Saturday, September 21, 2019

နှစ်တစ်ရာ မြို့မအမျိုးသားကျောင်း

မြန်မာ့အလင်းအယ်ဒီတာအာဘော်



မြန်မာ့သမိုင်းတွင် ၁၉၂၀ အမျိုးသားရေးနိုးကြားလာမှု ဖြစ်စဉ်များက အလွန် အရေးပါ၏။ ထိုကာလက စည်းရုံးရေးဩဇာ လွန်စွာကြီးမားပြီး အသင်း အနေဖြင့် တဖြည်းဖြည်းချင်း ကျယ်ပြန့်လာသည့် ဗုဒ္ဓဘာသာကလျာဏယု၀ အသင်းဟုခေါ်တွင်သော ဝိုင်အမ်ဘီအေအသင်း ရှိခဲ့ဖူး၏။ ထိုအသင်းကြီးက အမျိုးသားရေး ဘာသာရေးကို အထူးပြုရည်ရွယ်ကာ ဦးတည်ဆောင်ရွက်ခဲ့ရာမှ ၁၉၂၀ တွင် လွတ်လပ်ရေးဦးတည်ချက်များကိုရှေ့တန်းတင်၍ နိုင်ငံရေးအနှစ် သာရ အလေးအနက်ပါဝင်လာသည့် ဂျီစီဘီအေအသင်းချုပ်ကြီးအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်သည့်အခါ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူလူထုကို လှုပ်ခတ်အားတက်သွားစေခဲ့သည်။ အမျိုးသားရေးစိတ်ဓာတ်များ အုံကြွလာ ပြီး ကိုလိုနီဆန့်ကျင်ရေး၊ နယ်ချဲ့ တော်လှန်ရေးအယူအဆများ ပိုမိုကျယ်ပြန့်လာ ခဲ့လေသည်။


ဤသည်နှင့် မရှေးမနှောင်းလိုလိုပင် ရန်ကုန်ကောလိပ်ကျောင်းသားကြီး တို့၏ ၁၉၂၀ ပထမ ကျောင်းသားသပိတ်ဖြစ်ပွားခဲ့သည်။ တင်းကျပ်လွန်းပြီး တတ်နိုင်သူ လူတန်းစားတစ်ရပ်ကိုသာ ပညာတတ်များအဖြစ် မွေးထုတ်မည့် ရည်ရွယ်ချက်ရှိသော ရန်ကုန်တက္ကသိုလ်ဥပဒေကို ကောလိပ်ကျောင်းသား ကြီးများက ဆန့်ကျင်သပိတ်မှောက်ကြသည့် ထိုဖြစ်ရပ်က ဗြိတိသျှအစိုးရ၏ အာဏာထိုင်ခုံကို ကိုင်လှုပ်လိုက်လေ၏။ မြန်မာပြည်သူလူထုမှာ နယ်ချဲ့ ဆန့်ကျင်ရေးစိတ်များ တဖွားဖွားပေါ်ပေါက်လာကာ ယင်းစိတ်ဓာတ်သည် မြန်မာနိုင်ငံတစ်ဝန်းသို့ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားခဲ့လေသည်။


ထိုပထမကျောင်းသားသပိတ်က နယ်ချဲ့တော်လှန်ရေးစိတ်ဓာတ်ကို မြန်မာ့ လွတ်လပ်ရေး ပန်းတိုင်ရောက်သည်အထိ သယ်ဆောင်သွားခဲ့ပါသည်။ သပိတ်ကြီး အပြီးတွင် ငွေကြေးမတတ်နိုင်သူများ ပညာမသင်နိုင်ဖြစ်တော့မည့် တက္ကသိုလ်ကို သပိတ်မှောက်ကာ ကျောင်းပရိဝုဏ်ကို ကျောခိုင်းခဲ့ကြသော ကောလိပ်ကျောင်း သားများသည် မိမိတို့ မြန်မာအမျိုးသားများ တက်ရောက်ပညာသင်ကြားနိုင်မည့် ကိုယ်ပိုင်အမျိုးသားကျောင်းများ တည်ထောင်ရန် စိတ်ကူးကြ၊ အစီအစဉ်များ ရေးဆွဲကြ၊ အကောင်အထည်ဖော်ကြသည့် ရလဒ်အဖြစ် မြန်မာအမျိုးသား ကျောင်းများ ပေါ်ပေါက်လာခဲ့လေသည်။


ပထမကျောင်းသားသပိတ်ကာလအတွင်း အမျိုးသားကျောင်း တည်ထောင် ရန် သန္ဓေတည်ခဲ့ရာ ဗဟန်းသပိတ်စခန်းတွင် မြို့မတိုင်းရင်းသားအမည်တွင်သည့် ကျောင်းကို ပထမဆုံးအမျိုးသားကျောင်းအဖြစ် ၁၇ ဒီဇင်ဘာ ၁၉၂၀ တွင် စတင် တည်ထောင်ဖွင့်လှစ်လိုက်လေ၏။ ထို့နောက် မြို့မကျောင်းကို ဘုန်းတော်ကြီး ကျောင်း၊ စစ်တန်းလျား စသည့်နေရာမျိုးစုံတွင် ယာယီပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး ၁၉၂၆ တွင်မူ ဆရာကြီးဦးဘလွင်၏ ဦးဆောင်ကြိုးပမ်းမှုဖြင့် လက်ရှိမြေနေရာကို ရရှိခဲ့ကာ ကျောင်းအဆောက်အအုံ တည်ဆောက်နိုင်ခဲ့သည်။ ဤသို့ဖြင့် သပိတ် မှောက် ကျောင်းသားတို့ မျှော်မှန်းသည့် အမျိုးသားကျောင်းများ ဖြစ်ထွန်းရေးတွင် မြို့မကျောင်းသည် အမြုတေအဖြစ် ပေါ်ထွန်းလာခဲ့သည်။ မြို့မကျောင်း ကျောင်းအုပ်ဆရာကြီးအဖြစ် ဦးဘလွင် (၁၈၉၂-၁၉၆၈)က ဦးဆောင်ခဲ့သည့် နောက်၊ ထိုအချိန်မှစ၍ မြန်မာနိုင်ငံအနှံ့အပြားတွင် အမျိုးသားကျောင်းများ အလျှိုအလျှို ပေါ်ပေါက်လာတော့သည်။
မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာသာမက မြန်မာနိုင်ငံထူထောင်ရေးတွင်ပါ ပါဝင်ဦးဆောင်ခဲ့ကြသော ထင်ရှားသည့်ခေါင်းဆောင်အများအပြားမှာ အမျိုးသားကျောင်းများနှင့် ယှဉ်တွဲလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပါသည်။
မြန်မာ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီးက ခေတ်အဆက်ဆက် ဦးဆောင်ခဲ့သူအများအပြားကို အမျိုးသားကျောင်းများနှင့် ဆက်စပ် မှတ်တမ်းတင်ရပါသည်။


ထိုအမျိုးသားကျောင်းများ၏ အဦးအစဖြစ်သော မြို့မအထက်တန်း ကျောင်းဟု အမည်တွင်ခဲ့သောကျောင်းကြီးမှာ တော်လှန်ရေးကောင်စီက ၁၉၆၅ တွင် ပြည်သူပိုင်သိမ်းခဲ့သည့် နောက်တွင် အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်း ဒဂုံမြို့နယ်ဖြစ်လာခဲ့သည်။


ယခင်က မြို့မကျောင်းတည်ရှိရာလမ်းကို ဂေါ်ဒွင်လမ်းဟု ခေါ်ရာမှ နောင်တွင် မြို့မကျောင်းကို ဂုဏ်ပြု၍ မြို့မကျောင်းလမ်း ဟု ခေါ်ဝေါ်ခဲ့သည်။
လာမည့် ၂၀၂၀ တွင် နှစ်တစ်ရာ သက်တမ်းရှိတော့မည့် မြို့မကျောင်းကြီး သည် အမျိုးသားရေးစိတ်ဓာတ်များကိုသာမက နယ်ချဲ့ဆန့်ကျင်ရေး လွတ်လပ်ရေးစိတ်ဓာတ်များ၊ မြန်မာနိုင်ငံသားတို့ ကိုယ်ကျင့်တရား ကောင်းမွန်ရေးစိတ်ဓာတ်များ၊ ကိုယ်မင်းကိုယ်ချင်း လွတ်လပ်သော ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတည်ဆောက်ရေးအတွက် အားကိုးရမည့်၊ ဦးဆောင်နိုင် မည့် စိတ်ဓာတ်နှင့် အရည်အချင်းရှိသူများပေါ်ပေါက်ရေး အစရှိသည်တို့ကိုပါ ထိထိရောက်ရောက် လှုံ့ဆော်နိုင်ခဲ့ပါသည်။ ဤသို့ အစဉ်အလာကြီးမားကာ တန်ဖိုးမြင့်သည့် သမိုင်းဝင်ကျောင်းတော်ကြီး၏ သမိုင်းမှတ်တမ်းအစဉ် အလာကို နှစ်တစ်ရာပြည့်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုနိုင်ကြရန် မြန်မာ ပြည်သူအပေါင်းကို နှိုးဆော်လိုက်ရပါကြောင်း။ ။


No comments:

Post a Comment