
ရန်ကုန် စက်တင်ဘာ ၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားစတူဒီယို (A)၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ရန်ကုန် )ရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ သည်။
တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း နေပြည်တော်တပ်ကုန်းတွင် ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ တွေ့ဆုံရသည့်ရည်ရွယ်ချက်မှာ ဌာနတစ်ခု ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြစ်သလို ဌာနတွင် တာဝန်ယူဆောင်ရွက်နေကြသူများ အနေဖြင့် မိမိတို့တွေ့ကြုံနေရသည့် အခက်အခဲများရော စိတ်ကူးစိတ်သန်းများ ကိုပါ ဆွေးနွေးကာ လုပ်ငန်းခွင်အတွင်း အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက် ရမည့် နည်းလမ်းများကို ရှာဖွေခြင်းဖြစ်ပါကြောင်း။
ပြောင်းလဲမှုနည်းပညာသစ်များကိုလည်း ဖြည့်ဆည်းရန်လိုအပ်
ဝန်ထမ်းများအနေဖြင့် မိမိ၏လက်ရှိအရည်အချင်းများအပြင် မျက်မှောက် ခေတ်၏ ပြောင်းလဲမှုနည်းပညာသစ်များကိုလည်း ဖြည့်ဆည်းရန် လိုအပ်ပါ ကြောင်း၊ မိမိတို့ဌာနရှင်သန်နေစေရန်အတွက် နိုင်ငံတကာတွင် တီထွင်သုံးစွဲနေ သော နည်းစနစ်များကို နားလည်တတ်သိရန် လိုအပ်ပါကြောင်း။
မိမိစိတ်ကူးစိတ်သန်း၊ တီထွင်ဖန်တီးမှုများကို ဌာနအတွက် ဖြည့်ဆည်း ပေးမည်ဆိုသည့် စိတ်ထားမျိုးထားရှိပြီး ထိုမှတစ်ဆင့် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက် ရန် အထောက်အကူပြုနိုင်သူများဖြစ်လာမည် ဖြစ်ပါကြောင်း၊ တစ်ဦးချင်းမှ လည်း မိမိအရည်အသွေး တိုးတက်အောင် ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ မိမိနေရာမှာ အကောင်းဆုံး ကြိုးစားဆောင်ရွက်ခြင်းဖြင့် ကိုယ်တိုင်လည်း အကျိုးရှိသလို ဌာနအတွက်၊ တိုင်းပြည်အတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဌာနခွဲအလိုက် တက်ရောက်လာကြသည့် ဝန်ထမ်းများက လုပ်ငန်းခွင်အတွင်း ဆောင်ရွက်နေရသည့် အခက်အခဲများ၊ လိုအပ်ချက်များ၊ နည်းပညာအတွက် လိုအပ်သည့်သင်တန်းများ ဖြည့်ဆည်းပေးရန်တင်ပြကြရာ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မိမိတို့၏ အလုပ်အပေါ် ဂုဏ်ယူစေလိုမှု၊ မီဒီယာအလုပ်ဖြစ်၍ တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှု၊ လုပ်ငန်းခွင် ပျော်ရွှင်စေလိုမှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဝန်ထမ်းများ တင်ပြသည့် အခက်အခဲနှင့် လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ၊ ဒုတိယဝန်ကြီး ၊ အမြဲတမ်းအတွင်းဝန် တို့သည် တာဝန်ရှိသူများနှင့်အတူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (ရန်ကုန်) ဝင်းအတွင်းရှိ အသံလွှင့်အဆောက်အအုံ၊ ရုပ်မြင်အဆောက်အအုံများရှိ စတူဒီယိုများနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့သည်။
သတင်းစဉ်
No comments:
Post a Comment