Tuesday, October 15, 2019

နိုင်ငံအကျိုး ပြည်သူ့အကျိုး အတွက် အမှန်တကယ် စေတနာရှိဖို့လိုသည်




အများပြည်သူ့အရေးကို စူးစူးစိုက်စိုက်ဖြင့် အရည်အချင်းပြည့်ပြည့် အကောင်အထည်ဖော်ကြရန် တာဝန်ရှိသည့် အင်အားစုများ အားကောင်းဖို့လိုသည်။ အင်စတီကျူးရှင်းများ ခိုင်မာအားကောင်း မှသာ နိုင်ငံသားတို့၏ ရည်မှန်းချက်ကြီး အောင်မြင်မည်ဟု ယုံကြည်ခဲ့ကြသည်။ ထိုသို့ ယုံကြည်ခဲ့ကြသည့်အတိုင်းလည်း ပြည်သူလူထုအတွက် နယ်စုံဘက်စုံတို့က အလုပ်လုပ်ကြရမည့် အင်အားစုများ၊ အင်စတီကျူးရှင်းများအားလုံး ညီညွတ်ကြရေး၊ အရည်အချင်းပြည့်၀ကြရေး၊ ပြည်သူနှင့် နိုင်ငံအပေါ် စေတနာမှန် ထားနိုင်ရေး စသည်တို့ကို စဉ်းစားခဲ့ကြ၊ အကြံပြုခဲ့ကြ၊ တတ်နိုင် သည့်နေရာများက ဝိုင်းဝန်းကူညီအားဖြည့်ပေးကြ၊ ဝေဖန်ပြုပြင် ကြ လုပ်ခဲ့ကြသည်။
နိုင်ငံထူထောင်ရေးအတွက် အရေးကြီးသည့် အင်အားစုများ ဖြစ်သော အုပ်ချုပ်ရေးတာဝန်ယူထားရသည့် အစိုးရ၊ လွှတ်တော် အသီးသီး၊ မြန်မာ့တပ်မတော်၊ နိုင်ငံအဝန်းရှိ လူမှုရေးအဖွဲ့အစည်း များအားလုံး၏ နိုင်ငံအပေါ် စေတနာမှန်မှု၊ အရည်အသွေးပြည့်၀မှု နှင့် ဉာဏ်ကြီးကြီး၊ ဝီရိယကြီးကြီး အလုပ်လုပ်ကြခြင်းကသာ ဒီမိုကရေစီအုတ်မြစ်ခိုင်မာရေးနှင့် နိုင်ငံကို ပြန်လည်ထူထောင်ရေး ဟူသည့် တကယ့်ရည်မှန်းချက်ပန်းတိုင်ဆီသို့ သွားနိုင်ပါလိမ့်မည်။
အဆိုပါ အင်အားစုကြီးများက အထက်ဖော်ပြပါ စေတနာ၊ အရည်အသွေး၊ ပညာဉာဏ်၊ ဝီရိယတို့ဖြင့် ညီညီညွတ်ညွတ် အင်တိုက်အားတိုက် အကောင်အထည်ဖော်ကြ၊ လုပ်ကြပါမှ နောင်မျိုးဆက်သစ်တို့အဖို့ ကမ္ဘာနှင့်ရင်ပေါင်တန်းကာ ရပ်တည် နိုင်ကြမည်ဟု ယူဆပါသည်။
ယနေ့လို ရွာကြီးဖြစ်နေသော ကမ္ဘာကြီးတွင် နိုင်ငံသား တစ်ဦးချင်းအနေဖြင့် တော်သူ၊ ထက်မြက်သူ၊ ထူးချွန်သူတို့ နိုင်ငံတကာနယ်ပယ်တွင် စွာနိုင်၊ ခေါင်းမော်နိုင်၊ ရင်ကော့နိုင်ဖြစ် ကြမည်မှာ အသေအချာဖြစ်သော်လည်း နိုင်ငံသားအများစုတို့ နိုင်ငံတကာတွင် ဆင်းရဲနွံထဲမှာ နစ်မွန်းနေခြင်းမှ ကင်းလွတ်ရန် အတွက်မှာမူ အဆိုပါ အင်စတီကျူးရှင်းကြီးများ အင်အားကောင်း ကြရေး၊ စေတနာမှန်ကြရေးက လွန်စွာအရေးပါပါသည်။
ထိုသို့သော အရေးပါမှုများတွင် အင်အားစုဝင်များ၏ စိတ် စေတနာမှန်ကန်မှုက ထိပ်ဆုံးတန်းမှ အရေးကြီးသည်ဟု ဆိုချင်ပါ သည်။ စိတ်စေတနာ တကယ်မှန်ကန်သည်ဟုဆိုလျှင် ကိုယ့်ကိုယ် ကိုယ် အမှားအမှန် ခွဲခြားသိမြင်နိုင်မှု၊ ကိုယ့်စေတနာအရ ဖြစ်စေချင်သကဲ့သို့ လက်တွေ့တွင် ဖြစ်၏ မဖြစ်၏၊ ကိုယ့်ကိုယ် ကိုယ် အရှိအတိုင်း အမှန်အတိုင်း ရှုမြင်သုံးသပ်လိုစိတ်၊ အများ ပြည်သူတို့၏ ဝေဖန်အကြံပြုချက်များ အပြစ်တင်ချက်များကို နားထောင်လိုစိတ်၊ လူထု၏ ဆိုလိုရင်းကို နားလည်အောင် ကြိုးစားလိုစိတ် စသည်တို့အပြင် အမှားကို အမှားအတိုင်း ဝန်ခံရဲ သည့် သတ္တိ၊ အမှန်သို့ ပြင်ဆင်ပြောင်းလဲနိုင်သည့် ပြတ်သားရဲရင့် စိတ်တို့ ရှိကြရန်လိုပါသည်။
ဤသို့သော ကိစ္စမျိုးဆိုသည်က စကားအဖြစ်၊ ကြွေးကြော် သံမျှအဖြစ်၊ ဆိုင်းဘုတ်ထောင်ရုံမျှသက်သက်မဟုတ်ဘဲ လက်တွေ့ကျကျ နားထောင်စရာကို နားထောင်၊ နားလည်စရာကို နားလည်၊ ဝန်ခံစရာကို ဝန်ခံ၊ ပြုပြင်ပြောင်းလဲစရာကို ပြုပြင် ပြောင်းလဲ စသည်ဖြင့် အမှန်တရားကိုရင်ဆိုင်ကာ လုပ်ရဲ၊ အကောင်အထည်ဖော်ရဲသော သတ္တိမျိုးကိုဖြင့် လိုအပ်သည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသတည်း။ ။

No comments:

Post a Comment