Wednesday, September 4, 2019

ကလေးသူငယ် လူငယ်နှင့် ပညာရေး


မြန်မာ့အလင်းအယ်ဒီတာအာဘော်   

 

ကလေးသူငယ်ဟုဆိုလျှင်   ဖြူစင်ရိုးသားမှု၊  ဖူးပွင့်လန်းဆန်းမှု၊  ဝင်းလဲ့ နေသော အနာဂတ်တို့ဖြင့် ယှဉ်တွဲမြင်လေ့ရှိ၏။ ထို့အတူပင် လူငယ်ဟု ဆိုလိုက်လျှင်   အမှန်တရားဘက်က  ရဲရဲရင့်ရင့်  ရပ်တည်လိုကြသူများ၊ ကိုယ်ကျိုးထက်   အများအကျိုးကို  ပိုမိုစဉ်းစားလေ့ရှိကြသူများအဖြစ်  အဓိပ္ပာယ်ဖော်မိကြပါသည်။
ထို့ထက်ပို၍ဆိုရလျှင်ကား ကလေးသူငယ်များ၊ လူငယ်များတို့သည် လူကြီးတို့ထက် ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားသွက်လက်မှုတွင် လည်းကောင်း၊ လေ့လာသင်ယူနိုင်သည့် ဉာဏ်ထက်မြက်မှုတွင် လည်းကောင်း၊ ကိုယ်ကျင့် အားဖြင့် ဖြူစင်မှုတွင် လည်းကောင်း ပိုမိုသာလွန်သည်ဆိုခြင်းကလည်း သိသာထင်ရှားသော ယေဘုယျ အရည်အသွေးများ ဖြစ်၏။ စားဝတ်နေရေး ပြဿနာများကြားမှာ အချိန်ပေးနေရသည့် လူကြီးများနှင့် နှိုင်းစာလျှင် လူငယ်များက   လေ့လာသင်ယူနိုင်ရေး၊  ပညာဆည်းပူးနိုင်ရေးအတွက် အချိန်ပိုပေးနိုင်မည်ဟုလည်း သာမန်အားဖြင့် ယူဆနိုင်မည် ဖြစ်ပါသည်။
သို့သော်လည်း စီးပွားရေး အခက်အခဲများအတွင်း၌ လုံးချာလည်နေရ သည့် ခေတ်ကာလ နိုင်ငံတော်တွင်မူ ထိုအယူအဆ အပြည့်အဝ မမှန်နိုင်ပါ။
အရွယ်မရောက်သေးသော ကလေးသူငယ် အလုပ်သမားများ၊ ဘ၀ အရေးရုန်းကန်နေရ၍ စာသင်ခန်းမရောက်နိုင်သော ပညာရေးနှင့် အလှမ်း ဝေးနေကြရသည့်   လူငယ်များတို့၏  အရေအတွက်မှာ နည်းလိမ့်မည် မဟုတ်ဟု ခန့်မှန်းနိုင်ပါသည်။   ထို့ကြောင့်ပင်    မသင်မနေရ   မူလတန်း ပညာရေး၊ အခြေခံပညာသင်ကြားခွင့် အခမဲ့ရရှိရေးတို့က အရေးကြီးသည့် ပညာရေးဆိုင်ရာမူဝါဒများအဖြစ် ရှုမြင်ကြရပါသည်။
နိုင်ငံသား ကလေးသူငယ်၊ လူငယ်တိုင်း ပါဝင်နိုင်သော ပညာရေးစနစ်၊ ဆင်းရဲချမ်းသာမရွေး၊   မြို့ပြကျေးလက်မခွဲ၊ တောင်ပေါ်မြေပြန့်မခြား အားလုံးပါဝင်သင်ကြားနိုင်သည့် ပညာရေးစနစ်ဖြစ်ရေးက အလွန်ပင် အရေးကြီးပါသည်။ အစိုးရကလည်း နိုင်ငံတော်၏ မူဝါဒအဖြစ်ချမှတ်ကာ အကောင်အထည်ဖော်ရေးကို အားပေးနေသည်ဟု ယူဆပါသည်။ ပညာ ရေးသည်   အနာဂတ်အတွက်   စိတ်ချသေချာသော  ရင်းနှီးမြှုပ်နှံမှုအဖြစ် နားလည်သဘောပေါက်ရေးက ပဓာနကျပါသည်။
နိုင်ငံ၏  ဓနအင်အားပေါ်မူတည်ကာ  အတတ်နိုင်ဆုံး ရင်းနှီးမြှုပ်နှံ   ရသည့်   လုပ်ငန်းဖြစ်ရာ  အထူးဂရုစိုက်ဆောင်ရွက်ရမည့်  စီမံကိန်းများ အကောင်အထည်ဖော်မှုများ ဖြစ်ရပါမည်။ စီမံကိန်းများအတွက် သုံးစွဲ ရသည့် ငွေကြေးဟူသည်မှာ ပြည်သူ့ဘဏ္ဍာငွေ ဖြစ်သည့်အားလျော်စွာ သုံးစွဲသမျှငွေကြေးသည်    ထိရောက်အကျိုးရှိရန်    လိုအပ်ပါသည်။ အထူးသဖြင့်မူ မိမိတို့နိုင်ငံက  ချို့တဲ့မှုများကြားမှ လွတ်မြောက်ရေးသို့ ရုန်းကန်နေရဆဲ နိုင်ငံဖြစ်၏။ စီးပွားရေး အခက်အခဲ အကျပ်အတည်းများ နှင့် ရှင်သန်ရပ်တည်နေရသည့် နိုင်ငံဖြစ်သည့်အတွက် ပြည်သူ့ဘဏ္ဍာငွေ မလေလွင့်ရေးကို ပို၍သတိထားကြရပါသည်။
ထိုသို့ ခက်ခဲကျပ်တည်းမှုများကြားက ထည့်ဝင်ရင်းနှီးရသည့် ပညာ ရေး၏ လေးနက်တန်ဖိုးရှိမှုကို နိုင်ငံသားများကလည်း ဆင်ခြင်နားလည် ကြရန် လိုပါမည်။ မိဘက မိဘအလျောက်၊ ဆရာက ဆရာအလျောက်၊ ကျောင်းသားက ကျောင်းသားအလျောက် မိမိတို့၏ တာဝန်ကို ကျေပွန် ကြရန်နှင့်    တာဝန်အကြီးဆုံးဖြစ်သူ   အစိုးရကလည်း  အကောင်းဆုံး ပညာရေးစနစ် ပေါ်ထွန်းရေးကို ထူထောင်ရမည်ဟု ယုံကြည်ပါသည်။
အထူးသဖြင့်မူ    လူငယ်များကိုယ်တိုင်   ပညာမြတ်နိုးစိတ်၊  က္ဘာ လောကကြီးကို ဆူကြုံနိမ့်မြင့်မရွေးတတ်နိုင်သည့်နေရာက ဆောင်ရွက် ထည့်ဝင်လိုသော စိတ်တို့ဖြင့် ပညာသင်ကြားရေးတွင် အားစိုက်ကြမည်ဟု မျှော်လင့်ပါသည်။
ပညာဆိုသည်မှာ မိမိတို့ကိုယ်တိုင်၏  စဉ်းစားဆင်ခြင်မြော်မြင်မှု၊ အမှားအမှန်ခွဲခြားသိမြင်အောင်    ဆန်းစစ်နိုင်မှု၊   လူ့အဖွဲ့အစည်းကို ရောက်ရာနေရာက တာဝန်ယူဆောင်ရွက်လိုမှု၊ လောက၏ တန်ဖိုးများကို နားလည်မှု၊   ရင့်ကျက်မှုတို့ဖြင့်   မိမိကိုယ်တိုင်နှင့်အတူ  လောကအဝန်း ရှင်သန်တိုးမြင့်ရေးအတွက်သာ ဖြစ်သည်မဟုတ်ပါလား။     ။

No comments:

Post a Comment