကို ဖြေရှင်းနိုင်ဖို့ ပထမ ဦးဆုံး ပေါ်ပေါက်လာခဲ့တဲ့ သမိုင်းဝင် နိုင်ငံရေးဆွေးနွေးပွဲတွေပဲဖြစ်ပါတယ်။ ဒီလို နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ညှိနှိုင်းအဖြေရှာပြီး အားလုံးသဘောတူလက်ခံတဲ့ နိုင်ငံရေးသဘောတူညီချက် တွေကနေ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ၊ အာမခံချက်တွေအပြည့်အဝရှိတဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို ကျွန်မတို့အားလုံး ခိုင်ခိုင်မာမာ ဆက်လက် လျှောက်လှမ်းသွားကြဖို့ အထူးပဲအရေးကြီးလှပါတယ်။
ဒီခရီးလမ်းက ရှည်လျားနိုင်ပါတယ်။ အနိမ့်-အမြင့်၊ အတက်-အကျတွေ လည်း ရှိနေနိုင်ပါတယ်။ တစ်ခါတရံမှာ အားတက်၊ စိတ်တက်ကြွစရာတွေ တွေ့ကြုံနိုင်သလို တစ်ခါတရံမှာလည်း အားပျက်၊ စိတ်ဓာတ်ကျစရာတွေ တွေ့ကြုံနိုင်ပါတယ်။


ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုချီရာ လမ်းဟာ မှောင်တစ်ခါ၊ လင်းတစ်လှည့်နဲ့ မှောင်ရီဝိုးတဝါးအချိန်ကာလတွေကို ဖြတ်သန်း ရနိုင်ပါတယ်။ တစ်ချိန်တစ်ခါမှာလည်း မှုန်ပျပျ အဝေးကပန်းတိုင်ကို ခပ်ရေးရေးမြင်တွေ့နေရတဲ့ကာလတွေကိုလည်း ဖြတ်သန်းရနိုင်ပါတယ်။ ဒီလို အခက်အခဲတွေ၊ စိန်ခေါ်မှုတွေက ကျွန်မတို့အားလုံးရဲ့ရှေ့မှာ စောင့်ကြို နေတယ်ဆိုတာလည်း အားလုံးသိရှိပြီးဖြစ်ပါတယ်။ တာတိုခရီးမှာ ခွန်အား က အဆုံးအဖြတ်ပေးပေမယ့် တာဝေးခရီးကို လျှောက်လှမ်းကြရာမှာတော့ ခရီးဆုံးအထိ ရေကုန်ရေခန်း၊ အားမပျက်၊ စိတ်မလျှော့စတမ်း လျှောက်လှမ်း နိုင်ကြဖို့ အရေးကြီးလှပါတယ်။ တာဝေးခရီးကို လျှောက်လှမ်းကြရာမှာ ခရီး လမ်းရှည် ကြာလာတာနဲ့အမျှ စိတ်ဓာတ်ခိုင်မာမှု၊ စိတ်ရှည်သည်းခံမှု၊ စိတ်လို လက်ရရှိမှု၊ သန္နိဋ္ဌာန်စိတ်ခိုင်မာမှုတွေက တဖြည်းဖြည်း အားနည်းယုတ် လျော့လာတတ်ကြပါတယ်။


ဒီလိုအခြေအနေမျိုးမှာ တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားနေကြတဲ့ ကျွန်မတို့အားလုံး တစ်ဦးကိုတစ်ဦးစာနာမှု၊ နားလည်မှု၊ ဖေးမမှု၊ ရိုင်းပင်းကူညီ မှုတွေနဲ့ လဲနေသူကိုထူပေးပြီး ပန်းတိုင်ရောက်အောင် ဆက်လက်လျှောက် လှမ်းကြဖို့ လိုပါတယ်။ ဘယ်သူတွေက ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလား သလဲ၊ ဘယ်သူတွေက ငြိမ်းချမ်းရေးကို မလိုလားဘူးလဲဆိုတာကိုလည်း သမိုင်းနဲ့ ပြည်သူက မှတ်ကျောက်တင် အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။ လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့ ကျွန်မအနေနဲ့ အလေး အနက် ပြောချင်တာက “ပြဿနာဆိုတာတွေက ပြဿနာမဟုတ်ပါဘူး။ ဒီပြဿနာတွေကို ဘယ်ပုံဘယ်နည်းနဲ့ ဖြေရှင်းကြမလဲဆိုတာကသာ ပြဿနာဖြစ်တယ်” ဆိုတာပါပဲ။

ကျွန်မတို့ရဲ့ ပြည်ထောင်စုအတွက်၊ ကျွန်မတို့ရဲ့ သားမြေးစဉ်ဆက်၊ နောင်အနာဂတ်မျိုးဆက်သစ်တွေအတွက် ဒီကနေ့ ပြဿနာတွေကို ဖြေရှင်း ကြဖို့ ကျွန်မတို့ရဲ့ပစ္စုပ္ပန်ကို တန်ဖိုးရှိရှိသုံးရပါမယ်။
နိုင်ငံတော်အစိုးရရဲ့ ဖက်ဒရယ် သန္နိဋ္ဌာန်
ကျွန်မတို့ အစိုးရအနေနဲ့ နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူထမ်းဆောင် စကတည်းက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်လျှောက်လှမ်းဖို့ ကတိပြုခဲ့ပြီးဖြစ်ပါတယ်။ ဒါဟာ အစိုးရဖြစ်လာမှ မဟုတ်ပါဘူး။ ဖက်ဒရယ်ဆိုတဲ့ စကားလုံးကို ပွင့်ပွင့်လင်းလင်းမပြောရဲကြတဲ့ အချိန်တွေမှာ ကျွန်မတို့ အဖွဲ့ချုပ်က ပြောခဲ့တာဖြစ်ပါတယ်။ ဒီလို တည်ဆောက်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မဏ္ဍိုင်ပြုပြီး နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုတွေကနေ သဘောတူညီချက်တွေချမှတ်ဖို့ ကျွန်မ တို့ အစဉ်တစိုက်ပြောခဲ့ပါတယ်။ လူထုမနာစေဖို့အတွက် တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းနည်းလမ်းနဲ့ အဖြေရှာပြီး ညီညွတ်ရေးတည်ဆောက်ဖို့ဆိုတာ ကျွန်မတို့ အဖွဲ့ချုပ်ရဲ့ မူဝါဒလည်းဖြစ်ပါတယ်။


စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်မှ ကျွန်မတို့နိုင်ငံ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရမယ်ဆိုတာကို အရင်ကတည်းက ကျွန်မတို့ တဖွဖွပြောခဲ့ပြီးဖြစ်ပါတယ်။ ဖက်ဒရယ်စနစ်နဲ့အညီ အာဏာခွဲဝေ မှုတွေရှိရမယ်၊ သယံဇာတခွဲဝေမှုနဲ့ အခွန်အကောက်ခွဲဝေမှုတွေ ရှိရမယ်၊ ဖက်ဒရယ်ယူနစ်တွေအားလုံးဟာ တန်းတူရည်တူရှိရမယ်၊ ပြည်နယ်တွေမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်တဲ့ ကိုယ်ပိုင်အခြေခံဥပဒေတွေရှိရမယ်၊ ပြည်နယ်တွေရဲ့ အာဏာတွေကို ခွဲဝေကျင့်သုံးတဲ့အခါ ပြည်သူလူထုကို အခြေခံရမယ် စတဲ့ အခြေခံမူတွေကို ကျွန်မတို့အစိုးရအနေနဲ့ မူအားဖြင့် လက်ခံထားပြီး ဖြစ်ပါတယ်။ အသေးစိတ်အခြေခံမူတွေ ချမှတ်ရာမှာ အားလုံး ညှိနှိုင်းတိုင်ပင်ပြီး သဘောတူညီချက်တွေအဖြစ်ချမှတ်ဖို့ တွေ့ဆုံဆွေးနွေး ရေးစားပွဲဝိုင်းမှာ ကျွန်မတို့အားလုံး ပါဝင်နိုင်ကြဖို့ အရေးကြီးပါတယ်။


တွေ့ဆုံဆွေးနွေးကြရာမှာလည်း ကိုယ့်မူ-သူ့မူ၊ ကိုယ့်ရပ်တည်ချက်-သူ့ရပ်တည်ချက်၊ ဒါတွေကို အသေဆုပ်ကိုင်ပြီး အလျှော့အတင်း၊ အပေးအယူ မလုပ်နိုင်တဲ့သူတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ အမှန်တကယ် ငြိမ်းချမ်း ရေးကို လိုလားရင်၊ အမှန်တကယ် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ချင်တယ်ဆိုရင် ပျော့ပျောင်းညင်သာမှုနဲ့ သဘောထားကြီးမှု တို့လည်း လိုအပ်တယ်ဆိုတာကို သတိချပ်စေချင်ပါတယ်။ နိုင်ငံရေးစားပွဲ ဝိုင်း တွေ့ဆုံဆွေးနွေးရေးမှာလည်း ကျွန်မတို့ရဲ့ မူကိုချပြပြီး ဒီမူကို ဦးတည် ဆွေးနွေးတာမျိုး ကျွန်မတို့ မလုပ်ခဲ့ပါဘူး။ ကျွန်မတို့ရဲ့ တိုင်းရင်းသားတွေ ဘက်က တင်ပြချက်တွေကို အခြေခံပြီး အားလုံးဝိုင်းဝန်းဆွေးနွေး၊ အားလုံး သဘောတူလက်ခံတာကို ရွေးချယ်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ခဲ့တာပါ။ ကျွန်မ တို့က အစိုးရပဲ၊ အစိုးရသဘောထားကိုပဲ အားလုံးက အလေးပေးဆွေးနွေးကြ ရမယ်ဆိုတာမျိုး ကျွန်မတို့ မလုပ်ခဲ့ပါဘူး။ ပြန်ကြည့်လိုက်ရင် ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း(၁)နဲ့ (၂)က အခြေခံမူတွေ၊ လက်ရှိ ဆွေးနွေး ညှိနှိုင်းနေတဲ့ အချက်အလက်တွေအားလုံးဟာ ကျွန်မတို့တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေ၊ အဆိုပြုချက်တွေကို အခြေခံပြီး ဆွေးနွေးညှိနှိုင်းခဲ့တယ် ဆိုတာ တွေ့မြင်နိုင်ပါလိမ့်မယ်။ ကိုယ့်ရဲ့ ရပ်တည်ချက်တွေကို လှေနံဓားထစ်၊ တစ်ထစ်ချ တရားသေဆွဲကိုင်ပြီး ဆွေးနွေးညှိနှိုင်းတာမျိုးဟာ စစ်မှန်တဲ့ ဆွေးနွေးညှိနှိုင်းမှု မဟုတ်ပါဘူး။ ဒါ့ကြောင့် အဖြေထွက်လာနိုင်တဲ့ နည်းလမ်း ရှာတဲ့ ပုံစံမျိုးနဲ့ ကျွန်မတို့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။


နိုင်ငံတော် ရှေ့ဆက်မယ့် လမ်းစဉ်(၃)ရပ်

ဒီကနေ့ ကျင်းပပြုလုပ်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လေးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနားမှာ ကျွန်မတို့အစိုးရအနေနဲ့ ရှေ့ဆက်လျှောက်လှမ်းမယ့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ် (၃)ရပ်ကို အသိပေးပြောကြားလိုပါတယ်။
ပထမဆုံးလုပ်ငန်းစဉ်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံကို ဘယ်လိုရှေ့ဆက်သွားမလဲဆိုတဲ့ ဘုံလုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဒီဘုံလုပ်ငန်းစဉ်ချမှတ်ပြီး ခိုင်မာတဲ့ အုတ်မြစ်တစ်ရပ်စိုက်ထူနိုင်အောင် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ခေါင်းဆောင်ကြီးတွေက စတင်ပြီး အဆိုပြုကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒီအဆိုပြုချက်ကို ကျွန်မအနေနဲ့ အလေးအနက်စဉ်းစားသုံးသပ်ပါတယ်။ NCA ကို အခြေခံပြီး ရှေ့ကိုဆက်ပြီး လျှောက်လှမ်းရာမှာ ကျွန်မတို့အကြားမှာ အကျေအလည်ဆွေးနွေးပြီး အားလုံးသဘောတူချမှတ်တဲ့ လုပ်ငန်းစဉ် တစ်ရပ်ရှိဖို့လိုတယ်ဆိုတာကို ကျွန်မအနေနဲ့ အလေးအနက်လက်ခံထား ပြီးသားဖြစ်ပါတယ်။ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပြီးတဲ့နောက် ဒီကနေ့ ဒီအချိန် ကျွန်မတို့အားလုံးအကြားမှာ မူအား ဖြင့် သဘောတူလက်ခံနိုင်တဲ့ အချက်သုံးချက် ရရှိထားပါတယ်။ ပထမဆုံး အချက်အနေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုနဲ့စပ်လျဉ်းပြီး မူဘောင်သဘောတူညီချက်တွေ ကျွန်မတို့ ရယူပါမယ်။ ဒီမူဘောင်သဘောတူညီချက်တွေဟာ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ စတုတ္ထအစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ ပထမပိုင်းဖြစ်လာပါလိမ့်မယ်။


ဒုတိယအချက်အနေနဲ့ ဖက်ဒရယ်ဆိုင်ရာအခြေခံမူ (၅၁)ချက် ရရှိပြီး ဖြစ်တဲ့အတွက် နောက်ထပ်ရနိုင်သမျှ အခြေခံမူတွေရရှိအောင် ကျွန်မတို့ အစုအဖွဲ့တွေကြားမှာ၊ (၂၁)ရာစု ပင်လုံညီလာခံရဲ့ လုပ်ငန်းစဉ်တွေမှာ ဆွေးနွေး ညှိနှိုင်းကြပါမယ်။ နောက်ထပ်ရရှိလာမယ့် အခြေခံမူတွေရယ်၊ ကျွန်မတို့ ရရှိပြီး (၅၁)ချက်ရယ်ကို စုပေါင်းပြီး အခြေခံမူသဘောတူညီချက်တွေ ရယူ ပါမယ်။ ဒီအခြေခံမူသဘောတူညီချက်တွေဟာ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ၊ စတုတ္ထအစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ ဒုတိယပိုင်းဖြစ်လာပါလိမ့်မယ်။


တတိယအချက်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေအလွန် ဆက်လက် ဖော်ဆောင်မယ့် အဆင့်လိုက်လုပ်ငန်းစဉ်တွေ၊ ဦးစားပေးအစီအစဉ်တွေကို ကျွန်မတို့အကြားမှာ ဘုံသဘောတူညီချက်ရယူပါမယ်။ ၂၀၂၀ ရွေးကောက်ပွဲ တွေအလွန် အဆင့်လိုက် လုပ်ငန်းစဉ်တွေ၊ အဆင့်လိုက် အကောင်အထည် ဖော်မှုတွေကို သဘောတူညီချက်ရယူပြီးရင် ဒီလုပ်ငန်းစဉ်တွေဟာ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ၊ စတုတ္ထအစည်းအဝေးမှာ ချုပ်ဆိုမယ့် ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ တတိယပိုင်း ဖြစ်လာပါလိမ့်မယ်။


ဒီလို အစိတ်အပိုင်း(၃)ပိုင်းပါဝင်တဲ့ ပြည်ထောင်စုသဘောတူစာချုပ်၊ အပိုင်း(၃)ကို ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ဆိုတာကို မှတ်တိုင်အဖြစ် ကျွန်မတို့ သတ်မှတ်နိုင်ခဲ့တဲ့အတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အခြားသက်ဆိုင်သူများ အားလုံးကို ကျေးဇူးအထူးတင်ရှိကြောင်း အလေးအနက်ထားပြီး ပြောကြားလို ပါတယ်။ ဆက်လက်ပြီးလည်း အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြ ဖို့လည်း တိုက်တွန်းပြောကြားလိုပါတယ်။


ကျွန်မတို့အစိုးရရဲ့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေး ဒုတိယလုပ်ငန်းစဉ် ကတော့ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်လာရေးပဲဖြစ်ပါတယ်။ ကျွန်မတို့အစိုးရအနေနဲ့ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လက်အရှိန်မြှင့်လုပ်ဆောင်ပြီး ပစ်ခတ်တိုက်ခိုက်မှုလျော့နည်းတဲ့ အခြေအနေတစ်ရပ်ကို တည်ဆောက်နိုင်ဖို့၊ နိုင်ငံရေးစားပွဲဝိုင်းမှာ ပါဝင်နိုင်ဖို့၊ NCA ထီးရိပ်အောက်မှာ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်လာဖို့ ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ NCA ညှိနှိုင်းခဲ့စဉ်က အခုလက်မှတ်မထိုးရ သေးတဲ့အဖွဲ့ အတော်များများ ပါဝင်ခဲ့ကြပြီး ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုး ကြောင့်သာ အားလုံးပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များအနေ နဲ့လည်း သမိုင်းဝင်နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ဖို့ ရှေ့ကိုခြေတစ်လှမ်း တက်ပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။ ပါဝင်သင့်၊ ပါဝင်ထိုက်တဲ့သူတို့တွေ ပါဝင်နိုင်ခြင်းမရှိသေးတာကြောင့် ကျွန်မတို့ရဲ့ နိုင်ငံရေး စားပွဲဝိုင်းမှာ လိုအပ်ချက်တွေ၊ လစ်ဟာချက်တွေကို ခံစားနေရပါတယ်။ အားလုံး ပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုး ဖြစ်ပေါ်လာအောင် ကျွန်မတို့အနေနဲ့ ဆက်လက် ပြီး အားထုတ်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။


ကျွန်မတို့အစိုးရရဲ့ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေး တတိယလုပ်ငန်းစဉ် ကတော့ ငြိမ်းချမ်းရေးရဲ့အသီးအပွင့်တွေကို လူထုရရှိခံစားနိုင်ရေးပဲ ဖြစ်ပါတယ်။ မငြိမ်းချမ်းတဲ့ဒေသတွေမှာ ပဋိပက္ခရဲ့ ဒဏ်ရာဒဏ်ချက်တွေကို အဓိကရရှိခံစား ကြရတာက ဟိုးအောက်ခြေက ကျွန်မတို့ရဲ့လူထုပဲဖြစ်ပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးရရှိချိန်ကစပြီး ပဋိပက္ခဒဏ်ရာဒဏ်ချက်တွေကို ခေတ် အဆက်ဆက် ခံစားခဲ့ရတဲ့ ကျွန်မတို့ရဲ့တိုင်းရင်းသားတွေအတွက် ဒီထက်ပိုတဲ့ ဘေးဒုက္ခဆိုတာမရှိတော့ပါဘူး။ ဒီကနေ့ကျွန်မတို့ရဲ့ ကမ္ဘာကြီးက နည်းပညာ တော်လှန်ရေး “4.0” ကို သွားနေကြပါပြီ။ အခြားနိုင်ငံတွေက လူငယ်တွေ၊ မှတ်ဉာဏ်အတု၊ ပုံရိပ်ယောင်လူ့အဖွဲ့အစည်း၊ စက်မှုတော်လှန်ရေး၊ ဒစ်ဂျစ်တယ် ရေစီးကြောင်းတွေထဲကြားမှာ တက်တက်ကြွကြွနဲ့ စက္ကန့်နဲ့အမျှ တိုးတက် ဆန်းသစ်နေချိန်မှာ ကျွန်မတို့ရဲ့ပြည်ထောင်စုမှာတော့ ကျွန်မတို့ရဲ့ တိုင်းရင်းသား လူငယ်တွေ၊ ကျွန်မတို့ရဲ့ တိုင်းရင်းသားဒေသတွေရဲ့ အနာဂတ် တွေအတွက် အာမခံချက်တွေ လိုနေပါသေးတယ်။


ဒီလက်နက်ကိုင်ပြည်တွင်းစစ်ကို စတင်ခဲ့သူတွေဟာ ဒီ (၂၁) ရာစု၊ ဒီကနေ့၊ ဒီအချိန် ဒီလောကကြီးထဲမှာ မရှိကြတော့ပါဘူး။ ဒါပေမယ့်လည်း ဒီပြည်တွင်း စစ်မီးကို ငြှိမ်းသတ်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စုအိပ်မက်ကို အကောင်အထည်ဖော်ဖို့၊ ဒီကနေ့ ဒီခန်းမထဲမှာ ရောက်နေကြတဲ့ ကျွန်မတို့ အားလုံးရဲ့ ပခုံးထက်မှာ သမိုင်းကတာဝန်တွေ ရောက်ရှိနေပါပြီ။ နောင်လာမယ့် (၁၀)နှစ်မှာ ကမ္ဘာကြီးက ဘယ်လိုဖြစ်နေမလဲ၊ အဲ့ဒီအချိန်မှာ ကျွန်မတို့ရဲ့ တိုင်းရင်းသားတွေကို ဘယ်လို ဖြစ်စေချင်သလဲ၊ ကျွန်မတို့ရဲ့ ပြည်ထောင်စု ကြီးကို ဘယ်လိုဖြစ်စေချင်သလဲ။ ခေါင်းဆောင်တွေအားလုံး အလေးအနက် ထားပြီး စဉ်းစားကြစေလိုပါတယ်။ နောက်လာမယ့် (၁၀)နှစ်၊ နှစ်(၂၀)မှာလည်း ဒီပုံစံ၊ ဒီအနေအထား၊ ဒီလိုမျိုးနဲ့ပဲ စစ်မီးမငြိမ်းနိုင်သေးတဲ့နိုင်ငံ၊ စစ်မီးတောက် လောင်နေဆဲ ပြည်ထောင်စုကြီးကို ကျွန်မတို့ လက်ဆင့်ကမ်းထားရစ်ခဲ့ကြ မှာလား။


ဒီကနေ့ ကျွန်မတို့ထားရှိနေကြတဲ့ မာနတွေ၊ အာဃာတတွေ၊ အသာစီး ရယူလိုမှုတွေ၊ မယုံကြည်မှုတွေကြောင့် ကျွန်မတို့ရဲ့ နောင်လာနောက်သား တွေရဲ့ အနာဂတ်ကို ဘယ်လောက်အထိ နောက်ကျသွားစေနိုင်သလဲ မြင်ယောင်တွေးကြည့်ကြစေလိုပါတယ်။ ကျွန်မတို့ အစိုးရအနေနဲ့ တိုင်းရင်း သားတွေ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ အိပ်မက်သဖွယ် လိုလား တောင့်တတဲ့၊ ကျွန်မတို့ တိုင်းရင်းသားပြည်သူအားလုံးက အသက်ပေးပြီး ကာကွယ်ချင်လောက်အောင် အမြတ်တနိုးတန်ဖိုးထားကြတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်ချင်ပါတယ်။ ကျွန်မတို့နိုင်ငံဟာ ငြိမ်းချမ်း ရေးရရှိဖို့ အချိန်တန်နေရုံမကဘူး၊ အချိန်တောင် အတော်လွန်နေပါပြီ။


နိဂုံးချုပ်အနေနဲ့ အလေးအနက်ထားပြီး ပြောကြားလိုတာကတော့ ပြည်ထောင်စုဆိုတာ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်သူအားလုံးရဲ့ ဦးနှောက်ထဲ၊ နှလုံးသားထဲကနေ နှစ်နှစ်ကာကာ ယုံယုံကြည်ကြည် တန်ဖိုး ထားရတဲ့ စုစည်းမှုဖြစ်ဖို့ အရေးကြီးတယ်ဆိုတာပါပဲ။ ဒီစုစည်းမှုကို အင်အားနဲ့ တည်ဆောက်လို့ မရနိုင်ဘဲ ဉာဏ်ပညာ အမြော်အမြင်၊ စိတ်သဘောထား ပြည့်ဝမှုတို့နဲ့ တည်ဆောက်မှ ရနိုင်မယ်ဆိုတာကို အားလုံးက သတိပြုကြ စေလိုပါတယ်။ တိုင်းရင်းသားတန်းတူရေးကို အခြေခံတဲ့ ဖက်ဒရယ် ပြည်ထောင်စု မတည်ဆောက်နိုင်သရွေ့ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းဖို့ မမြင် နိုင်ပါဘူး။ ပင်လုံစိတ်ဓာတ်ကို အခြေခံတဲ့ တိုင်းရင်းသားညီညွတ်ရေးကို မတည်ဆောက်နိုင်သရွေ့ ကျွန်မတို့နိုင်ငံ တိုးတက်အားကောင်းဖို့ မဖြစ်နိုင် ပါဘူး။ဒီအနေအထားကို နှစ်ပေါင်း(၇၀)ကျော် သက်သေပြခဲ့ပြီးဖြစ်လို့ ကျွန်မ တို့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ ဒီအခြေအနေကို ပြောင်းလဲပစ်ဖို့ ကျွန်မတို့အားလုံး စိတ်တူကိုယ်တူ ကြိုးပမ်းဆောင်ရွက်ကြ မယ်ဆိုရင် မဖြစ်နိုင်စရာ မရှိပါဘူး။
ကျွန်မတို့အစိုးရအနေနဲ့ ရှေ့လာမယ့် ကာလတွေမှာ ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်(၃)ရပ်ကို အပြင်းအထန် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ပြည်ထောင်စုအတွက် တန်ဖိုးအရှိဆုံးဖြစ်တဲ့ ငြိမ်းချမ်း ရေး၊ တန်းတူရေးနဲ့ ဖက်ဒရယ်တည်ဆောက်ရေး အခြေခံအုတ်မြစ်ကို လက်ဆင့်ကမ်း စိုက်ထူပေးသွားနိုင်ဖို့ ကျွန်မတို့အစိုးရနဲ့ ပူးပေါင်းလက်တွဲပြီး ဆောင်ရွက်ပေးကြဖို့ အလေးအနက် မေတ္တာရပ်ခံတိုက်တွန်းရင်း နိဂုံးချုပ် အပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment