Tuesday, October 29, 2019

စာပေယဉ်ကျေးမှုအင်အားနှင့် နိုင်ငံတော်




မြန်မာ့ရသစာပေနှင့်ပတ်သက်လျှင် ထင်ရှားလှသော ဆရာမမိုးမိုး (အင်းလျား) ၇၅ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် မြန်မာစာပေနှင့် အနုပညာပွဲတော်ဟူ၍ အောက်တိုဘာ ၂၅၊ ၂၆၊ ၂၇ ရက်များက ရန်ကုန်မြို့ သိမ်ဖြူလမ်းတွင် ကျင်းပခဲ့ရာ စာပေမြတ်နိုးသူများ၊ စာပေ ဝါသနာရှင်များ များစွာတက်ရောက်ဆင်နွှဲခဲ့ကြသည်မှာ ခြိမ့်ခြိမ့် သဲသဲပင် ဖြစ်ပါသည်။


နိုင်ငံတစ်နိုင်ငံ မည်မျှဖွံ့ဖြိုးတိုးတက်မှုရှိသည်ကို တွက်ချက်ကြရာ တွင် စာအုပ်စာပေနှင့် ယဉ်ကျေးမှုအနုပညာ မည်မျှထွန်းကားသည်၊ မည်မျှကြွယ်ဝတိုးတက်သည်ဆိုခြင်းကို ထည့်သွင်းတွက်ချက်ကြပါ၏။ နိုင်ငံတစ်နိုင်ငံ၏ စာပေအဆင့်အတန်း တိုးတက်မြင့်မားမှုက နိုင်ငံဖွံ့ဖြိုး တိုးတက်မှုနှင့် တိုက်ရိုက်ပတ်သက်နေသည်ဟု ဆိုနိုင်ပါ၏။ ယင်းကို မျက်မှောက်ခေတ် တိုးတက်ဖွံ့ဖြိုးနေသော နိုင်ငံများကို အကဲခတ်လျှင် သိနိုင်လောက်၏ဟု ဆိုချင်ပါသည်။


စာပေဟူသည် အသိဉာဏ်ပညာတို့ ပေါင်းရုံးကိန်းအောင်းရာ အစုအဝေးဖြစ်၏။ နိုင်ငံတစ်နိုင်ငံနှင့် လူမျိုးတစ်မျိုးအတွက် စာပေ အဆင့်အတန်းမြင့်မားသည်ဆိုခြင်းမှာ ထိုနိုင်ငံ ထိုလူမျိုးတို့၏ အသိ ဉာဏ်ပညာမြင့်မားသည်ဟု ဆိုလိုရာရောက်ပါသည်။ အသိဉာဏ်ပညာ မြင့်မားသောနိုင်ငံသားအများစု ရှိသည့် နိုင်ငံသည်သာ တိုးတက်ဖွံ့ဖြိုး ရန်၊ ငြိမ်းချမ်းရန် အခြေခံကောင်းများရှိမှာဖြစ်သည်ဟုလည်း ယုံကြည် ပါသည်။


လူသားတို့တွင် အသိဉာဏ်ပညာ မြင့်မားခြင်းက မှန်ကန်သော စိတ်နှလုံးထားတတ်ခြင်းကို လည်းကောင်း၊ လူလူချင်း တန်းတူမှု၊ တရားမျှတမှုကိုသော်လည်းကောင်း၊ လူအချင်းချင်း မေတ္တာထားခြင်း၊ စာနာနားလည်မှုရှိခြင်းတို့ကိုသော်လည်းကောင်း ပွားများနိုင်ကာ မိမိတို့ကိုယ်တိုင်၏ တိုးတက်ကြီးပွားရေးကိုလည်းကောင်း၊ အများသူငါ၏ အကျိုးကို လည်းကောင်း ရှေးရှုနိုင်မည်ဟု ယုံကြည်ပါသည်။


သုတ ရသ စာအုပ်စာပေများက လူတို့အတွက် သတင်းနှင့်အချက် အလက်များ၊ အထွေထွေသောဗဟုသုတများနှင့်တကွ ပျော့ပျောင်း သော စိတ်နေစိတ်ထား၊ စာနာနားလည်တတ်မှုတို့ကိုပါ ရရှိစေသည့် အားလျော်စွာ လူမှုအဖွဲ့အစည်းကို မည်မျှလောက် ရင့်ကျက်စေမည်၊ မည်မျှလောက်နူးညံ့စေမည် ဆိုသည်ကို သိနိုင်ပါသည်။ ဆရာဇော်ဂျီက “စိတ်ကောင်းရှိမှသာ စာကောင်းထွက်တယ်၊ ရသစာပေကောင်းဆိုတာ စာရေးသူရဲ့ စိတ်စေတနာကို ရေးထားတဲ့စာ... စာရေးဆရာမှာ စေတနာ ဖြစ်လာတဲ့အခါမှသာ ပတ်ဝန်းကျင်လောကကို မြင်ခြင်းကြားခြင်း ရှိတတ်တယ်။ အဲဒီအခါမှာ ဒီအရာဟာ သနားစရာ၊ ဒီအရာဟာ အားတက် စရာ၊ ဒီအရာဟာ ချီးကျူးစရာ၊ ဒီအရာဟာ ကဲ့ရဲ့စရာ၊ ဒီအရာဟာ ကြောက်စရာ၊ ဒီအရာဟာ ရှက်စရာ စသည်ဖြင့် ဘဝအသိ ဖြစ်လာ တတ်ပါတယ်။ ဘဝအသိဖြစ်လာတာနဲ့ တစ်ပြိုင်နက် စိတ်ကူးဉာဏ်ဟာ စည်ကားလာတတ်တယ်။ အဲဒီအခါ အဲဒီ စိတ်ကူးဉာဏ်ကပဲ ဘဝရဲ့ အကောင်းအဆိုး၊ အကျိုး အပြစ်ဆိုင်ရာ လူ့အမူအရာ၊ လောကအမူအရာ တို့ကို ဖန်တီးလာနိုင်တယ်။ ဒါကြောင့် စိတ်ကူးဉာဏ်ဟာ ဘဝရဲ့ အကောင်းအဆိုး၊ အကျိုးအပြစ်တို့ကို ပြနိုင်တဲ့ဉာဏ်လည်း ဖြစ်တယ်။ ဒါကြောင့် ဝတ္ထုကို အဲဒီလို စိတ်ကူးဉာဏ်မျိုးနဲ့ရေးနိုင်မှသာ အဲဒီဝတ္ထုဟာ အဆင့်အတန်းရှိတယ်... ရသစာပေကောင်းကို ဖတ်ရတဲ့အခါ ပတ်ဝန်း ကျင်ကို သတိပြုမိတယ်။ ပတ်ဝန်းကျင်ကို သတိပြုမိသူဟာ ကိုယ်နှုတ် နှလုံး သုံးပါးကို ဆင်ခြင်တတ်လာတယ်။ ကိုယ့်တစ်ဦးတည်းအကျိုးကို သာမက ပတ်ဝန်းကျင်မှာရှိတဲ့ ကိုယ့်လိုပဲ ကျင်လည်နေကြရတဲ့ သတ္တဝါ အားလုံးရဲ့ အကျိုးစီးပွားအတွက်လည်း ကြည့်တတ် ၊ မြင်တတ်၊ ကရုဏာ ဖြစ်တတ်လာနိုင်စရာရှိတယ်’’ ဟူ၍ ဆိုဖူးပါသည်။


နိုင်ငံတကာကို ရင်ပေါင်တန်းရန် အပြေးအလွှားလိုက်နေရသော မြန်မာနိုင်ငံအဖို့ ခေတ်သစ်နည်းပညာ၊ အတတ်ပညာများကို ခေတ်နှင့် အညီ အမီလေ့လာဖတ်ရှုရန် စာအုပ်အများအပြား ထွက်ပေါ်ရန် လိုအပ် နေသလို စိတ်စေတနာကောင်းများဖြင့် လူသားချင်း စာနာမေတ္တာ ထားနိုင်ရေး၊ ချစ်ကြည်နားလည်ရေးတို့အတွက် ရသစာပေကောင်းများ အများအပြားပေါ်ထွက်လာနိုင်ပါစေရန် မိုးမိုး (အင်းလျား) မြန်မာ စာပေပွဲတော်ကို အကြောင်းပြု နှိုးဆော်လိုက်ရပါကြောင်း။ ။

No comments:

Post a Comment