Thursday, September 5, 2019

မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှုစက်မှုဇုန် စတင်တည်ထောင်ခြင်းနှင့်မြန်မာ-ကိုရီးယား စီးပွားရေးဖိုရမ်သို့ ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာ မွန်ဂျေအင်းနှင့်ဒုတိယသမ္မတ ဦးမြင့်ဆွေတို့ တက်ရောက်အားပေးချီးမြှင့်
Image may contain: 19 people, people sitting
ရန်ကုန် စက်တင်ဘာ ၄
မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စတင်တည်ထောင်ခြင်းနှင့် မြန်မာ-ကိုရီးယား အတူတကွ အောင်မြင်တိုးတက်ခြင်းနှင့် ချမ်းသာကြွယ်၀ခြင်း တို့၏ မိတ်ဖက်ခေါင်းစဉ်ဖြင့်ကျင်းပသည့် မြန်မာ-ကိုရီးယား စီးပွားရေးဖိုရမ်ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ Lotte ဟိုတယ်၌ကျင်းပရာ ကိုရီးယား သမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေတို့ တက်ရောက်အားပေးချီးမြှင့်ကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဦးဟန်ဇော်နှင့် ဦးသောင်းထွန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးသန့်စင်၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-Hwa ၊ မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ Korea International Trade Association Chairman & CEO နှင့် တာဝန်ရှိသူများ၊ မြန်မာနှင့် ကိုရီးယား နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ Korea International Trade Association Chairman & CEO Mr. Kim Young Ju နှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားကြသည်။
ထို့နောက် ကိုရီးယားသမ္မတနိုင်ငံရှိ ဟန်မြစ်၏အံ့ဖွယ်ရာ၊ တောင်ပိုင်းမူဝါဒသစ်၊ အနာဂတ်ပူးပေါင်း ဆောင်ရွက်ရေး မျှော်မှန်းချက်နှင့် အထူးစီးပွားရေးဇုန် အကြောင်းအရာများကို ဗီဒီယိုဖြင့်ပြသပြီး Korea Land & Housing Corporation မှ President Mr. Byeon Chang Heum က မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး စက်မှုဇုန်ဆောင်ရွက် သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။
မိတ်ဖက်ပြုမှုများ ပိုမိုမြှင့်တင်နိုင်
ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက မိန့်ခွန်း ပြောကြားရာတွင် ယနေ့ကျင်းပသည့် မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးစက်မှုဇုန် ကြေညာခြင်း နှင့် မြန်မာ-ကိုရီးယား စီးပွားရေးဖိုရမ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားခွင့် ရရှိသည့်အတွက် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်း အနေဖြင့် ယနေ့ကျင်းပပြုလုပ်သည့် အခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးသည့်အတွက် အထူးကျေးဇူး တင်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တွင် ပျော်ရွှင်ချမ်းမြေ့ပါစေရန်လည်း ဆန္ဒပြုပါကြောင်း၊ သမ္မတ မစ္စတာ မွန်ဂျေအင်း၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှု နှင့် မိတ်ဖက်ပြုမှုများ ပိုမိုမြှင့်တင်နိုင်ပြီး ကဏ္ဍသစ် တစ်ရပ်ကို ဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ပါကြောင်း။
ပိုမိုဖိတ်ခေါ် နိုင်မည်
၁၉၇၅ ခုနှစ် မြန်မာ-ကိုရီးယား နှစ်နိုင်ငံသံတမန် ဆက်ဆံရေး စတင်ချိန်မှစပြီး နှစ်နိုင်ငံ အပြန်အလှန်ခရီးစဉ် များနှင့် စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ မှတစ်ဆင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးခိုင်မာလာခဲ့ပါ ကြောင်း၊ ယနေ့စတင်သည့် မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စက်မှုဇုန်သည် မိတ်ဆွေဖြစ်သည့် ကိုရီးယားသမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတွင် မှတ်တိုင်တစ်ရပ် ထပ်မံထူထောင်နိုင်မည်ဖြစ်သကဲ့သို့ ကိုရီးယားသမ္မတနိုင်ငံက ရင်းနှီးမြှုပ်နှံမှုများကို မြန်မာ နိုင်ငံသို့ ပိုမိုဖိတ်ခေါ် နိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာလာစေမည် ဖြစ်ပါကြောင်း၊ ယခုစီမံကိန်းအောင်မြင်အောင် အကူ အညီများ ပေးအပ်သည့်အတွက်လည်း ကိုရီးယားသမ္မတ နိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့် ကိုရီးယားသမ္မတ နိုင်ငံအစိုးရကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် စက်မှုဇုန်တည်ထောင်နိုင်ရေးအတွက် ပံ့ပိုးပေးသည့် ကိုရီးယားသမ္မတနိုင်ငံ၊ မြေယာနှင့် အိုးအိမ်ကော်ပိုရေးရှင်း နှင့် အခြားသက်ဆိုင်ရာအဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း။
အခွင့်ကြုံခိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိန္ဒိယ နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်း၏ တောင်ပိုင်းမူဝါဒသစ် (New Southern Policy) အပေါ် ဦးဆောင်ဦးရွက်ပြုမှုအတွက်လည်း ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမို ကောင်းမွန်သည့် ပတ်ဝန်းကျင် ပေါ်ပေါက်လာစေရေး အတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပြည်သူကိုဗဟိုပြုပြီး အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေသည့် စီးပွားရေးမူဝါဒကိုလည်း ချမှတ်ခဲ့ပြီးဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒ (၁၂)ရပ်သည် နိုင်ငံတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက် စေရန် ရည်ရွယ် ချမှတ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားစီးပွားရေးမူဝါဒနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို အထောက် အကူပြုနိုင် မည့် ရင်းနှီးမြှုပ်နှံမှုမူဝါဒကိုလည်း ချမှတ်ကျင့်သုံးလျက် ရှိပါကြောင်း။
မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံသူများအကြား ခွဲခြားဆက်ဆံခြင်းမရှိဘဲ ခိုင်မာသော ဥပဒေမူဘောင် ဖန်တီးပေးခြင်းဖြင့် အခြေခံအဆောက်အဦဖွံ့ဖြိုးရေး ကဲ့သို့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် တာဝန်ယူမှုရှိပြီး နှစ်ဖက်အကျိုးရှိစေမည့် နိုင်ငံခြားရင်း နှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိပါကြောင်း။
အချက်အချာကျသည့်နေရာတွင် တည်ရှိ
မြန်မာနိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်ပြီး အာဆီယံနိုင်ငံများသာမက အခြားနိုင်ငံ များနှင့်အတူ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိ သည့် အကောင်းဆုံးနည်းလမ်းများကို လိုက်ပါဆောင် ရွက် နိုင်စေရေးနှင့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်စေရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီအနေအထား အရ မဟာဗျူဟာ အချက်အချာကျသည့်နေရာတွင် တည်ရှိခြင်း၊ လုပ်အားခသက်သာခြင်းနှင့် ပြည်သူတို့၏ အရည်အချင်းရှိမှုတို့ကြောင့် မြန်မာနိုင်ငံတွင် ကုန် ထုတ်လုပ်မှုအခြေပြုလုပ်ငန်းများသည် အကျိုးအမြတ် များစွာရရှိနိုင်သည့် အလားအလာရှိပါကြောင်း၊ မိတ်ဖက် နိုင်ငံများနှင့် စက်မှုဇုန်နှင့် စီးပွားရေးဇုန်များ တည်ထောင် ခြင်းသည်လည်း မြန်မာနိုင်ငံတွင် အောင်မြင်မှုများစွာ ရရှိလျက်ရှိပါကြောင်း။
စင်စစ်အားဖြင့် ကိုရီးယားသမ္မတနိုင်ငံသည် မြန်မာ နိုင်ငံတွင် အထူးသဖြင့် ထုတ်လုပ်မှုကဏ္ဍနှင့် အခြေခံ အဆောက်အဦကဏ္ဍတို့တွင် အဓိက ရင်းနှီးမြှုပ်နှံလျက် ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ ပုဂ္ဂလိ ကကဏ္ဍသာမက အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမို အားကောင်းလာခြင်းကြောင့် မြန်မာနိုင်ငံ တွင် ကိုရီးယား သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်က ၂၀၁၉ ခုနှစ် ဇူလိုင်လအထိ ကဏ္ဍ ၁၂ ခုတွင် နိုင်ငံပေါင်း ၅၀ က ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၈၁ ဘီလီယံနှင့် လုပ်ငန်းပေါင်း ၁၇၇၉ ခုကို ခွင့်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ကိုရီးယားသမ္မတနိုင်ငံ သည် မြန်မာနိုင်ငံတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံတန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း ၁၇၇ ခုကို ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံများအနက် ဆဋ္ဌမမြောက်နေရာတွင် ရပ်တည်လျက် ရှိပါကြောင်း။
မိမိတို့အနေဖြင့် သဘာ၀ပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ နိုင်ငံတော်နှင့် နိုင်ငံသား များကို အကျိုးရှိစေမည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ် ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အဆိုပြုချက်များကို စိစစ်အတည်ပြုရာတွင် သဘာ၀ပတ်ဝန်းကျင်နှင့် လူမှု ပတ်ဝန်း ကျင်ထိန်းသိမ်းပြီး တာဝန်ယူမှုရှိသည့် စီးပွားရေး လုပ်ငန်းများကို ဦးစားပေးလျက်ရှိပါကြောင်း၊ ကိုရီးယား သမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ဦးစားပေးကဏ္ဍများနှင့် ကိုက်ညီမှုရှိသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိပါ ကြောင်း။
နည်းပညာများ လွှဲပြောင်းပေး
နိဂုံးချုပ်အနေဖြင့် ကိုရီးယားသမ္မတနိုင်ငံက ရင်းနှီး မြှုပ်နှံမှုများသည် မြန်မာနိုင်ငံသို့ အလုပ်အကိုင်အခွင့် အလမ်းများ ယူဆောင်လာရုံသာမက အသိပညာ၊ အတတ် ပညာနှင့် နည်းပညာများ လွှဲပြောင်းပေးနိုင်ပြီး မိမိတို့ နိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သည့် လူမှုစီးပွား ဘ၀ကို ဖန်တီးပေးနိုင်မည် ဖြစ်ပါကြောင်း၊ မြန်မာ-ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု များတွင် အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းက မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်အနီးရှိ အကြီးစားစက်မှုဇုန်တွင် ဖက်ရှင်(အထည်ချုပ်)၊ အထည်အလိပ်၊ ဆောက်လုပ် ရေး နှင့် ဆက်သွယ်ရေး စသည့် များစွာသောစက်မှုလုပ်ငန်းများ ဝင်ရောက်နိုင်သော စက်မှုအခြေခံ အဆောက်အဦကို တည်ဆောက်မည်ဖြစ်ပါကြောင်း။
က္ဘာ့ဈေးကွက်ကိုပါ အတူသွားနိုင်မည်
အဆိုပါ စီမံကိန်းက တူညီသော ရည်မှန်းချက်တစ်ခု ကို ဦးတည်ပြီး အလုပ်လုပ်နေသော မြန်မာ-ကိုရီးယား အစိုးရနှစ်ရပ်၏ ကြိုးစားအားထုတ်မှုများမှ အရေးကြီးလှ သော ရလဒ်တစ်ခုဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက် ခြင်းအားဖြင့် မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့က အာရှကို လွန်ပြီး ကမ္ဘာ့ဈေးကွက်ကိုပါ အတူသွားနိုင် မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးအတွက် အားကြီးလှသော ခုန်ကျော်တိုးတက်မှု တစ်စိတ်တစ်ဒေသ အဖြစ် ကိုရီးယား နိုင်ငံက ပါဝင်နိုင်မည့်အတွက်လည်း ဝမ်းမြောက်မိပါကြောင်း။
ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး စက်မှုဇုန်စတင်ရေးအတွက် မြန်မာနိုင်ငံမှ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ကိုရီးယားနိုင်ငံမှ မြေနှင့် အိုးအိမ်လုပ်ငန်း အဖွဲ့တို့၏ ကြိုးစားအားထုတ်မှုများအတွက် ကျေးဇူး တင်ရှိပါ ကြောင်းကို ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယနှင့် အာဆီယံမှ စားသုံးသူ ၃ ဒသမ ၄ ဘီလီယံနှင့် ချိတ်ဆက်ပေးမည့် hub ဆုံချက်နေရာ ဖြစ်ပါကြောင်း၊ လူဦးရေ ၅၃ သန်းရှိပြီး အဆိုပါ လူဦးရေ၏ တစ်ဝက်က အသက် ၃၀ အောက် လူငယ်များဖြစ်သော ကြောင့် မြန်မာနိုင်ငံသည် ငယ်ရွယ်ပြီး သွက်လက်သော နိုင်ငံဖြစ်ပါကြောင်း။
မြန်မာအစိုးရ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ကြောင့် ရလဒ်အဖြစ် နှစ်စဉ် မြန်ဆန်သော ဖွံ့ဖြိုးမှုနှုန်း ၆/၇ ရာခိုင်နှုန်းကို တောက်လျှောက်ရရှိလာခဲ့ပါကြောင်း၊ ထိုဖွံ့ဖြိုးမှုကို ဟိုတယ်ကြီးများ၊ ကုန်တိုက်ကြီးများ ဆောက်လုပ်လာသည်နှင့်အမျှ မိုးထိတိုက်တာအဆောက် အအုံများကြောင့် မြန်မာနိုင်ငံ ကောက်ကြောင်းများတွင် နေ့စဉ်ပြောင်းလဲမှုများက အဆိုပါ ဖွံ့ဖြိုးမှုကို ထင်ဟပ်နေပါ ကြောင်း၊ မြန်မာနိုင်ငံသည် မြန်ဆန်သော၊ ခိုင်မာသော ဆိုသည့် နိုင်ငံအမည်ဖွင့်ဆိုချက်အတိုင်း လျင်မြန်၊ ခိုင်မာ အားကောင်းသော တိုးတက်မှုများကို ဖော်ဆောင်နေပါ ကြောင်း။
ဧရာ၀တီရဲ့ ထူးခြားအောင်မြင်မှု
မြန်မာနိုင်ငံ အစိုးရ၊ ပြည်သူအားလုံးတို့ အတူတကွ ကြိုးစားဆောင်ရွက်ခဲ့သော အလုပ်နှင့် အောင်မြင်မှုများ၏ ကျေးဇူးကြောင့်သာ ထိုသို့ တိုးတက်မှုများ ရရှိခဲ့ခြင်းဖြစ်ပါ ကြောင်း၊ ကိုရီးယားနိုင်ငံတွင် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုမှ သည် "ဟန်မြစ်၏ ထူးခြားအောင်မြင်မှု"ကို ဖန်တီးခဲ့ သကဲ့သို့ မြန်မာ-ကိုရီးယား စီးပွားရေးပူး ပေါင်းဆောင်ရွက် ရေး စက်မှုဇုန်က မြန်မာနိုင်ငံ၌ "ဧရာ၀တီရဲ့ ထူးခြား အောင်မြင်မှု" ဖန်တီးရာတွင် လှေကား ထစ်တစ်ခုဖြစ်စေ မည်ဟု မျှော်လင့်ပါကြောင်း။
လွန်ခဲ့သော နှစ်ပေါင်း ၇၀ ကိုရီးယားစစ်ဖြစ်နေစဉ် မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာ ငါးသောင်းတန်ဖိုးရှိ သော ဆန်ကို ကိုရီးယားပြည်သူလူထုအတွက် အကူအညီ အဖြစ် ပေးပို့ခဲ့ပါကြောင်း၊ ထိုအလှူဖြင့် စစ်၏အနိဋ္ဌာရုံ အပျက်အစီးများအကြား ထမင်းတစ်နပ်အတွက် စိတ်ပူပန် နေရသူများအဖို့ အလွန်ထိရောက်ခဲ့ပါကြောင်း။
နှစ်နိုင်ငံအကြား အပြန်အလှန် ဖြည့်ဆည်းသော ဆက်ဆံရေးတစ်ခု ပေါ်ထွန်းလာခြင်း၏ ရလဒ်အဖြစ် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် သတ္တမနှစ်အဖြစ် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်အထိ ရောက်နေပြီ ဖြစ်ပါ ကြောင်း၊ ထိုနှစ်နိုင်ငံအကြားတွင် တူညီသည်များ များစွာရှိပါကြောင်း။
မြန်မာနိုင်ငံ ယဉ်ကျေးမှုအရ အများကို အလှူလုပ် ခြင်း၊ ဧည့်ခံကျွေးမွေးခြင်း၊ ကုသိုလ်ယူခြင်းများသည် ကိုရီးယားနိုင်ငံက ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် ဆင်တူပါ ကြောင်း၊ ထို့အပြင် သက်ကြီးဝါကြီးများကို လေးစားခြင်း၊ ကိုယ်နှုတ်အမူအရာဆိုင်ရာ စောင့်စည်းခြင်း စသည်များက မိမိတို့အကြား တူညီစွာကျင့်သုံးကြသည့် ယဉ်ကျေးမှု တစ်ရပ် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့၏ တူညီသော ယဉ်ကျေးမှုနှင့် ခံစားမှုမှတစ်ဆင့် ပိုမိုခိုင်မာအားကောင်း သည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ဖန်တီးနိုင်စေ သည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတစ်ခုကို ပျိုးထောင်ထားကြပါကြောင်း။
မြန်မာနိုင်ငံ၏ "ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက် ညီသော ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်"တွင် "ငြိမ်းချမ်း ရေးနှင့် တည်ငြိမ်ရေး"၊ "သာယာ၀ပြောခြင်းနှင့် မိတ်ဖက် ဖွဲ့ ဆောင်ရွက်ခြင်း"နှင့် "ပြည်သူနှင့် ကမ္ဘာမြေ" ဟူသော မဏ္ဍိုင်သုံးရပ် ပါဝင်ပါကြောင်း၊
နှစ်နိုင်ငံလုံးအတွက် အနာဂတ်ကို ဦးတည်
ကိုရီးယားသမ္မတနိုင်ငံ၏ တောင်ပိုင်းမူဝါဒသစ်က တူညီသော အတွေးအခေါ်၊ ရည်မှန်းချက်များကို မျှဝေ လက်ခံရင်း အာဆီယံနှင့်အတူ သာယာ၀ပြောရန် ကြိုးစား မည်ဖြစ်ပါကြောင်း၊ အဆိုပါ အတွေးအခေါ်နှင့် ရည်မှန်းချက်များက မြန်မာနိုင်ငံ၏ "ပြည်သူများအတွက် ပူးပေါင်းဆောင်ရွက်ခြင်း၊ အတူယှဉ်တွဲနေထိုင်ခြင်းနှင့် ငြိမ်းချမ်းရေး"အတွက် ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ထဲတွင် ပါသည့် ရည်မှန်းချက်၊ အတွေးအခေါ်များဖြစ်ပါကြောင်း၊ အဆိုပါ တူညီသော ရည်မှန်းချက်များအပေါ် အခြေခံပြီး နှစ်နိုင်ငံလုံးအတွက် အနာဂတ်ကို ဦးတည်သော ပူးပေါင်း ဆောင်ရွက်ရေးကို ယနေ့ မီးမောင်းထိုးပြီး ဆွေးနွေးချင်ပါ ကြောင်း။
ပထမဦးစွာ မိမိတို့က အသိအမြင်၊ အတွေ့အကြုံများ ကို မျှဝေပေးလိုသူများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအား ကောင်းလာအောင် လုပ်ဆောင်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံက အဆင့်မြင့်ပညာရေးနှင့် ထူးချွန်သော လှူစွမ်း အား အရင်းအမြစ်များရရှိရန် စိတ်အားထက်သန်မှု က စီးပွားရေးစနစ်သစ်အတွက် အခြေခံအုတ်မြစ်များပင်ဖြစ် ပါကြောင်း၊ မိမိတို့၏ အဆင့်မြင့်ပညာရေး စွမ်းဆောင်ရည် ကို ပိုမိုခိုင်မာအားကောင်းစေရန်၊ တိုက်ရိုက်ပညာရေးကို အသုံးပြုပြီး မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို တီထွင် ဆန်းသစ်ရန် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားသွားမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကြိုးစားခြင်းမှသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမှ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်မည့် မြန်မာနိုင်ငံ၏ သုတေသနနှင့် တီထွင်ဆန်းသစ်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့် တင်ရေးအဖွဲ့ အစည်းများ အောင်မြင်စွာ လုပ်ဆောင်နိုင်ရေးကို ပညာရေးစနစ်မှ တစ်ဆင့် ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း၊ အတွေ့အကြုံ များကို မျှဝေပေးသလို၊ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်မှုနှင့် လုပ်ငန်းငယ်များ တီထွင် ဆန်းသစ်ရေးကို မနေ့ကပင် သဘောတူခဲ့ကြပါကြောင်း၊ အဆိုပါ သဘောတူညီချက်က ဇီ၀၊ နာနို၊ အာကာသ၊ နျူကလီးယား လျှပ်စစ်စက်ရုံလုပ်ငန်းများစသည့် အလားအလာရှိသော အနာဂတ်စီမံကိန်းများကို စူးစမ်း လေ့လာ၊ ရေးဆွဲအကောင်အထည်ဖော်ဆောင်သွား နိုင်မည့် အခွင့်အလမ်းတစ်ခုကို ဆောင်ကြဉ်းပေးလိမ့်မည် ဖြစ်ပါကြောင်း။
ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာ
ဒုတိယအနေဖြင့် ပြည်သူလူထု၏ ဘ၀များကို သာမက စက်မှုလုပ်ငန်းများကိုပါ ကူညီပေးရာတွင် အထောက် အကူဖြစ်သော အခြေခံအဆောက်အဦများ တည်ဆောက်ရာ၌ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာ အားကောင်း အောင် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ မိမိတို့ နှစ်နိုင်ငံက မြန်မာ-ကိုရီးယား ချစ်ကြည်ရေး တံတား၊ လျှပ်စစ် ကွန်ရက်များ တည်ဆောက်ခြင်း၊ ရထားလမ်းများ ပြုပြင်ခြင်းနှင့် ဆက်လက်၍ တံတားတည်ဆောက်ခြင်း စသော အခြေခံအဆောက်အဦများ တည်ဆောက်ခြင်းတွင် အောင်မြင်စွာ ပူးပေါင်းဆောင်ရွက်ထားကြပါကြောင်း။
မိမိတို့နှစ်နိုင်ငံ သဘောတူညီထားသော ပြင်ပစီးပွား ရေးပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံမှတစ်ဆင့် ဆက်လက်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ထားပါကြောင်း၊ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးစက်မှုဇုန်က စီးပွားရေး လုပ်ငန်းများ တည်ငြိမ်စွာနှင့် အောင်မြင်စွာ လုပ်ငန်း လည်ပတ် လုပ်ဆောင်နိုင်ရန် စက်ပစ္စည်းကိရိယာများ ကောင်းစွာတပ်ဆင်ထားသော အခြေခံအဆောက်အဦ များကို ကုမ္ပဏီများအတွက် ပေးအပ်သွားမည်ဖြစ်ပါ ကြောင်း။
"ကိုရီးယားစားပွဲ"ဆိုပြီး ကိုရီးယားကုမ္ပဏီများအတွက် စုစည်းဆောင်ရွက်ပေးမည့် ရုံးတစ်ခုကို တည်ထောင်ပြီး သည့် အခါတွင် ပြည်ပရန်ပုံငွေ ပံ့ပိုးခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု အာမခံချက် သဘောတူညီချက်များမှ ပံ့ပိုးမှုတို့၏ ကျေးဇူးကြောင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ မြန်မာနိုင်ငံသို့ ဝင်ရောက်ရေးမှာ ပိုပြီးကျယ်ပြန့် လာမည်ဖြစ်ပါကြောင်း၊
နောက်ဆုံးတွင် အိမ်ထောင်စုသုံး ကုန်စည်များ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့နေရင်း ယဉ်ကျေးမှု ဖလှယ်မှုကို မြှင့်တင်သလို ပိုမိုကောင်းမွန်အောင် ဆက်လက်ပြီး လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ကိုရီးယားမှ ခေတ်ပေါ်ကေပေါ့ဂီတတွင် ပြိုင်ပွဲလုပ်ပြီး အနုပညာရှင်လောင်းလျာရှာဖွေသည့် အစီအစဉ်ကို အတုယူပြီး မြန်မာနိုင်ငံသည်လည်း "ဂယ်လက်ဆီ စတား မြန်မာ" ဆိုပြီး လွှင့်သလို၊ ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ အကြား ပူးတွဲထုတ်လုပ်ခဲ့သော ရုပ်ရှင်ဇာတ်ကားကလည်း နှစ်နိုင်ငံအကြား ယဉ်ကျေးမှု အကြောင်းအရာပိုင်း ဖလှယ်မှုကို များစွာမြှင့်တင်ပေးထားပါကြောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "ဒီရုပ်ရှင်မှာ စည်းလုံးမှုအင်အား" ရှိကြောင်း ပြောခဲ့ပါ ကြောင်း။
အရေးကြီးသောအခန်းကဏ္ဍမှပါဝင်
တစ်ယောက်နှင့် တစ်ယောက် နားလည်သိရှိမှု ပိုမို မြင့်မားနက်ရှိုင်းစေရေးမှာ ယဉ်ကျေးမှုနှင့် ယဉ်ကျေးမှု ဖလှယ်မှုတို့ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်မှာ သေချာပါကြောင်း၊ ကိုရီးယားအိမ်သုံးပစ္စည်းများဖြစ် သော အစားအသောက်၊ အလှကုန်၊ ဖက်ရှင် အဝတ်အစား၊ အိတ် စသည့်ပစ္စည်းများကို မြန်မာနိုင်ငံ၏ စိတ်ဝင်စားမှု ကြောင့် နှစ်နိုင်ငံအကြား ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေပါကြောင်း။
လက်ရှိတွင် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ကုန်တိုက်မှာ ကိုးရီးယား ကုန်ပစ္စည်း အမှတ်တံဆိပ်များမှ လုပ်ငန်းခွဲလုပ်ပိုင်ခွင့် ဖရန်ချိုက်ဇ်များအတွက် သီးခြား နေရာ ပေးထားပါကြောင်း၊ ထို့ကြောင့် မြန်မာစားသုံးသူ များက ကိုရီးယားနှင့် ကိုရီးယားယဉ်ကျေးမှုအကြောင်း ပိုပြီး လေ့လာသိရှိနိုင်ပါကြောင်း။
မြန်မာနိုင်ငံတွင် ပစ္စည်းအသစ်များ၊ဝန်ဆောင်မှု အသစ်များနှင့်အတူ ယဉ်ကျေးမှုဖလှယ်မှုလည်း ပိုမိုကျယ်ပြန့် လာမည်ဟု မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံမှ မြင့်မားလှ သော ယဉ်ကျေးမှုနှင့် အိမ်သုံးကုန်စည်များကို ကိုရီးယား တွင် မိတ်ဆက်ပေးနိုင်ပြီး ကိုရီးယားပြည်သူများက နှစ်သက်ကြမည်ဟု မျှော်လင့်ပါကြောင်း၊ အာဆီယံနှင့်
နှစ် ၃၀ ပြည့် ဆွေးနွေးမှုကို ဂုဏ်ပြုသောအားဖြင့် နိုဝင်ဘာလတွင် ကိုရီးယားနိုင်ငံ၌ "ကိုရီးယား-အာဆီယံ အထူးဂုဏ်ပြုသော ထိပ်သီးဆွေးနွေးပွဲ" ကို သာမက "ပထမအကြိမ် ကိုရီးယား-မဲခေါင် ထိပ်သီးဆွေးနွေးပွဲ" ကိုပါ ကိုရီးယားနိုင်ငံ ဘူဆန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပါ ကြောင်း။
ဘူဆန်မှာ ပြန်ဆုံကြမည်
ကိုရီးယားနှင့် မြန်မာနိုင်ငံတို့အကြား ပူးပေါင်း ဆောင်ရွက်မှုသည် အဆိုပါ ထိပ်သီးဆွေးနွေးပွဲများတွင် အထူးသက်ဝင်တက်ကြွနေမည်ဖြစ်ပြီး မိမိတို့က ထိုကဲ့သို့ သွက်လက်တက်ကြွသော ပူးပေါင်းဆောင်ရွက်ခြင်းမျိုး ဆက်ရှိနေစေချင်ပါကြောင်း၊ လူကြီးမင်းများ အားလုံးနှင့် ဘူဆန်မှာ ပြန်ဆုံကြမည်ဖြစ်ပါကြောင်း။
တစ်လှေတည်းစီး တစ်ခရီးတည်းသွားဆိုသည့် မြန်မာစကားပုံရှိပါကြောင်း၊ ယနေ့ အခမ်းအနားက နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များအတွက် ချစ်ကြည် ရင်းနှီးမှုများ တည်ဆောက်နိုင်သော နေရာဖြစ်မည်ဟု ရိုးသားစွာ မျှော်လင့်ပါကြောင်း၊ မိမိတို့အားလုံး ငြိမ်းချမ်း ရေးနှင့် သာယာ၀ပြောရေးအတွက် တစ်လှေတည်းစီးနိုင် ပါစေဟု မျှော်လင့်ပါကြောင်း၊ မြန်မာ-ကိုရီးယား စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စက်မှုဇုန်သည် ပိုကောင်းသော အရာများနှင့် ပိုချစ်ကြည်သော ဆက်ဆံရေးများအတွက် ဆုံမှတ်တစ်ခုသာလျှင် ဖြစ်ပါကြောင်း၊ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် ကူညီရင်း၊ လေ့လာသင်ယူရင်း၊ တိုးတက်အောင် လုပ်ဆောင်ရင်း၊ ပိုမိုတောက်ပသော အနာဂတ်ဆီသို့ ဦးတည်ရွေ့လျားကြပါစို့ဟု ပြောကြား သည်။
ထို့နောက် မြန်မာ-ကိုရီးယားစီးပွားရေး ပူးပေါင်း ဆောင်ရွက်နေမှုကို ဗီဒီယိုဖြင့်ပြသပြီး ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာမွန်ဂျေအင်းသည် မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံကြမည့် ကိုရီးယားသမ္မတနိုင်ငံမှ ကုမ္ပဏီကိုးခုတို့ အကြား အပြန်အလှန်နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးမှုကို တက်ရောက် အားပေးချီးမြှင့်သည်။
ယင်းနောက် မြန်မာ-ကိုရီးယား စီးပွားရေးပူးပေါင်းမှု စက်မှုဇုန် စတင်တည်ထောင်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ LH မှ ရန်ကုန်ဌာနေ ကိုယ်စားလှယ် မစ္စတာ ရှင်းဟျိုဆော့ နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ် မီမီတင်တို့က အခမ်း အနားကို ဖွင့်လှစ်ပေးသည်။
ယင်းနောက် ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာ မွန်ဂျေအင်း၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော်နှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က စက်မှုဇုန် စတင်တည်ထောင်ခြင်း အထိမ်းအမှတ်အဖြစ် ပန္နက်တင်ပေးကြသည်။
မှတ်တမ်းတင်ဓာတ်ပုံရိုက်
ထို့နောက် ကိုရီးယားသမ္မတနိုင်ငံသမ္မတ မစ္စတာ မွန်ဂျေအင်း၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စု ဝန်ကြီးများ နှင့် နှစ်ဖက်ကိုယ်စားလှယ်များသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ယနေ့အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် KB Kookmin Bank တို့အကြား အိမ်ရာ ငွေကြေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Korea Land and Housing Corporation တို့အကြား ဒလမြို့သစ်စီမံကိန်း အကြိုဆန်းစစ်လေ့လာခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထို့အတူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ စီးပွားရေးတွေ့ဆုံပွဲများ ပုံမှန် ကျင်းပရန်၊ စီးပွားရေးသတင်းအချက်အလက်များဖလှယ် ရန် စသည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပူးပေါင်း လုပ်ဆောင်ရန် ကုန်သည်စက်မှုအသင်းချုပ်နှင့် Woori Financial Group တို့အကြား နားလည်မှုစာချွန်လွှာကို လက်မှတ်ရေး ထိုးခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment