Wednesday, September 4, 2019

အဆင့်မြင့်ပညာရပ်များ တက်ရောက်သင်ကြားမည့် ကျောင်းသား ကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ပေးပါရန် တိုက်တွန်းကြောင်းအဆို ဆွေးနွေး

Image may contain: 1 person, standing
နေပြည်တော် စက်တင်ဘာ ၃
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၏ မြန်မာ့မီးရထားပိုင် (ရေး - ချောင်းတောင်) မီးရထားနှင့် ကားလမ်းတံတား အသုံး ပြုခကောက်ခံခြင်းလုပ်ငန်းအား သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရေး - ချောင်းတောင်မီးရထားလမ်းနှင့် ကားလမ်းတံတားအသုံးပြုခ ကောက်ခံ ခြင်းလုပ်ငန်းကို သုံးနှစ်တစ်ကြိမ် တင်ဒါခေါ်ယူပြီး ဆောင်ရွက်ခဲ့ရာ နောက်ဆုံး အကြိမ်မှာ ၂၀၁၉ ခုနှစ် ဧပြီ ၂၄ ရက်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် မှုဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါယှဉ်ပြိုင်သူ ငါးဦးအနက် တစ်ဦးဖြစ် သည့် ဦးဝင်းတင့်ကို ငှားရမ်းခငွေကျပ် ၃၁၅ သိန်းဖြင့် ခွင့်ပြုခဲ့ပါကြောင်း၊ တံတားဖြတ်သန်းခကောက်ခံရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတ်မှတ် ထားသည့် နှုန်းထားအတိုင်း ကောက်ခံပါကြောင်း၊ ထို့ပြင် လုပ်ငန်းလုပ်ဆောင် သူအနေဖြင့် စာချုပ်ပါစည်းကမ်းချက်များအတိုင်း ယာဉ်အမျိုးအစားအလိုက် ဖြတ်သန်းခနှုန်းထားများကို ပွင့်လင်းမြင်သာစွာ အများပြည်သူသိသာစေရန် ကြော်ငြာဆိုင်းဘုတ် စိုက်ထူပြီးဖြစ်သည်ကို သိရှိရပါကြောင်း။
တံတားဖြတ်သန်းခနှုန်းထားကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါ က လုပ်ငန်းခွင့်ပြုမိန့်ကို ပြန်လည်ရုပ်သိမ်းပြီး ပေးသွင်းထားသည့် အာမခံ စပေါ်ငွေကိုလည်း နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်သည်ကို စာချုပ် တွင် ထည့်သွင်းချုပ်ဆိုထားပါကြောင်း၊ ရထားနှင့် တံတားဆက်သွယ်သည့် လမ်းကြောင်းများ ကောင်းမွန်စေရေးအတွက်လည်း တွန်းအားပေးညွှန်ကြား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။
ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်သန်း၏ ကယား ပြည်နယ် ဘောလခဲခရိုင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတွင် လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာဆောက်လုပ်ရန် အစီအစဉ်နှင့်ပတ်သက်၍ ဘောလခဲမြို့နယ် အားကစားရုံ၏ အရှေ့မြောက်ဘက် တွင် ပေ(၁၉၀ × ၁၃၀) မြေကွက်လပ်ပေါ်၌ လေးခန်းတွဲသုံးထပ် ဝန်ထမ်း အိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေစာရင်းတွင် ထည့်သွင်းလျာထားအဆိုပြု သွားမည်ဖြစ်ပါကြောင်းနှင့် ခွင့်ပြုချက်ရရှိပါက တည်ဆောက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားသည်။
နန်းယွန်းမြို့နယ် ကဲဆန်လုံကျန်းကျေးရွာ၊ ကဲဆန်ဆာလင်ကျေးရွာနှင့် ရှိတ်ညိုကျေးရွာများတွင် ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် ကျေးလက်ကျန်းမာရေး ဌာနခွဲများ ဖွဲ့စည်းဖွင့်လှစ်ရရှိရေး မူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) မှ ဦးမင်းနိုင်၏ စစ်ကိုင်း တိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်တွင် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသောဒေသများကို ကျန်းမာရေးဌာနတစ်ခုနှင့် ကျန်းမာ ရေးဌာန(ခွဲ)ငါးခု ချပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က လွှတ်တော်ကိုယ်စားလှယ် တင်ပြထားသည့် ကျေးရွာအုပ်စုခြောက်စုတွင် ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဌာနခွဲများ ချပေးနိုင်ခြင်း ရှိ၊ မရှိအား ဖြေကြား သွားမည်ဖြစ်ပါကြောင်း၊ နန်းယွန်းမြို့နယ် ကဲဆန်လုံကျန်းကျေးရွာ၊ ကဲဆန်ဆာ လင်ကျေးရွာနှင့် ရှိတ်ညိုကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံပေးနိုင်မည့်ဦးရေ ၂၁၉၇ ဦးအထိ များပြားပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲ သော ဒေသများဖြစ်သောကြောင့် မြေပုံစာရင်းရရှိပါက ၂၀၂၀ - ၂၀၂၁ ခုနှစ် တွင် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွဲ့စည်းဖွင့်လှစ်ရရှိရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းပုံ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် မူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။
လုံလောင်းကျေးလက်ကျန်းမာရေးဌာနခွဲသည် လွှမ်းခြုံနိုင်မည့် လူဦးရေ နည်းပါးပြီး ၎င်းကျေးလက်ကျန်းမာရေးဌာနခွဲမှ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်နေသည့်အတွက် ကျေးလက်ကျန်းမာရေးဌာနအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ် ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ခမ္မဂိကျေးရွာနှင့် တကုန်းကျေးရွာသည် လွှမ်းခြုံပေးနိုင်မည့် လူဦးရေနည်းပါးခြင်း၊ ၎င်းတို့အပိုင် ကျေးလက်ကျန်းမာရေး ဌာနခွဲများက ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံပေးနိုင်နေသည့်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ်မရှိပါကြောင်း ဖြေကြားသည်။
အလားတူ မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၏ စစ်တောင်းတံတားဟောင်းကြီးကို ရေရှည်အသုံးပြုနိုင်ရန် မည်သို့ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် ကလည်းကောင်း၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုးက သံတောင်ကြီးမြို့ မိုးလုံလေလုံအားကစားခန်းမ ကို အခြေခံပညာအထက်တန်းကျောင်းပိုင်အဖြစ် ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ် မင်းထန်၏ ချင်းပြည်နယ် မတူပီမြို့နယ် တန်ကူကျေးလက် ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ကလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး ၏ စစ်ကိုင်းတိုင်းဒေသကြီး ရှေးဟောင်းနယ်မြေ ဖိုလ်ဝင်တောင် ရှေးဟောင်း ဘုရားများကို ရှေးဟောင်းသုတေသနမှ ထိန်းသိမ်းစောင့်ရှောက်မှု မည်သို့စီမံ ထားသည်ကိုသိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းကလည်းကောင်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြသည်။
ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးကျော်ကျော်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့ လာသော မြန်မာနိုင်ငံ ဆေးပညာရပ်များဆိုင်ရာ ဘွဲ့၊ ဒီပလိုမာနှင့် လက်မှတ် များဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းသည်။
ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါ ပြင်ဆင်ချက်ဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်များအပါအဝင် အစိုးရတက္ကသိုလ် အသီးသီး တွင် အဆင့်မြင့်ပညာရပ်များ တက်ရောက်သင်ကြားမည့် ကျောင်းသား ကျောင်းသူများအတွက် အတိုးနည်းပါးသည့် ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ် များ ရေးဆွဲအကောင်အထည်ဖော်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ် က မိမိတို့နိုင်ငံသည် ယခုအခါတွင် မြို့နှင့် တောရွာများ၌ ပြည်သူလူထု၏ အခြေခံလိုအပ်ချက်များကို ဆောင်ရွက်နေရချိန်ဖြစ်ပါကြောင်း၊ အခြေခံ ပညာရေးကဏ္ဍတွင်လည်း ကျောင်းအဆင့်တိုးမြှင့်ခြင်း၊ ကျောင်းဆောင်များ ဆောက်လုပ်ခြင်း၊ ဆရာ ဆရာမများ တိုးမြှင့်ခန့်ထားခြင်းများ ပြုလုပ်နေရပါ ကြောင်း၊ ထို့ကြောင့် တက္ကသိုလ်၊ ကောလိပ်ကျောင်းသားများအတွက် ပညာသင်စရိတ်ကို အစိုးရ၏ဘတ်ဂျက်မှ စိုက်ထုတ်ချေးပေးပါက နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေခိုင်မာလာပြီး အစိုးရဘတ်ဂျက်လုံလောက် ရုံသာမက ပိုလျှံလာရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ အဆိုရှင်တင်ပြသည့် ကျောင်းသားချေးငွေ၊ ပညာရေးချေးငွေ အစီအစဉ်များကို အကောင်အထည် မဖော်နိုင်မီ နိုင်ငံတော်အစိုးရအနေဖြင့် အဆင့်မြင့်တက္ကသိုလ်များသို့ တက်ရောက်မည့် ငွေကြေးချို့တဲ့ခက်ခဲသော ကျောင်းသားများအတွက် လက်ရှိ ပညာသင်ဆုနှင့် ပညာသင်ထောက်ပံ့ကြေးတို့ကို အရေအတွက်တိုးမြှင့်ပေးခြင်း၊ ဆုကြေးပမာဏတိုးမြှင့်ပေးခြင်းတို့ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ပညာရေးကို လက်တွေ့ကျကျဖြင့် မြန်မြန်အထောက်အကူပြုမည်ဖြစ်ပါကြောင်း ဆွေးနွေး သည်။
ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်က ပညာရေး ဝန်ကြီးဌာနအနေဖြင့် ချို့တဲ့သည့်မိသားစုမှ ကျောင်းသား ကျောင်းသူအတွက် လစဉ်ထောက်ပံ့ကြေးငွေကျပ် ၃၀၀၀၀၊ ထူးချွန်ကျောင်းသား ကျောင်းသူ အတွက် လစဉ်ငွေကျပ် ၁၀၀၀၀၀ ထောက်ပံ့ပေးနေသည်ကို သိရှိရပါကြောင်း၊ အဆိုပါနှုန်းထားများကို ပြင်ဆင်တိုးမြှင့်ပေးခြင်းသည်သာ လတ်တလောတွင် ပိုမိုသင့်တော်မည်ဟု ထင်မြင်မိပါကြောင်း၊ အဆိုရှင်၏ ရည်ရွယ်ချက်နှင့် စေတနာကို အသိအမှတ်ပြုရမည်ဖြစ်သော်လည်း နိုင်ငံတော်၏ လက်ရှိပကတိ အခြေအနေအရ ချေးငွေအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အဆင်သင့်မဖြစ်သေးခြင်း၊ အခြားအရေးကြီးစွာ ဆောင်ရွက်ရမည့်လုပ်ငန်း များစွာရှိနေခြင်းများကြောင့် အဆိုကို မှတ်တမ်းအဖြစ်သာ ထားရှိသင့်ပါကြောင်း ဆွေးနွေးသည်။
ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါက်တာ မောင်မောင်နှင့် ဧရာ၀တီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့် တို့က ဆက်လက်ဆွေးနွေးကြသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို စက်တင်ဘာ ၅ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်(သတင်းစဉ်)

No comments:

Post a Comment