Wednesday, September 4, 2019

လယ်ယာသားငါးထုတ်ကုန်များ သင့်တင့်သော ဈေးနှုန်း၊ စဉ်ဆက်မပြတ် ဈေးကွက်များတည်ရှိစေရန် မြို့နယ်အလိုက် တောင်သူလယ်သမားဈေးကွက်စနစ်ထူထောင်၍ ပိုမိုဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်း အဆိုတင်သွင်း

Image may contain: 1 person
နေပြည်တော် စက်တင်ဘာ ၃
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန် အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်း ဖြေကြားခြင်း၊ အဆို ၂ ခု တင်သွင်းခြင်းနှင့် ဥပဒေကြမ်း ၁ ခု အတည်ပြုခြင်း တို့ကို ဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်သူ့ လွှတ်တော်ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ အဖွဲ့ဝင် ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်အား ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ပြည်သူ့ လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ မှ အဖွဲ့ဝင် ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်အား ယင်းကော်မတီ၏ အတွင်း ရေးမှူးအဖြစ်လည်းကောင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီအတွင်းရေးမှူး ပန်းဘဲတန်းမဲဆန္ဒနယ်မှ ဦးနေဖူးဗဆွေအား ယင်းကော်မတီ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခြင်း နှင့် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်းအား ကော်မတီဥက္ကဋ္ဌအဖြစ်မှ ပယ်ဖျက်ခြင်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားရယူ အတည်ပြု သည်။
ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၏ တန့်ဆည်မြို့နယ်အတွင်းရှိ R.M.C လက်ယာမြောင်းမကြီး၏ ရွှေဂူရေငုတ်ပြွန်အလျားပေ (၃၀၀)ကျော်၊ (၈)ပေ ပတ်လည် ပြွန်နှစ်လုံး ထပ်မံတည်ဆောက်ပေးရန်နှင့် R.M.C မြောင်း ပေါင်များကို ပြုပြင်ရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရွှေဂူ ရေငုတ်ပြွန်မှာ ကင်းတပ်လက်ယာမြောင်းမကြီး ပေတိုင် ၁၄၈ ရှိ ရွှေဂူချောင်းကို ဖြတ်၍ တည်ဆောက်ထားခြင်းဖြစ်ပြီး (၈ × ၈)ပေ၂ ပေါက် အရွယ်အစားဖြစ် ပါကြောင်း၊ မြောင်းမကြီး၏ ရေထုထည်စီးနှုန်းကို ပိုမိုတိုးမြှင့်ပေးဝေနိုင်ရန် အတွက် အဆိုပါ ရွှေဂူရေငုတ်ပြွန်အား (၈ × ၈)ပေ ၄ ပေါက် အရွယ်အစား အဖြစ် တိုးချဲ့တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ မြောင်းမကြီးတစ်လျှောက်ရှိ ရေပေးအဆောက်အအုံများကို လိုအပ်သလို ပြုပြင်တိုးချဲ့တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ မြောင်းမကြီးအား ပုံစံကျပြုပြင်ခြင်းစသည့် အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။
ကင်းတပ်လက်ယာမြောင်းမကြီး အဆင့်မြှင့်တင်ပြုပြင်ခြင်းကို
၂၀၁၉-၂၀၂၀ မှ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်းဆောင်ရွက်ရန်လျာထား
ကင်းတပ်လက်ယာမြောင်းမကြီး အဆင့်မြှင့်တင် ပြုပြင်ခြင်းလုပ်ငန်း များကို ၂၀၁၉-၂၀၂၀ မှ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဂျပန်နိုင်ငံ ODA ချေးငွေဖြင့် ဆောင်ရွက်မည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းတွင် ထည့်သွင်းဆောင် ရွက်ရန်လျာထားပါဝင်ပြီးဖြစ်သဖြင့်နှစ်အလိုက်ဆောင်ရွက်မည့်လုပ်ငန်း အစီ အစဉ်များအရ စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်၍ ရှင်းလင်းဖြေကြားသည်။
တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၏ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ စစ်ဖြစ်ပွားနေသောဒေသများမှ ကျောင်းသား ကျောင်းသူများ အဆင်ပြေ ချောမွေ့စွာ ပညာသင်ကြားနိုင်ရန်အတွက် မည်သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ ကျောင်းသား ကျောင်းသူများအား ၎င်းတို့နေထိုင်သည့် စခန်းနှင့်နီးကပ်စွာ တည်ရှိသော ကျောင်းများတွင် တက်ရောက်ပညာသင်ယူခွင့်ရရှိစေရန် ဆောင် ရွက်ထားရှိပြီး ဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အခိုင်အမာစခန်းများ ပြောင်းရွှေ့ဆောက်လုပ်သည့်နေရာတွင် စခန်းနှင့်အနီးဆုံး ကျောင်းတွင်ဝင်ဆံ့ပါက အဆိုပါ ကျောင်းများတွင် သင်ကြားသင်ယူပေးလျက်ရှိပါ ကြောင်း၊ ဝင်ဆံ့မှုမရှိပါက ယာယီကျောင်းဆောင်များဆောက်လုပ်၍ သင်ကြား သွားရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနအနေဖြင့် ကျောင်းဖွင့်ရာသီ ကျောင်းအပ်နှံသည့်နေ့မှစ၍ ယနေ့အထိ ကျောင်းသား ကျောင်းသူများအား သင်ကြားသင်ယူရေး အဆင်ပြေစေရန်အတွက် ဝန်ကြီးဌာနမှသတ်မှတ်ပေး ထားသည့်အတိုင်း ကျောင်းသား ကျောင်းသူများအားလုံးကို ကျောင်းသုံးပုံနှိပ် စာအုပ်များနှင့် ဗလာစာအုပ်များ ပံ့ပိုးပေးလျက်ရှိပြီး UNICEF မှလည်း ကျောင်းသုံးကျောပိုးအိတ်များ ဖြန့်ဝေပေးထားပြီးဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။
မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ အဆင့်တိုးသော အခြေခံပညာ ကျောင်းများတွင် လိုအပ်သော ဆရာ ဆရာမများ တစ်ပါတည်းခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာဦးစီးဌာနအနေဖြင့် ဖွဲ့စည်းပုံ ရာထူးခွဲဝေချက်ရရှိပါက အဆင့်တိုးသွားသော အခြေခံပညာကျောင်းများသို့ ရာထူးတိုး၊ ပြောင်းလျှောက်ထားလာသူများအနက် ဆန္ဒပြုဒေသလစ်လပ်မှု၊ ဘာသာရပ်ကိုက်ညီမှု၊ လုပ်သက်ရမှတ်တန်းစီဇယားများအရလည်းကောင်း၊ PPTT ၊ DTED သင်တန်းဆင်းများ အသစ်ခန့်ထားဆောင်ရွက်ရာတွင်လည်း ကောင်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြည့်ဆည်းခန့်ထားဆောင်ရွက်ပေးရန် စီစဉ်လျက်ရှိပါကြောင်း၊ အရည်အချင်းကောင်းမွန်သော သင်တန်းဆင်းဆရာ၊ ဆရာမများ ခန့်ထားရန်အတွက် လိုအပ်သည်များ အလွန်များပြားပါကြောင်း၊ ဖြည့်ဆည်းပေးနိုင်မှုသည် အကန့်အသတ်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၏ ပုဏ္ဏားကျွန်း မြို့နယ် ခမီကြိမ်ချောင်းတာတမံမှ ပုဏ္ဏားကျွန်းစက်မှုဇုန်သို့ ရေပိုက်များ သွယ်တန်းပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံ၏ ပေါက်တောမြို့လူထု၏ သောက်သုံးရေသိုလှောင်ရာ နတ်တောင်ပြင်ဆည်ကို ၎င်းနှင့်ဆက်စပ်တည်ရှိသော ဆည်ငယ်များနှင့် ပေါင်း ကာ ရေပိုမိုသိုလှောင်နိုင်ရန်အတွက် ကျန်တာပေါင်တစ်ဖက်ကို မြှင့်တင်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က လည်းကောင်း၊ ပခုက္ကူမဲဆန္ဒနယ်မှ ဦးပိုက်ကို၏ ပခုက္ကူမြို့နယ် အစိုးရ နည်းပညာ အထက်တန်းကျောင်းတွင် တက်ရောက်သင်ကြားမည့် ကျောင်းသား ကျောင်းသူများအတွက် လိုအပ်နေသော ကျောင်းအိပ်ဆောင် များကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ အခြေခံပညာ ကျောင်းများတွင် ပုံမှန်သင်ရိုးဖြင့် သင်ကြားခြင်းအပြင် ကျောင်းသား ကျောင်းသူ များ ကာယဉာဏ တန်းတူတိုးတက်စေရန်နှင့် အထွေထွေဗဟုသုတများရရှိ စေရန် အောင်မြင်သော ပညာရှင်၊ လုပ်ငန်းရှင်များအား ဖိတ်ကြား၍ ဟောပြော ပွဲများပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကလည်းကောင်း ရှင်းလင်းဖြေကြားသည်။
ထို့နောက် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ အခက်အခဲများကို နိုင်ငံတော်အစိုးရမှ စနစ်တကျ ကျစ်လျစ်ခိုင်မာစွာ လုပ်ဆောင်နိုင်ရန်၊ နိုင်ငံ တော်၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် တောင်သူ လယ်သမားမိသားစု၏ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူ လယ်သမားရေးရာဝန်ကြီးဌာနတစ်ခုအား ပြည်ထောင်စုအဆင့်တွင် ထပ်မံ တိုးချဲ့ဖွဲ့စည်းပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုး စီးပွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့၊ လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့၊ စိုက်ပျိုး ရေးနည်းပညာ၊ သွင်းအားစုနှင့် ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ လုပ်ငန်းကော်မတီ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းစီမံခန့်ခွဲရေး လုပ်ငန်းကော်မတီများ ရှိနေသော်လည်း အောက်ခြေတွင် တောင်သူလယ်သမားများအတွက် လက်တွေ့အကျိုးရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအသစ်တစ်ခုကိုဖွဲ့စည်းပြီး စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်မှ တောင်သူလယ်သမား များနှင့်သက်ဆိုင်သော ဦးစီးဌာနများကို စုပေါင်းပြီး ဝန်ကြီးဌာနအသစ် ဖွဲ့စည်း ကာ တောင်သူလယ်သမားများအတွက် စနစ်တကျ စီမံလုပ်ဆောင်သင့်ပါ ကြောင်း။
တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းတို့မှ ထွက်ရှိသော လယ်ယာထွက်ကုန်များကို ထုတ်လုပ်မှုကုန်ကျစရိတ် ကာမိစေရန်နှင့် တောင်သူလယ်သမားများ တွက်ခြေကိုက်စေမည့် သင့်တင့်မျှတသော ဈေးနှုန်း နှင့် ခိုင်မာသော ဈေးကွက်ရရှိရန် တောင်သူလယ်သမားများ လက်လီလက်ကား ဈေးကွက်နှင့် ချိတ်ဆက်ပေးရန်၊ လယ်ယာထွက်ကုန်များ အာမခံထားရှိရေးစနစ် ပေါ်ထွန်းလာရေး၊ အဖွဲ့အစည်းများ၊ အထူးပြုကုမ္ပဏီများ၊ ထုတ်လုပ်သူတောင် သူလယ်သမားများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းစသည့် ဆက်စပ်လုပ်ငန်းများကို အကောင်အထည်ဖော်ပေးရန် လွန်စွာလိုအပ်နေပြီ ဖြစ်ပါကြောင်း။
တောင်သူလယ်သမားရေးရာဝန်ကြီးဌာနကို ဖွဲ့စည်းခြင်းဖြင့် စိုက်ပျိုး ရေးနှင့် မွေးမြူရေးထုတ်ကုန်များကို အခြေခံပြီး တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ လယ်ယာထုတ်ကုန်များကို ပြည်တွင်းပြည်ပ ဈေးကွက်သို့ တင်ပို့ရာတွင် စိုက်ပျိုးရေးနည်းစနစ်ကောင်းများ၊ ကောင်းမွန်သော လယ်ယာ စိုက်ပျိုးရေးနှင့် ဈေးကွက်ပေါ်ထွန်းရေး၊ တိရစ္ဆာန်မွေးမြူရေးကို စနစ်တကျ လုပ်ဆောင်သင့်ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် တောင်သူလယ်သမားများ၏အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ အခက်အခဲများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်နှင့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး၊ တောင်သူလယ်သမားမိသားစုများ၏ လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုတင်သွင်းခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်က အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ယင်းနောက် မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းက "လယ်ယာသားငါး ထုတ်ကုန်များ သင့်တင့်သောဈေးနှုန်း၊ စဉ်ဆက်မပြတ် ဈေးကွက်များတည် ရှိစေရန် မြို့နယ်အလိုက် တောင်သူလယ်သမားဈေးကွက်စနစ်"(Farmer Market System)ထူထောင်၍ ပိုမို ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို တင်သွင်းရာတွင် သင့်တင့်သော ဈေးနှုန်းရှိစေရန်၊ စဉ်ဆက်မပြတ် ဈေးကွက်ရှိစေရန်၊ ရောင်းလိုအား ဝယ်လိုအား ဆက်သွယ် ဆောင်ရွက်ရန်၊ အရည်အသွေးကောင်း လယ်ယာသားငါးကဏ္ဍ ကုန်ထုတ်များ ထုတ်လုပ်နိုင်ရန်၊ အထွက်နှုန်းတိုးတက်ကောင်းမွန်လာစေရန်၊ လယ်ယာ သားငါးကဏ္ဍ ထုတ်လုပ်မှုပိုမိုများပြား၍ အကျိုးရှိစေရန်၊ တစ်နေ့ချင်း၊ နေ့အလိုက် ဈေးနှုန်းများသိရှိ၍ စိုက်ပျိုးထုတ်လုပ်ချင်စိတ်ရှိလာစေရန်၊ Organic Product များပိုမိုထုတ်လုပ်ရန်၊ Food Security & Nutration ဖူလုံပြည့်၀မှုများ ပြည့်၀လာစေရန်နှင့် မြို့နယ်အလိုက် လယ်ယာသားငါး ထုတ်ကုန်ပစ္စည်းများပြား၍ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များ အကျိုးရှိစေပြီး အရည်အသွေးမြင့်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်တို့ကို ရည်ရွယ်၍ အဆိုတင်သွင်းရခြင်း ဖြစ်ပါကြောင်း။
Farmer Market System ရှိထားခြင်းဖြင့် လယ်ယာထုတ်ကုန်များကို နိုင်ငံခြားသို့ အချိန်မီ တင်ပို့ဆောင်ရွက်နိုင်ပြီး ဈေးနှုန်း၊ ဈေးကွက်များတည်ငြိမ် တည်ရှိလာခြင်းနှင့် Organic Product များ ထုတ်လုပ်နိုင်သည့်အပြင် နေ့စဉ် လက်လီ၊ လက်ကားဝယ်ယူသူအားလုံး နှစ်ဦးနှစ်ဖက် အကျိုးရှိစေပြီး ရောင်းဝယ်ဖောက်ကားမှု သွက်လက်ထက်မြက်၍ ဈေးကွက်အစဉ်အမြဲ တည်ရှိလာမည်ဖြစ်ပါကြောင်း၊ Farmer Market System ဖော်ဆောင်ရာ တွင် အရည်အသွေးအကဲဖြတ်ခြင်း၊ QC (Quality Control) ထားရှိခြင်း၊ လယ်ယာထွက်ကုန်ပစ္စည်းများ ဈေးနှုန်းသတ်မှတ်ခြင်း၊ စံချိန်၊ စံညွှန်း အလေး ခြင်တွယ်များ စနစ်တကျဆောင်ရွက်ခြင်း စသည့်ရောင်းဝယ်ဖောက်ကားမှု အထောက်အပံ့ဖြစ်စေသော အကူအညီများ တိုးတက်လာမည်ဖြစ်ပါ ကြောင်း။
Farmer Market System ကို မြို့နယ်အလိုက် သင့်တော်သော နေရာတစ်ခုတွင် တစ်ခုတည်းထားရှိဆောင်ရွက်မှသာ ပိုမိုအကျိုးရှိစေပါ ကြောင်း၊ ပထမဆုံး ဟင်းသီးဟင်းရွက်၊ သားငါးကို ပထမအဆင့် ဦးစားပေးသင့် ကြောင်း၊ ဒုတိယအဆင့်အဖြစ် ပဲမျိုးစုံ၊ စပါး၊ စက်မှုကုန်ကြမ်းများစသည့် ထွက်ကုန်နှင့် လိုက်လျောညီထွေဖြစ်စေသော Farmer Market System ကို တည်ထောင်ထားရန် လိုအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေက အဆိုအား လက်ခံဆွေးနွေးနိုင်ရန် ထောက်ခံတင်ပြသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် အဆိုအား လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းနှင့် မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းတို့ တင်သွင်းသည့် အဆိုနှစ်ရပ် နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည် စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက တင်သွင်းသည့် စက်မှုဇုန်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို တင်သွင်းထားသည့် ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ် တို့က ဥပဒေကြမ်း၏ သက်ဆိုင်ရာ အပိုဒ်၊ အပိုဒ်ခွဲအလိုက်ဆွေးနွေးကြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စက်မှုဝန်ကြီးဌာနနှင့် လွှတ်တော်၏ သဘောထား ရယူ အတည်ပြုသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စက်မှုဇုန်ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်းနှင့် ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို စက်တင်ဘာ ၅ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment