Thursday, September 5, 2019

ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်းနှင့်ဇနီး ရန်ကုန်မြို့သို့ရောက်ရှိ၊ ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညို
No photo description available.
ရန်ကုန် စက်တင်ဘာ ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်းနှင့် ဇနီး မစ္စစ်ကင်မ်ဂျောင်းဆုတို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဇနီး ဒေါ်ခိုင်နွယ်ဦး၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသန့်စင်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-Hwa တို့နှင့်အတူ ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်မှ ရန်ကုန်မြို့သို့ အထူးလေယာဉ်ဖြင့် ရောက်ရှိကြသည်။
ကြိုဆိုနှုတ်ဆက်
ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့်ဇနီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးနှင့် ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေ ဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။
မွန်းလွဲပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်းသည် ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ ကျင်းပသည့် မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်းမှု စက်မှုဇုန်စတင်တည်ထောင်ခြင်းနှင့် မြန်မာ-ကိုရီးယား အတူတကွ အောင်မြင်တိုးတက်ခြင်းနှင့် ချမ်းသာကြွယ်၀ခြင်းတို့၏ မိတ်ဖက်ခေါင်းစဉ်ဖြင့် ကျင်းပသည့် မြန်မာ-ကိုရီးယား စီးပွားရေးဖိုရမ်သို့ တက်ရောက်အားပေးချီးမြင့် သည်။
ညနေပိုင်းတွင် ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးနှင့်အဖွဲ့သည် အာဇာနည်ဗိမာန်သို့ သွားရောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်၌ လွမ်းသှူပန်းခွေချ အလေးပြုကြသည်။
ထို့နောက် ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးနှင့် အဖွဲ့သည် အာဇာနည်ဗိမာန်ပရဝဏ်ရှိ ဗိုလ်ချုပ်အောင်ဆန်း အာဇာနည်ဗိမာန်၌ ကျဆုံးသွားသော ကိုရီးယားသမ္မတနိုင်ငံမှ အာဇာနည်ပုဂ္ဂိုလ်များအထိမ်းအမှတ် (Aung San Mausoleum Korean Martyrs Memorial)သို့ သွားရောက်ဂါရ၀ပြု အလေးပြုကြပြီး လွမ်းသူ့ပန်းခွေချ ဆုတောင်းမေတ္တာ ပို့သကြသည်။
ထိုမှတစ်ဆင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့ ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညိုကြသည်။
ရှေးဦးစွာ ကိုရီးယားသမ္မတနိုင်ငံ သမ္မတသည် စေတီတော် ဧည့်သည် တော် မှတ်တမ်းတွင် လက်မှတ်ရေးထ်ိုးပြီး စေတီတော် ရင်ပြင်ဧည့်ခံတန်ဆောင်းမှ တစ်ဆင့် စေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့သည် စေတီတော် မြတ်ကြီးအား လက်ယာရစ် တစ်ပတ်လှည့်လည်ဖူးမြော်ကြည်ညိုပြီး သာသနိက အဆောက်အအုံများအား ကြည့်ရှုလေ့လာကြကာ မွေးနေ့ မွေးနံထောင့်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ရေသပ္ပာယ်ပူဇော်၍ စေတီတော်ရင်ပြင် အောင်မြေ၌ အဖွဲ့ဝင်များနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ သတင်းစဉ်

No comments:

Post a Comment