Saturday, September 7, 2019

ငွေရေး ကြေးရေး တည်ငြိမ်မှုအခြေအနေ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေး

Image may contain: 1 person
နေပြည်တော် စက်တင်ဘာ ၆
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့တွင် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်များအတွက် ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေးတည်ငြိမ်မှုအခြေအနေ အစီရင်ခံစာတို့ကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော် ဥပဒေရေးရာစွမ်းအင်မြှင့်တင်ရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင် ခေါင်းဆောင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၇)ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၅)ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂) ဦးအပါ အဝင် အဖွဲ့ဝင် (၁၉)ဦးပါဝင်သည့် မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ် ဩဂုတ် ၂၅ ရက်မှ ၃၀ ရက်အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် အကြိမ်(၄၀)မြောက် အာဆီယံပါလီမန်များ အထွေထွေ ညီလာခံသို့ တက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါ မြန်မာလွှတ်တော်ကိုယ်စားလှယ် အဖွဲ့၏ အာဆီယံပါလီမန်များအထွေထွေညီလာခံ တက်ရောက်မှုခရီးစဉ်ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့်
စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေး
ထို့နောက် ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးကြသည်။
မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာသန်းအောင်စိုးက ဥပဒေကြမ်းပူးပေါင်း ကော်မတီ၏ ပြင်ဆင်ချက်ဖြစ်သော ကုန်သွယ်လုပ်ငန်းခွန်အခန်း၊ အပိုဒ်(၁၄) အပိုဒ်ခွဲ (က) စားသောက်ကုန်စည်များ ဇယားအမှတ်စဉ်(၈)တွင် ပြည်တွင်း လုပ်ငန်းရှင်များ နစ်နာမှုမရှိစေရန်အတွက် သကြား၊ နို့နှင့် နို့ထွက်ပစ္စည်း အမျိုးမျိုးနှင့် ဒိန်ချဉ်ဟူသည့် စကားရပ်တို့အား အသစ်ထပ်မံဖြည့်စွက်သင့် သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးဟု ဆိုထား သည်မှာ အဆင်ပြေသော်လည်း ဒိန်ချဉ်သည် နို့နှင့်နို့ထွက်ပစ္စည်းတွင် ပါဝင်မှု မရှိသည့် သဘောကို စဉ်းစားစရာဖြစ်နေပါကြောင်း၊ နို့နှင့် နို့ထွက်ပစ္စည်းဆိုပါက လုံလောက်မည်ဟု ထင်မြင်မိပါကြောင်း ဆွေးနွေးသည်။
လှိုင်းဘွဲ့ မဲဆန္ဒနယ်မှ ဦးခင်ချိုက ဥပဒေတစ်ခုသည် ပြဋ္ဌာန်းလိုက်ရုံဖြင့် မလုံလောက်ပါကြောင်း၊ လိုက်နာဆောင်ရွက်နိုင်သည့် အနေအထားရှိရန်လည်း လိုအပ်ပါကြောင်း၊ ထို့ပြင် မူလရည်ရွယ်ချက်၊ ရည်မှန်းချက်အောင်မြင်အောင် အထောက်အကူပြုနိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်လည်း လတ်တလော အခွန်ငွေရရှိရန်ထက် နိုင်ငံ၏ ရေရှည်အကျိုးစီးပွားကို အထောက်အကူပြုနိုင်ရန်၊ အလုပ်အကိုင်ဖန်တီးပေး နိုင်သည့် အခွင့်အလမ်းများဖော်ဆောင်ပေးရန်နှင့် SME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာရန်တို့ကို အလေးထားအကြံပြုပေးကြရန် တိုက်တွန်းလိုပါကြောင်း ဆွေးနွေးသည်။
ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်က အခန်း(၆) ပုဒ်မ ၁၄၊ ပုဒ်မခွဲ(ဆ) တွင် ရွှေထည်လက်ဝတ်ရတနာများရောင်းချခြင်းမှ ရောင်းရငွေများအပေါ်တွင် လည်းကောင်း၊ ပြည်ပမှ တင်သွင်းခြင်းအတွက် ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင်လည်းကောင်း (၁ရာခိုင်နှုန်း)ဖြင့် ကုန်သွယ် လုပ်ငန်းခွန် ကျသင့်စေရမည်ဆိုသည့် ပြဋ္ဌာန်းချက်ကို မိမိအနေဖြင့် (၃ရာခိုင် နှုန်း)ဟု ပြင်ဆင်သတ်မှတ်လိုပါကြောင်း၊ ထို့ပြင် မူလဥပဒေကြမ်းပါ အထူး ကုန်စည်ဇယားအမှတ်စဉ် - ၈ (တ)တွင် အရက်အမျိုးမျိုး တစ်လီတာတန်ဖိုး ၁၅၀၀၀ ကျပ် ကျော်ပါက ၆၀ ရာခိုင်နှုန်းအစား ၂၆၀၀၀ ကျပ်နှင့်အထက် ၃၀ ရာခိုင်နှုန်းဟု လည်းကောင်း၊ အမှတ်စဉ် - ၉ တွင် ဘီယာအမျိုးမျိုးအား ၆၀ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်းအဖြစ်လည်းကောင်း၊ အမှတ်စဉ် - ၁၀ (တ)တွင် ဝိုင်အမျိုးမျိုး တစ်လီတာတန်ဖိုး ၂၆၀၀၀ ကျပ်နှင့်အထက်ကို ၅၀ ရာခိုင်နှုန်း အစား ၂၅ ရာခိုင်နှုန်းအဖြစ်လည်းကောင်း ပြင်ဆင်ပြဋ္ဌာန်းရန် အကြံပြု လိုပါကြောင်း ဆွေးနွေးသည်။
ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၊ ညောင်တုန်း မဲဆန္ဒနယ်မှ ဦးအုန်းလွင်၊ ဖျာပုံ မဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး(ခေါ်)သန်းစိုး(ဘောဂဗေဒ)၊ ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်း၊ မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်ဆိုင်ဟိန်း၊ စမ်းချောင်း မဲဆန္ဒနယ်မှ ဦးဘိုဘိုဦး၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှဦးခင်မောင်မြင့် နှင့် ထန်းတပင်မဲဆန္ဒနယ်မှ ဦးဇော်ဝင်းတို့က ဆက်လက် ဆွေးနွေးကြသည်။
ထို့နောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်များ အတွက် ငွေကြေးမူဝါဒ အကောင်အထည်ဖော်ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေး တည်ငြိမ်မှုအခြေအနေ အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီးက ယခုအစီရင်ခံစာတွင် မြန်မာကျပ်ငွေ တည်ငြိမ်ခိုင်မာရေးအတွက် ငွေကြေးမူဝါဒများဖြစ်သော အတိုးနှုန်းမူဝါဒချမှတ် ဆောင်ရွက်ခြင်းနှင့် လွတ်လပ်သောဈေးကွက်ဆိုင်ရာ လုပ်ဆောင်ချက်များ ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ငွေရေးကြေးရေးဆိုင်ရာ တည်ငြိမ်မှုအခြေအနေများကို တင်ပြရပါက မြန်မာနိုင်ငံ၏ လူဦးရေ၊ နိုင်ငံ၏ အကျယ်အဝန်းတို့နှင့် နှိုင်းစာလျှင် ဘဏ်များအနေဖြင့် လုံလောက်မှုမရှိသည် ကို တွေ့ရပါကြောင်း၊ ဘဏ်အရေအတွက် နည်းနေခြင်းနှင့် ဘဏ်ဝန်ထမ်းများ၏ ဝန်ဆောင်မှုအားနည်းနေခြင်းတို့ကြောင့် ဘဏ်အသုံးပြုသူများ နည်းပါးနေပါ ကြောင်း၊ ဘဏ်များတွင်ငွေအပ်နှံမှု ယခုထက် ပိုမိုများပြားလာစေရန်၊ သတ်မှတ်ချက်များနှင့်အညီ ချေးငွေရယူလိုမှုများ ပိုမိုများပြားလာစေရန်၊ စည်းရုံးခြင်းနှင့် ပြည်သူများအနေဖြင့် အသိပညာ ပြည့်စုံစွာဖြင့် ချေးငွေရယူ လိုမှုအတွက် ကြိုးပမ်းပေးစေလိုပါကြောင်း ဆွေးနွေးသည်။
သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်က ဗဟိုဘဏ်၏ ငွေရေးကြေးရေး ရည်မှန်း ချက်ကို ဈေးနှုန်းတည်ငြိမ်မှုရှိသည့် စီးပွားရေးတိုးတက်မှုကို ရရှိစေပြီး အသင့် အတင့် ငွေကြေးပမာဏရည်မှန်းချက်ထားရှိ ဆောင်ရွက်သည်ဟု ဖော်ပြထား ပါကြောင်း၊ ယင်းဖော်ပြချက်အရ GDP တိုးတက်နှုန်းထက် ငွေကြေးပမာဏ တိုးတက်မှုနှုန်း ပိုမိုများပြားနေသည့်အတွက် ကုန်ဈေးနှုန်းမြင့်တက်ပြီး ငွေဖောင်းပွမှုနှုန်း ပိုမိုမြင့်မားလာရန် အလားအလာရှိသည်ဟု သုံးသပ်ရပါကြောင်း၊ ထို့ပြင် ဘတ်ဂျက်လိုငွေကို ဗဟိုဘဏ်မှ ဖြည့်ဆည်းပေးရမှုမှာ ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်တွင် မူလခန့်မှန်းခြေ ၄၀ ရာခိုင်နှုန်း လျာထားသော်လည်း အမှန် ဖြည့်ဆည်းမှုမှာ ၅၂ ဒသမ ၈၃ ရာခိုင်နှုန်းရှိသဖြင့် ရည်မှန်းချက် မအောင်မြင် ကြောင်းနှင့် ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ၃၀ ရာခိုင်နှုန်းလျာထား၍ ၂၅ ရာခိုင်နှုန်းသာ ဖြည့်ဆည်းခဲ့ရသဖြင့် ရည်မှန်းချက်အောင်မြင်သည်ကို တွေ့ရပါ ကြောင်း ဆွေးနွေးသည်။
ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက ဆက်လက်ဆွေးနွေးသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန် အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို စက်တင်ဘာ ၉ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်၊ အေးအေးသန့်(သတင်းစဉ်)

No comments:

Post a Comment