နေပြည်တော် စက်တင်ဘာ ၆
၂၀၁၉ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ကျရောက်မည့် ကမ္ဘာ့စာပို့တိုက်နေ့ (World Post Day) အထိမ်းအမှတ်အဖြစ် နိုင်ငံတကာပေးစာရေးပြိုင်ပွဲကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ (UNESCO)နှင့် ကမ္ဘာ့စာပို့ တိုက်သမဂ္ဂ(UPU)တို့၏ ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်အဖြစ် ကမ္ဘာ့ စာပို့တိုက်သမဂ္ဂအဖွဲ့ဝင်နိုင်ငံများရှိ ပြိုင်ပွဲကျင်းပရေးအဖွဲ့ (National Organizing Body)သည် အသက် ၁၅ နှစ်နှင့်အောက် နိုင်ငံတကာ လူငယ်များပေးစာရေးပြိုင်ပွဲကို သက်ဆိုင်ရာအဖွဲ့ဝင်နိုင်ငံများမှ အသက် ၁၅ နှစ်နှင့်အောက် လူငယ်များပါဝင်ယှဉ်ပြိုင်နိုင်ရန် ကျင်းပပေးလျက်ရှိသည်။
၂၀၁၉ ခုနှစ် ''Write a letter about your hero" ဟူသောခေါင်းစဉ်ပေးပို့လာပြီး မြန်မာနိုင်ငံအနေဖြင့် (ပြည်တွင်းအဆင့်) အင်္ဂလိပ်ဘာသာဖြင့် ပေးစာရေးပြိုင်ပွဲကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်က မြို့နယ်များအလိုက် အခြေခံပညာကျောင်းများ၌ ကျင်းပပေးခဲ့ရာ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၄၈၈ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့သည်။
(၄၈)ကြိမ်မြောက် အသက် ၁၅ နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ(ပြည်တွင်းအဆင့်) ပထမဆုကို နေပြည်တော် CAE ကိုယ်ပိုင်အထက်တန်းကျောင်း အဋ္ဌမတန်းမှ မရွှန်းလဲ့ဝင်းကလည်းကောင်း၊ ဒုတိယဆုကိုရခိုင်ပြည်နယ် အထက(၅) စစ်တွေမြို့ န၀မတန်းမှ မောင်ကျော်စံ ဝေကလည်းကောင်း၊ တတိယဆုကိုကချင်ပြည်နယ် မူလွန်၊ ပုန်ခုန်း၊ တနိုင်းမြို့ သတ္တမတန်းမှ မောင်ကောင်းထက်သော်ကလည်းကောင်း၊ အထူးဆုကို တနင်္သာရီတိုင်းဒေသကြီး၊ အထက(၁)ထားဝယ်မြို့နယ် အဋ္ဌမတန်းမှ မအိမ့်သံဇဉ်ဦးတို့ကလည်းကောင်း အသီးသီးဆွတ်ခူးရရှိကြောင်း ဆက်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေညာသည်။ ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၉ ရက် က္ဘာ့စာပို့တိုက်နေ့တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂) စုပေါင်းခန်းမ၌ ဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ငွေသားဆုများချီးမြှင့်ပေးမည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment