Saturday, September 21, 2019

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သော သိပ္ပံဘာသာတွဲ၊ သိပ္ပံနှင့်ဝိဇ္ဇာပေါင်းစည်းဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်

Image may contain: 8 people, people sitting, wedding and crowd


နေပြည်တော် စက်တင်ဘာ ၂၀


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သော သိပ္ပံဘာသာတွဲ၊ သိပ္ပံနှင့် ဝိဇ္ဇာ ပေါင်းစည်းဘာသာတွဲနှင့် ဝိဇ္ဇာဘာသာတွဲမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းများအား ဆုချီးမြှင့်သည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်တို့ တက်ရောက်၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဦးသန့်စင်မောင်၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးသာဦး၊ ဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း၊ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်၊ အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါ်နော်မြစေး၊ အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ထူးချွန်ဆုရရှိသော ကျောင်းများမှ
ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ ထူးချွန်ဆုရရှိသော ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
အခမ်းအနားကို ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေးအထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်းသူများ က မြန်မာ့ကျောင်းသီချင်းဖြင့် သီဆို ဖျော်ဖြေ ဖွင့်လှစ်ကြသည်။


စွမ်းအားကို ဂုဏ်ပြုတာပဲဖြစ်

ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိန့်ခွန်းပြောကြား ရာတွင် ]]ယခုခန်းမအတွင်းမှာ ပညာကို တန်ဖိုးထားသူများနဲ့အတူ ရောက်ရှိနေရ တဲ့အတွက် အင်မတန် ဝမ်းသာဂုဏ်ယူမိ ပါတယ်။ ပညာကို တန်ဖိုးထားတယ်ဆိုတာ၊ လူသားတွေရဲ့ ဆင်ခြင်တုံတရား၊ လူသား တွေရဲ့ မိမိတို့ဘ၀ပတ်ဝန်းကျင်ရဲ့ အခက် အခဲ စိန်ခေါ်မှုတွေ၊ မိမိတို့ရဲ့ စိတ်ပိုင်း ဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအားနည်းမှု၊ ချွတ်ယွင်းချက်တွေကို ရင်ဆိုင်ကျော်လွှား နိုင်တဲ့ စွမ်းအားကို ယုံကြည်လေးစားတာပဲ ဖြစ်ပါတယ်။ ယနေ့ တက္ကသိုလ်ဝင်စာမေး ပွဲများက ထွက်ပေါ်လာတဲ့ ထူးချွန် ကျောင်းသူ ကျောင်းသားများနဲ့ ထူးချွန် ကျောင်းများကို နိုင်ငံတော်က ဆုများ ချီးမြှင့်တာဟာ ဒီစွမ်းအားကို ဂုဏ်ပြု တာပဲ ဖြစ်ပါတယ်။


ရေရှည်မျှော်မှန်းချက်

]]ကျွန်မတို့အစိုးရဟာ ပြည်သူတွေရဲ့ စွမ်းအားကို ယုံကြည်အားကိုးပြီး ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းဖို့၊ ဖွံ့ဖြိုးတိုးတက်သာယာဖို့ ကြိုးပမ်းနေပါတယ်။ အနာဂတ်အတွက် အထိရောက်ဆုံးအာမခံဖြစ်တဲ့ ပညာရေး ကို အထူးအလေးထားရာမှာ အောင်ချက်၊ အောင်မှတ်တွေကိုသာ အာရုံစိုက်ဖို့ ကျဉ်းမြောင်းတဲ့ အမြင်နဲ့မဟုတ်ဘဲ နိုင်ငံ အတွက် ရေရှည်မျှော်မှန်းချက်တွေ ကို အကောင်အထည်ဖော်တဲ့နေရာမှာ တကယ့်ကို အထောက်အကူဖြစ်စေမယ့် အရည်အချင်းတွေ မွေးထုတ်ပေးဖို့ ဦးတည်ပါတယ်။ ဒီလိုဆို ဒီကနေ့ ဘာကြောင့် ထူးချွန်ကျောင်းသူ၊ ကျောင်းသားများ၊ ထူးချွန်ကျောင်းများ ကို ဆုတွေချီးမြှင့်ပြီး ဂုဏ်ပြုကြတာလဲလို့ မေးနိုင်ပါတယ်။


တိုးတက်မှုညွှန်းကိန်းတစ်ရပ်

]]ပညာရေးတိုးတက်မှုကို သုံးသပ်တဲ့ အခါမှာ အောင်ချက်တွေ၊ အောင်မှတ်တွေ ဟာ ထင်ရှားတဲ့ အတိုင်းအထွာတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံ ပညာရေး ထွန်းတောက်ဖို့အတွက် ကျောင်းတွေရဲ့ အားထုတ်မှု၊ ကျောင်းသူ ကျောင်းသား တွေရဲ့ စိတ်ပါဝင်စားတက်ကြွမှု အရေးပါ ခြင်းကို အသိအမှတ်ပြုခြင်းပဲ ဖြစ်ပါတယ်။ ကျောင်းများနဲ့ ကျောင်းသူ၊ ကျောင်းသား များ အရည်အချင်းမြင့်လာခြင်းဟာ နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုးမှုကိုလည်း ရောင်ပြန်ဟပ်တဲ့သဘောလည်း ရှိပါ တယ်။ နိုင်ငံတစ်နိုင်ငံရဲ့ ပညာရေး တိုးတက်မှု ညွှန်းကိန်းတစ်ရပ် ဖြစ်ပါတယ်။


အားလုံးတန်းတူညီတူ တိုးတက်စေချင်

]]တက္ကသိုလ်ဝင် စာမေးပွဲများမှာ ဝင်ဖြေခဲ့ကြတဲ့ ကျောင်းသူ၊ ကျောင်းသား အရေအတွက်၊ အောင်ချက်၊ အောင်နှုန်း၊ ဂုဏ်ထူးအဆင့်နဲ့ အောင်မြင်ခဲ့ကြတဲ့ အတိုင်းအတာ၊ ဒါတွေအားလုံးကို လေ့လာပြီး ကျွန်မတို့နိုင်ငံ လျှောက်လှမ်း နေတဲ့ ပညာလမ်းအခြေအနေကို သုံးသပ် ကြပါတယ်။ ဒါသာမက ဘယ်ဘာသာရပ် တွေမှာ ကျွန်မတို့လူငယ်တွေ ဘယ်ဘက် မှာ အားသန်သလဲ၊ ဘယ်ဘက်မှာ အားနည်းသလဲ။ အမျိုးသားလေးတွေနဲ့ အမျိုးသမီးလေးတွေ၊ ဘယ်သူတွေ အောင်နှုန်း၊ ဂုဏ်ထူးရနှုန်းတွေ ပိုများ သလဲ။ ထူးချွန်ကျောင်းသူ ကျောင်းသား တွေက ဘယ်လိုကျောင်းတွေကလဲ စတဲ့ အချက်အလက်တွေကို လေ့လာပြီး ကျွန်မတို့နိုင်ငံရဲ့ လူမှုရေးအခြေအနေတွေ ကို မှန်းဆလို့ရပါတယ်။ ကျွန်မ မကြာခဏ ပြောပါတယ်။ ယောက်ျားလေးများဟာ မိန်းကလေးများလောက် ကျောင်းမှာ မထူးချွန်ခဲ့တာဟာ နည်းနည်းကြာလာ ပါပြီ။ ဒါဟာ ကျွန်မတို့အတွက် စိုးရိမ်စရာ တစ်ခုဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လူ့အသိုင်း အဝိုင်းမှာဆိုရင် အမျိုးသားတွေရော၊ အမျိုးသမီးတွေရော အားလုံးတန်းတူ ညီတူ တိုးတက်စေချင်တယ်။ ဖွံ့ဖြိုးစေ ချင်ပါတယ်။ ဒါကြောင့် ကျွန်မတို့က ကျောင်းသူ ကျောင်းသားတွေထဲမှာ ဘယ်သူတွေက ပိုပြီးထူးထူးချွန်ချွန် ရှိသလဲ၊ ဘယ်သူတွေက ပညာရေးမှာ စိတ်ပါဝင်စားမှုရှိသလဲဆိုတာကိုလည်း အထူးအလေးထားပြီးလေ့လာတာ ဖြစ်ပါ တယ်။


ကိုယ့်ဘ၀ကို ရပ်တည်နိုင်ဖို့

]]တက္ကသိုလ်ဝင် စာမေးပွဲတွေရဲ့ အရေးပါမှုဟာ လူမှုရေးသာမက၊ စီးပွား ရေး၊ နိုင်ငံရေးတို့နဲ့လည်း ဆက်နွှယ်နေ ပါတယ်။ ကလေးများ အသက်(၅) နှစ်မှ စပြီး ကျောင်းတက်ပညာရှာကြရတဲ့ အကြောင်းရင်းကတော့ နောင်အနာဂတ် လူကြီးဖြစ်လာတဲ့အခါ ကိုယ့်အားကိုယ် ကိုးပြီး ကိုယ့်ဘ၀ကို ရပ်တည်နိုင်ဖို့ပါပဲ။ တစ်နည်းပြောရရင် ကိုယ့်ဝမ်းစာကိုယ် ရှာနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျောင်း များက သင်ပေးလိုက်တဲ့ ပညာတွေဟာ နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေးအနေအထား လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့ အရေးကြီး ပါတယ်။ ဒီအနေအထား၊ လိုအပ်ချက်တွေ နဲ့ ကိုက်ညီအောင် ကျွန်မတို့ အမျိုးသား ရေးပညာ မဟာဗျူဟာစီမံကိန်းကို ရေးဆွဲ ထားတာဖြစ်ပါတယ်။ စီမံကိန်းအကောင် အထည်ဖော်မှု ဘယ်အတိုင်းအတာအထိ အောင်မြင်လဲဆိုတာ သုံးသပ်တဲ့အခါ တက္ကသိုလ်ဝင်စာမေးပွဲများ ရလဒ်တွေကို ထည့်သွင်းစဉ်းစားရပါတယ်။


]]ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရလဒ်တွေကို လေ့လာရာမှာ အချက် အချို့ကို သတိပြုမိပါတယ်။ စာမေးပွဲဖြေဆို သူများလာပေမယ့် အောင်နှုန်းမတက် သေးတာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေအကြား အောင်နှုန်းကွာခြားမှုတွေ ရှိနေတာ၊ ကျောင်းသူ၊ ကျောင်းသားများ သိပ္ပံ၊ သင်္ချာဘာသာရပ်များမှာ အားကောင်းလာတာ၊ အမျိုးသားများ သိပ္ပံ၊ သင်္ချာဘာသာရပ်များမှာ ယခင်နှစ် များနဲ့ နှိုင်းယှဉ်လိုက်ရင် သိသာစွာ ထူးချွန်လာတာ၊ ထူးချွန်ကျောင်းသူ၊ ကျောင်းသားအများက ပုဂ္ဂလိက ကျောင်းများကဖြစ်နေတာ စသဖြင့် ကျေနပ်စရာလေးများရှိသလို၊ ပြုပြင် စရာတွေလည်း အတော်များနေသေးတာ ကို တွေ့ရပါတယ်။


အသိအမှတ်ပြုတန်ဖိုးထား

]]ကြိုးစားအားထုတ်လို့ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသား တွေ၊ ဘယ်ကျောင်းကပဲဖြစ်ဖြစ် ဆုချီးမြှင့် ဂုဏ်ပြုရတာ နိုင်ငံအတွက် ပီတိဖြစ်စရာ ပါပဲ။ ဒါပေမယ့်လည်း အစိုးရကျောင်းများ က ထူးချွန်ကျောင်းသူ ကျောင်းသားများ ပိုမို မွေးထုတ်တာကို မြင်ချင်ပါတယ်။ ဒီလိုပြောရခြင်းဟာ ပုဂ္ဂလိကကျောင်း တွေကို မလိုလားလို့ မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင် ပုဂ္ဂလိကကျောင်းတွေမှာ ပညာသင်ခဲ့တာပါ။ ပုဂ္ဂလိကကျောင်းတွေ ရဲ့ကဏ္ဍကို အသိအမှတ်ပြု တန်ဖိုးထားပါ တယ်။ ဒါပေမယ့် နိုင်ငံရဲ့ အနာဂတ်၊ လူမှုရေး၊ နိုင်ငံရေး ကောင်းမွန်တည်ငြိမ်ဖို့ အတွက် လိုအပ်ချက်အနေနဲ့ အများတက် ကြတဲ့ အစိုးရကျောင်းများ အရည်အသွေး မြင့်မားပြီး ထူးချွန်ကျောင်းသူ၊ ကျောင်းသားများမွေးထုတ်နိုင် စွမ်းအား ကောင်းတာကို မြင်ချင်တာ ဖြစ်ပါတယ်။ အကောင်းဆုံး ပညာသင်ကြားရေးကို အများရရှိနိုင်တဲ့ စနစ်ရှိခြင်းဟာ နိုင်ငံရဲ့ တိုးတက်မှုနဲ့ အေးချမ်းတည်ငြိမ်မှုကို အားပေးပါတယ်။ မိသားစုရဲ့ ဓနအင်အား များသည်နည်းသည်ဖြစ်စေ၊ ထက်မြက်တဲ့ ကလေးများ ထူးချွန်နိုင်ဖို့အတွက် အခွင့်အရေး အပြည့်အဝပေးခြင်းဖြင့် နိုင်ငံရဲ့ ငုပ်နေတဲ့စွမ်းအားတွေ ဖူးပွင့် ဝေဆာလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ထူးချွန်ကျောင်းသူ ကျောင်းသားများကို ဂုဏ်ပြုခြင်းနဲ့အတူ ထူးချွန်နိုင်ငံတော် ကျောင်းများကိုလည်း ဂုဏ်ပြုတာဖြစ်ပါ တယ်။


အားလုံးရဲ့ အကူအညီလိုအပ်

]]ကျောင်းများထူးချွန်ဖို့ရာ အစိုးရ တစ်ခုတည်းက ဆောင်ရွက်ရုံနဲ့ မလုံ လောက်ပါဘူး။ ဆရာမိဘများ၊ ပညာရေး ကိုအားပေးဖို့ စိတ်အားထက်သန်တဲ့ ပြည်သူ ပြည်သားများ၊ နိုင်ငံ့မိတ်ဆွေများ အားလုံးရဲ့ အကူအညီ လိုအပ်ပါတယ်။ ဖွံ့ဖြိုးစနိုင်ငံတစ်နိုင်ငံရဲ့ အခက်အခဲ အကန့်အသတ်တွေကြားက ကျောင်း များ အရည်အချင်းမြှင့်တင်ဖို့ ကြိုးစားရာမှာ ပထမဦးဆုံး ဆရာ၊ ဆရာမများရဲ့ စေတနာနဲ့ ပူးပေါင်း ဆောင်ရွက်မှုဟာ အင်မတန်အရေးကြီး ပါတယ်။ မချမ်းသာတဲ့ တောက ကျောင်းလေးတွေမှာတောင်မှ ဆရာ၊ ဆရာမများရဲ့ စိတ်စေတနာက ပေါက်ဖွား လာတဲ့ ကြံစည်တီထွင်မှု၊ ဝီရိယစိုက်ထုတ် မှုများကြောင့် ကျောင်းသူ၊ ကျောင်းသား လေးများ ပျော်ရွှင်စွာ ပညာသင်ယူပြီး ထူးချွန် ပြောင်မြောက်လာတာတွေကို တွေ့ရှိရပါတယ်။
]]ကျွန်မတို့ခေတ်မှာ မိဘတွေ အတွက် ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကျူရှင်စနစ်ပပျောက်ရေးကို အစိုးရက ကြိုးပမ်းနေပါတယ်။ ဒါကို ဝင်ငွေပေါက် ပိတ်တယ်ဆိုပြီး မနှစ်မြို့တဲ့ ဆရာ၊ ဆရာမ များ ရှိနေတယ်ဆိုတာ ကြားရ၊ သိရတဲ့ အခါ နိုင်ငံအတွက် အင်မတန်မှ
စိတ်မကောင်းဖြစ်ရပါတယ်။ ဒီလို စိတ်ထားတွေကို ပယ်ဖျက်ပြီး တစ်နိုင်ငံ လုံး လင်းထိန်လာစေမယ့် ပညာရောင်ကို ထုတ်ဝေပေးချင်တဲ့ စိတ်ဓာတ်နဲ့ တာဝန် ကျေသည်ထက်လွန်အောင် ဆောင်ရွက် ပေးကြပါလို့ ဆရာ၊ ဆရာမ အားလုံးကို မေတ္တာရပ်ခံချင်ပါတယ်။ ဒီလို ဆရာ၊ ဆရာမများရဲ့ ကြိုးပမ်းမှုတွေကို ဝိုင်းဝန်း ကူညီပေးကြဖို့လည်း ကျောင်းသားမိဘ၊ ရပ်မိရပ်ဖများကိုလည်း မေတ္တာရပ်ခံချင် ပါတယ်။


ပညာသင်ယူယုံနဲ့ မလုံလောက်

]]ကျောင်းသားတွေလို့ ပြောတဲ့ နေရာမှာ စောစောကပြောသလိုပဲ ထူးချွန် ကျောင်းသား ကျောင်းသူများ မွေးထုတ် လိုက်ရုံတင် မဟုတ်ပါဘူး။ တကယ့် ကျောင်းကောင်း တစ်ကျောင်းဆိုတာဟာ ကျောင်းသူ ကျောင်းသားများ ပညာ သင်ချင်တဲ့စိတ်ဖြစ်အောင် လုပ်ပေးတဲ့ ကျောင်းပဲ ဖြစ်ပါတယ်။ ပညာသင်ယူယုံနဲ့ မလုံလောက်ပါဘူး။ ပညာရှာချင်တဲ့ စိတ်တွေ အင်မတန်မှ စွမ်းအားတက်လာ ဖို့ဟာလည်း အရေးကြီးပါတယ်။ ဒါကြောင့် ကျွန်မတို့ကျောင်းတွေမှာ အစုအဖွဲ့နဲ့ လုပ်ခြင်းဆိုတာကို ကျွန်မတို့ အားပေး ပါတယ်။ အစုအဖွဲ့နဲ့ အတူတူလုပ်ခြင်း၊ နေခြင်းဟာ ဘာကိုသင်ပေးသလဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက် စာနာဖို့၊ စေတနာထားဖို့တင်မက ရှုံးတဲ့အခါမှာ ဣန္ဒြေရရရှုံးတတ်ဖို့၊ နိုင်တဲ့အခါမှာ သိက္ခာရှိရှိနဲ့ နိုင်တတ်ဖို့၊ မျှဝေရမယ့် အခါမှာ သတ္တိရှိရှိ စေတနာရှိရှိနဲ့ မျှဝေ နိုင်ဖို့ ဒီဟာတွေကို ကျွန်မတို့ သင်ပေးဖို့ ကြိုးစားရပါတယ်။


စေတနာနဲ့ သင်ပေးပါ

]]ကျွန်မတို့ကျောင်းသူ ကျောင်းသား လေးများဟာ နောင်ကျရင် ကျွန်မတို့ နိုင်ငံအတွက်သာမဟုတ် တစ်ကမ္ဘာလုံး အတွက် တန်ဖိုးရှိတဲ့ လူကြီးများဖြစ်လာ စေချင်ပါတယ်။ ဒါကြောင့် ကျောင်း ကောင်းတွေ ထူထောင်ဖို့ ကျောင်းသူ ကျောင်းသားများတင်မက ဆရာ ဆရာမ များ၊ မိဘများအားလုံးကို ဝိုင်းဝန်းပြီးတော့ ကူညီစေချင်ပါတယ်။ ဆရာ ဆရာမများကို ကျွန်မထပ်ပြီးတော့ မေတ္တာရပ်ခံချင်ပါ တယ်။ စေတနာနဲ့ သင်ပေးပါ။ နိုင်ငံ့ အတွက် သင်ပေးပါ။ ကိုယ်တစ်ယောက် တည်းအတွက်မလုပ်ပါနဲ့ ကျောင်းသူ ကျောင်းသားများအတွက် လုပ်ပါ။ ကျွန်မ တို့ လူသားများအတွက်လုပ်ပါ။ ဒီလို စိတ်တွေထားမှ ကျွန်မတို့နိုင်ငံ တိုးတက် ပြီးတော့ ကျွန်မတို့က္ဘာကြီးဟာလည်း ငြိမ်းချမ်းသာယာနိုင်မှာ ဖြစ်ပါတယ်။


မှန်ကန်စွာသုံးမှသာ တန်ဖိုးရှိ

နိဂုံးချုပ်အနေနဲ့ ထူးချွန်ကျောင်း များ၊ ထူးချွန်ကျောင်းသားများနဲ့အတူ ထူးချွန်စာရင်းမှာ မပါဝင်ခဲ့တဲ့ ကျောင်းသားအများစု၊ ကျောင်းအများစု အတွက် စကားပါးချင်ပါတယ်။ ထူးချွန် ခြင်းရဲ့ အနှစ်သာရဟာ အများအကျိုး သယ်ပိုးနိုင်တဲ့ အင်အားသတ္တိဖြစ်ပါတယ်။ ထူးချွန်မှုကို မှန်ကန်စွာသုံးမှသာ တန်ဖိုးရှိ မှာပါ။ ကိုယ်ရဲ့အရည်အချင်း၊ စွမ်းအား တွေကို အများအကျိုး၊ ကိုယ့်အကျိုး အခြားအကျိုး နှစ်မျိုးလုံးအတွက် မှန်ကန် စွာ သုံးနိုင်ခြင်းဟာ အမှန်တကယ် ထူးချွန် ခြင်းဖြစ်ပါတယ်။ ကျွန်မတို့ တစ်ဦးချင်း၊ တစ်ဦးချင်း၊ ထူးချွန်ပြည်သူ ပြည်သားများ၊ ထူးချွန်ကမ္ဘာသူ ကမ္ဘာသားများဖြစ်နိုင်တဲ့ သန္ဓေရှိကြပါတယ်။ ထူးချွန်အောင် နေကြ ပါစို့လို့ ကျွန်မအနေနဲ့ တိုက်တွန်းချင်ပါ တယ်}}ဟု ပြောကြားသည်။


ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်း ကြီးက ပညာရေးကဏ္ဍဆိုင်ရာ အချက် အလက်များ၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းများ အား ဆုချီးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် အောင်ချက် အကောင်းဆုံး ပထမဆုရရှိသည့် ရန်ကုန် ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (ကမာရွတ်)နှင့် အောင်ချက်အကောင်းဆုံး ဒုတိယဆုရရှိ သည့် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်း မြို့နယ် အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်းတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ခံကျောင်းအုပ်ကြီးတို့က လက်ခံ ရယူကြသည်။
ဆက်လက်၍ နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခြေခံပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ကျောင်းများမှ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ (သိပ္ပံဘာသာတွဲ)တွင် ရမှတ် အများဆုံးဖြင့် ထူးချွန်စွာအောင်မြင် ခဲ့သော ရန်ကုန်တိုင်းဒေသကြီး အလုံ မြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းမှ မောင်ကျော် လင်းသန်း၊ (သိပ္ပံနှင့် ဝိဇ္ဇာ ပေါင်းစည်း ဘာသာတွဲ)တွင် ရမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကချင် ပြည်နယ် မိုးညှင်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (ဟိုပင်)မှ မောင်မျိုးမင်းအောင်၊ (ဝိဇ္ဇာဘာသာတွဲ)တွင် ရမှတ်အများဆုံးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့သော ဧရာ၀တီတိုင်းဒေသ ကြီး ကျုံပျော်မြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (တောက်တဲ့ရိုး)မှ မသဇင်ဝင်းတို့ကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။


စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်

ထို့နောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ များသည် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများ၊ အောင်ချက်အကောင်းဆုံး ဆုရကျောင်း များမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။


ယင်းနောက် အခမ်းအနား ဒုတိယ ပိုင်းအစီအစဉ်တွင် ပြည်ထောင်စုဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ပညာရေး မြှင့်တင်မှုကော်မတီဥက္ကဋ္ဌများက ထူးချွန် ဆုရရှိကျောင်းများနှင့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။


ယနေ့ဆုချီးမြှင့်သည့် အခမ်းအနား တွင် ပြည်ထောင်စုအဆင့် အောင်ချက် အကောင်းဆုံး ထူးချွန်ဆုရကျောင်း ၆၁ ကျောင်းနှင့် ပြည်ထောင်စုအဆင့် ထူးချွန် ဆုရ ကျောင်းသား ကျောင်းသူ ၁၄၂ ဦး တို့ကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


သတင်းစဉ်

No comments:

Post a Comment