ရန်ကုန် စက်တင်ဘာ ၇
အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်အဖွဲ့ နှင့် ကေအဲန်ယူ- ကရင်အမျိုးသား အစည်း အရုံး(KNU)ကိုယ်စားလှယ်အဖွဲ့တို့သည် ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ရွှေလီလမ်း ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိစ္စရပ်များနှင့် ပတ်သက်၍ အလွတ်သဘော ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် "ကျွန်တော်တို့ နိုင်ငံတော်အစိုးရအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးနောက်ပိုင်းမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စဉ်ဆက် မပြတ် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ပြီး ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင် နိုင်ဖို့ ရှေ့ဆက်လက်အကောင်အထည်ဖော်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်းလျက်ရှိပါတယ်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနဲ့ တွေ့ဆုံ ဆွေးနွေးမှုဟာ အခုဆိုရင် (၁၁) ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ဒီမို ကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်များ အပြည့်အဝရှိပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုဖြစ်ပေါ်လာဖို့အတွက် (၂၁)ရာစု ပင်လုံညီလာခံရဲ့ နိုင်ငံရေးစားပွဲဝိုင်းတွေပေါ်မှာ နိုင်ငံရေးသဘောတူညီချက်တွေ ချမှတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
ညှိနှိုင်းအဖြေရှာနိုင်ခဲ့
ဒီလိုဆောင်ရွက်ရာမှာ ကျွန်တော်တို့အကြားမှာ ဘုံသဘောတူညီချက်အဖြစ် ပဋိညာဉ်ချမှတ်ထားတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA)ကို မဏ္ဍိုင်ပြုပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာပဲဖြစ်ပါတယ်။ အနာဂတ်မှာဖြစ်ထွန်း ပေါ်ပေါက်လာမယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ မဟုတ်ဘူးဆိုတာကိုတော့ ကျွန်တော်တို့အားလုံး မျှော်လင့် ထားပြီးဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ လက်နက်ကိုင် ပဋိပက္ခနဲ့ ဖြေရှင်းလို့မရနိုင်ခဲ့တဲ့ အခြေအနေတစ်ခုကို နိုင်ငံ ရေးဆွေးနွေးပွဲတွေကနေတစ်ဆင့်သာ ဖြေရှင်းနိုင်မယ် ဆိုတာ ကျွန်တော်တို့အားလုံး လက်ခံထားကြပြီး ဖြစ်ပါ တယ်။ ဘယ်လိုပဲ မတူညီကွဲပြားခြားနားမှုတွေ ရှိပါစေ။ မတူညီမှုတွေကနေ တူညီမှု၊ ကွဲပြားခြားနားမှုတွေကနေ တူညီမှုတွေကို ကျွန်တော်တို့ကိုယ်တိုင် ညှိနှိုင်းအဖြေရှာ နိုင်ခဲ့ကြလို့လည်း ဃြဗ စာချုပ်၊ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၁)၊ အစိတ်အပိုင်း(၂)တွေ ရရှိခဲ့ တာပဲ ဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တာတွေ၊ ခက်ခဲပါ တယ်ဆိုတဲ့အရာတွေကို ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ လက်တွေ့အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်တွေဟာ ကျွန်တော်တို့ နှစ်ဖက်သဘောတူညီချက်နဲ့ ဖော်ဆောင် ခဲ့တာပဲ ဖြစ်ပါတယ်။
မမျှော်လင့်ဘဲ ဖြစ်ပေါ်လာတဲ့ မပြေလည်မှုတွေ၊ အကြောင်းအမျိုးမျိုးကြောင့် ပေါ်ပေါက်ခဲ့တဲ့ မပြေလည်မှု တွေကို ခြုံငုံသုံးသပ်ပြီးတော့ အစိုးရအနေနဲ့ တစ်ပြိုင်တည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားမယ့် လမ်းစဉ် လေးရပ်ကို ဖော်ထုတ်ပြီးတော့ ကမ်းလှမ်းခဲ့တာ ရှိပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ် တွေအနေနဲ့ NCA အရ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဖက်ဒရယ် အခြေခံမူတွေ ရယူနိုင်ဖို့ကိစ္စ၊ ၂၀၂၀ အလွန်နဲ့ ၂၀၂၀ မတိုင်ခင်မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အဆင့်လိုက်ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ၊ တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးရလဒ်တွေ ရရှိ ခံစားနိုင်ဖို့အတွက် စီမံကိန်းတွေ ချမှတ်ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဃြဗ ကို မဏ္ဍိုင်ပြုပြီး ပေါ်ပေါက်ခဲ့တာဖြစ်တဲ့အတွက် ကျွန်တော် တို့ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေဟာလည်း NCA ကနေ သွေဖည်လွဲချော်လို့ မဖြစ်နိုင်ပါဘူး။ နိုင်ငံတော်အစိုးရ အနေနဲ့ NCA ကိုဗဟိုပြုတဲ့ လုပ်ငန်းစဉ် လေးရပ်ကို ဖော်ထုတ်ကမ်းလှမ်းခဲ့တာဖြစ်ကြောင်းလည်း သတိပြုစေ လိုပါတယ်။ ဒီကနေ့ဆွေးနွေးပွဲကနေ ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေ၊ လက်တွေ့ကျတဲ့လုပ်ငန်းစဉ်တွေ ပေါ်ထွက်လာ မယ်လို့လည်း ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြဖို့ အခက် အခဲတွေရှိရင်လည်း ဝိုင်းဝန်းအဖြေရှာကြဖို့နဲ့ နှစ်ဖက် ယုံကြည်မှုတည်ဆောက်နိုင်ဖို့ သဘောတူညီချက်တွေ ရယူဆောင်ရွက်ပေးနိုင်ဖို့ ပြောကြားလိုပါတယ်" ဟု ပြောကြားသည်။
သဘောထားစုစည်းချက်များရရှိ
ပြီးခဲ့သည့် ဩဂုတ် ၂၀ ရက်တွင် ငြိမ်းချမ်းရေး ကော်မရှင်ကိုယ်စားလှယ်အဖွဲ့နှင့် ကေအဲန်ယူ ဒုတိယ ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့သည် ထိုင်း နိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ကြပြီး တစ်နှစ်ကျော်ကြာ မကျင်းပနိုင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံအစည်းအဝေး ပြန်လည်ကျင်းပနိုင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးနှင့် နှစ်ဖက် ကွဲပြားမှုများကို ရှာဖွေနိုင်မည့်နည်းလမ်းများအား ညှိနှိုင်း ဆွေးနွေးနိုင်ခဲ့သည်။ ယနေ့ဆွေးနွေးပွဲသည် အဆိုပါ ဆွေးနွေးမှုရလဒ်အနေဖြင့် အပြုသဘောဆောင်နိုင်မည့် သဘောထားစုစည်းချက်များရရှိစေရန်အတွက် ညှိနှိုင်း ဆွေးနွေးကြခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက အမှာစကား ပြောကြားရာတွင် "ဒီကနေ့ ဆွေးနွေးပွဲက ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ်ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံရေးဆွေးနွေးပွဲ ရှေ့ဆက်သွားနိုင်ဖို့အတွက် ကျွန်တော် တို့ ကေအဲန်ယူအဖွဲ့အစည်းနဲ့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်က ကိုယ်စားလှယ်များနဲ့ ညှိနှိုင်းပြီး ဆောင်ရွက် လာခဲ့တဲ့ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ဒီလိုဖြစ်ရ ခြင်းအကြောင်းရင်းကလည်း ကျွန်တော်တို့ရဲ့ NCA အကောင်အထည်ဖော်တဲ့နေရာမှာ ပိုမိုပြီးတော့ အားကောင်းဖို့အတွက် သဘောတူညီခဲ့တဲ့အတိုင်း လက်တွေ့ကျကျ အောင်အောင်မြင်မြင်နဲ့ သဘောတူညီပြီး ချုပ်ထားတဲ့ ပဋိညာဉ်အတိုင်း အကောင်အထည်ဖော်ဖို့ပါ။ တွေ့ဆုံမှုတွေက တစ်ဆင့်ပြီးတစ်ဆင့် နားလည်မှုနဲ့ တူညီမှု တွေ နီးစပ်လာတယ်။ ဒီအစည်းအဝေးက ကျွန်တော်တို့ NCA အကောင်အထည်ဖော်တဲ့နေရာမှာ ပိုမိုအောင်မြင် နိုင်ဖို့အတွက် ပိုမိုတိုးတက်အောင်မြင်ပြီး ကျွန်တော်တို့ သဘောတူအကောင်အထည်ဖော်နိုင်ဖို့အတွက် ဖြစ်ပါတယ်။
NCA ကို အကောင်အထည်ဖော်တဲ့နေရာမှာ သဘောတူညီချက်က အဓိက (၂) ချက်ရှိပါတယ်။ တစ်အချက်က သဘောတူထားတဲ့အတိုင်း အပစ်အခတ် ရပ်စဲရေး ခိုင်မာအောင်ပြုလုပ်ရမှာ ဖြစ်ပါတယ်။ အပစ် အခတ်ရပ်စဲရေးခိုင်မာအောင် ဆောင်ရွက်မယ်ဆိုရင် စာချုပ်မှာပါတဲ့အချက်တွေကို ပိုမိုအခြေခံပြီး ဆောင်ရွက် မှာ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ နိုင်ငံရေး ဆိုင်ရာကိစ္စရပ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်ရခြင်း အကြောင်းရင်းက ကျွန်တော်တို့နိုင်ငံ လွတ်လပ်ရေးရပြီးကတည်းကိုက ရင်ဆိုင်နေရတယ်။ ဒါကြောင့်မို့ NCA ကို အကောင် အထည်ဖော်ကြတယ်။ ဃြဗ ကို ကျွန်တော်တို့ မဏ္ဍိုင် ထားပြီး ကျွန်တော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက်၊ ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းရင်းသားပြန်လည်သင့်မြတ်ရေး အတွက်၊ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးရေးအတွက် အကောင် အထည်ဖော်ရမယ့် စာချုပ်ဖြစ်တယ်လို့ ကျွန်တော်တို့ လက်ခံပါတယ်။
အခက်အခဲစိန်ခေါ်မှုတွေကို ကျော်လွှား
ဒီနေ့ ဆွေးနွေးပွဲကNCA အကောင်အထည်ဖော်မှု ကို လက်တွေ့ကျကျနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ပကတိရှိနေတဲ့ အနေအထားနဲ့ ကိုက်ညီတဲ့အကောင်အထည်ဖော်မှု၊ ဆိုလိုတာက နိုင်ငံရေးအရ စစ်ရေးအရ ဆောင်ရွက်ရမယ့် ကိစ္စတွေဖြစ်ပါတယ်။ ဒီကနေ့ဆွေးနွေးပွဲမှာ တက်ရောက် နေတဲ့ နှစ်ဖက်စလုံး ခေါင်းဆောင်တွေက ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ တချို့ခေါင်းဆောင်တွေက မူလအစ ကတည်းကပါလာခဲ့တဲ့ ခေါင်းဆောင်တွေရှိပါတယ်။ အခက်အခဲတွေ ရှိပါတယ်။ သို့သော်လည်း တစ်ဖက်နဲ့ တစ်ဖက် ယုံယုံကြည်ကြည်နဲ့ ကျွန်တော်တို့ ကြိုးစားပြီး ဆောင်ရွက်ခဲ့လို့ အခက်အခဲစိန်ခေါ်မှုတွေကို ကျော်လွှား ခဲ့နိုင်လို့လည်း ဒီအဆင့်ရောက်ခဲ့ပါတယ်။ ဒီအဆင့်ထက် တစ်ဆင့်တက်ပြီး အကောင်အထည်ဖော်နိုင်ဖို့ ကျွန်တော် တို့ဆီမှာ အားလုံးတာဝန်ရှိကြပါတယ်။ ကျွန်တော်တို့ အမြင်တွေက တစ်ထပ်တည်း တူမှာမဟုတ်ဘူး။ ဒါပေမယ့် အမြင်ကွဲပြားတဲ့အနေနဲ့ ကျွန်တော်တို့ နှစ်ဖက်စလုံးက လက်ခံနိုင်တဲ့ အဖြေတစ်ခုကိုရှာနိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။
ကျွန်တော်တို့ ဆွေးနွေးယူဆမှု သုံးသပ်မှု တွေဟာ ကွာရင်ကွာနိုင်ပေမယ့် ဒီသုံးသပ်မှု ကွာဟမှုတွေ ကို ဘယ်လိုညှိနှိုင်းပြီးတော့ ကျွန်တော်တို့ သဘောတူညီမှု ရနိုင်မလဲဆိုတာ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒီအစည်း အဝေးကနေတစ်ဆင့် ကျွန်တော်တို့ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်အောင်မြင်ဖို့အတွက် ကျွန်တော်မျှော်လင့်ပါတယ်"ဟု ပြောကြားသည်။ ယနေ့ ဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန(NRPC) ကိုယ်စားလှယ်များအဖြစ် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အဖွဲ့ဝင် များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဗိုလ်ချုပ် နေလင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို၊ နိုင်ငံတော် သမ္မတရုံး အကြံပေးပုဂ္ဂိုလ် ဦးပေါ်လွင်စိန်၊ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှမောင် ရွှေ၊ ဦးမိုးဇော်ဦး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့ တက်ရောက်ကြသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး(KNU) ကိုယ်စားလှယ်များအဖြစ် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး၊ ဗဟိုအမြဲတမ်း ကော်မတီဝင်များဖြစ်ကြသည့် ပဒိုစောဆဲလ်ဂေ၊ ပဒိုစော အယ်ကလူစေး၊ ပဒိုစောနေသဘလေး၊ စောပိုပိုထူးအောင်၊ စစ်ဦးစီးမှူး၊ ပထမတန်း စောတာမလာဘောတို့ တက်ရောက်ကြသည်။
တိုးတက်မှုများရှိ
ယနေ့ကျင်းပသည့် အလွတ်သဘောတွေ့ဆုံဆွေးနွေး မှုအပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ယနေ့ကျင်းပသော NRPC နှင့် KNU တို့၏ အလွတ်သဘောညှိနှိုင်း အစည်းအဝေးသည် အဓိကအားဖြင့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ဆက်လက်ရှင်သန်ရန် တိုးတက်အောင်မြင်ရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုနှင့် အကြောင်းအရာများကို ညှိနှိုင်း ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ညှိနှိုင်းရာတွင် မူလက မိမိတို့၏ ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှု၊ NCA အကောင် အထည်ဖော်မှုများတွင် မတူညီမှု၊ ကွာဟနေမှုများကို ညှိနှိုင်းခြင်းအားဖြင့် ရှေ့လျှောက် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်ရမည်ဆိုသည့် အဖြေများရရှိသည်ဟု ပြော၍ ရပါကြောင်း၊ အထူးသဖြင့် တပ်ပိုင်းဆိုင်ရာကိစ္စများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်နည်းလမ်းများကို ရရှိခဲ့ ကြောင်း၊ နိုင်ငံရေးအပိုင်းတွင်လည်း ပိုမိုလက်တွေ့ကျပြီးNCA လမ်းကြောင်းအတိုင်း ဆက်လက်အကောင်အထည် ဖော်ရန်လိုအပ်သည့် သဘောထားစုစည်းမှုများရရှိကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရန် သွားသင့်၊ ဆောင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့ကြောင်း၊ ဒီကနေ့ဆွေးနွေးမှုသည် တိုးတက်မှုများရှိကြောင်း၊ ရှေ့ဆက်သွားနိုင်မည့် လမ်းကြောင်းရှိပြီဖြစ်၍ အဆိုပါ လမ်းကြောင်းပေါ်တွင် သက်ဆိုင်ရာအစုအဖွဲ့များက ညှိနှိုင်း ဆွေးနွေး၍ ပိုမိုကောင်းမွန်ပြည့်စုံသည့်လမ်းကြောင်းကို ဆက်လက်ကြိုးပမ်းသွားကြရန်လိုကြောင်း ပြောကြား ခဲ့သည်။
အမြန်ဆုံးဆက်လက်ဆောင်ရွက်
ဆက်လက်၍ NRPC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက "အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့၏ အလွတ် သဘောတွေ့ဆုံဆွေးနွေးမှုဆိုသော်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်တွေ၊ တရားဝင်အစည်းအဝေး တွေ ပြန်လည်ပြုလုပ်နိုင်ဖို့ဆိုတာကို ဆွေးနွေးနိုင်ခဲ့ပါတယ်။ ယနေ့ကျင်းပသော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တို့၏ တွေ့ဆုံဆွေးနွေးမှုများသည် အင်မတန်ခရီးရောက်ခဲ့ကြောင်း ပြောချင်ပါတယ်။ ထပ်မံဆွေးနွေးမယ့် ညှိနှိုင်းအစည်းအဝေးများကို နှစ်ဖက် စလုံးက အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားရန် တိုက်တွန်း ပြောကြားလိုပါတယ်"ဟု နိဂုံးချုပ်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးအပြီးတွင် ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က သတင်းမီဒီယာ များနှင့်တွေ့ဆုံ၍ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့သည်။
သတင်း-ရဲခေါင်ညွန့်၊ ဓာတ်ပုံ-ဖိုးထောင်
No comments:
Post a Comment