ယနေ့လူငယ်လူရွယ်များသည် ၎င်းတို့၏အဓိကလိုအပ်ချက်ဖြစ်သည့် အလုပ်အကိုင်ရရှိရေးအတွက် ဆိုင်ရာဆိုင်ရာပညာရပ်များကို သင်ကြားနေ ကြသည်။ အစိုးရဌာနတွင်ဖြစ်စေ၊ ပြင်ပပုဂ္ဂလိကတွင်ဖြစ်စေ အလုပ်အကိုင် ရရှိရေးသာမက ဝင်ငွေရလမ်းကောင်းမွန်သောအလုပ်များ လုပ်ကိုင်နိုင်ရန် အတွက် သက်ဆိုင်ရာဘာသာရပ်အမျိုးမျိုးတို့ကို ရွေးချယ်သင်ယူနေကြသည်။
ယနေ့ခေတ်တွင် နည်းပညာနှင့် သက်မွေးဝမ်းကျောင်းပညာရပ် များသည် အလုပ်အကိုင်အခွင့်အလမ်း ပွင့်လန်းရေး၌ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပြီဖြစ်သည်။ နည်းပညာကဏ္ဍတွင် Artificial Intelligence(AI)နှင့် Internet of Things(IOT)တို့နှင့် ချိတ်ဆက် ပေါင်းစပ်သင်ကြားလေ့ကျင့်ခြင်းဖြင့် ဝင်ငွေကောင်းမွန်သည့် အခွင့်အလမ်း များ ရရှိနိုင်သည်။ သက်မွေးကဏ္ဍတွင် ကုန်ပစ္စည်းထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ သက်မွေးပညာသင်တန်းများ တက်ရောက် နိုင်သည်။
အစိုးရအနေဖြင့် နည်းပညာနှင့်သက်မွေးပညာရေးကို ဦးစားပေးလုပ်ငန်း အဖြစ်သတ်မှတ်ပြီး ပထမတန်းစားပညာရေးဖြစ်လာစေရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားစသည့် နိုင်ငံအဖွဲ့ အစည်းများကလည်း မြန်မာနိုင်ငံတွင် နည်းပညာနှင့်သက်မွေးပညာ သင်ကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ အဆင့်မြင့်ပညာကို သင်ယူနိုင်ခြင်းမရှိသော မြန်မာနိုင်ငံမှ လူငယ်လူရွယ်များအနေဖြင့် စိတ်ပျက်အားငယ်စရာမရှိဘဲ နည်းပညာနှင့်သက်မွေးပညာများအား ဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းကောင်းများ ယနေ့ရရှိနေပြီဖြစ်သည်။
နည်းပညာ၊ သက်မွေးပညာလေ့ကျင့်ရေးဦးစီးဌာနက နည်းပညာနှင့် သက်မွေးပညာရပ်များ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တစ်နိုင်ငံလုံး တွင် အစိုးရနည်းပညာကောလိပ်သုံးကျောင်း၊ အစိုးရစက်မှုလက်မှုသိပ္ပံ ၂၂ ကျောင်း၊ အစိုးရနည်းပညာအထက်တန်းကျောင်း ၃၅ ကျောင်းနှင့် သက်မွေးပညာသင်ကျောင်း ငါးကျောင်း စုစုပေါင်း ၆၅ ကျောင်းတွင် ပုံမှန်သင်တန်းများအပြင် ဒေသလိုအပ်ချက်နှင့်ကိုက်ညီသည့် သက်မွေး ပညာရပ်များကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် နည်းပညာဖွံ့ဖြိုးရေး၊ တတ် ကျွမ်းရေးသည် အဓိကကျသော အချက်ဖြစ်သည်။ မည်သည့်ထုတ်ကုန် မျိုးကိုမဆို ခေတ်မီနည်းစနစ်၊ ခေတ်မီနည်းပညာ မပါဝင်ပါက အချည်းနှီး ပင်ဖြစ်မည်။ မြန်မာနိုင်ငံတွင် ကုန်ထုတ်အရင်းအနှီးအရင်းအမြစ်၊ လူသား အရင်းအမြစ်များ အမြောက်အမြားရှိသော်လည်း အခြားနိုင်ငံများမှ ထုတ်ကုန်များကိုသာ မှီခိုအားထားနေရခြင်းသည် နည်းပညာလိုအပ်ချက် ကြောင့်ဖြစ်သည်။ နည်းပညာလိုအပ်ချက်ရှိလျှင် ထုတ်ကုန်အရည် အသွေးနိမ့်ကျပြီး ဈေးကွက်မဝင်ဘဲ ဖွံ့ဖြိုးမှုကျန်ရစ်မည်ဖြစ်သည်။
လက်ရှိတွင် ပြည်တွင်း၌ ကျွမ်းကျင်လုပ်သားရှားပါးမှု ပြဿနာနှင့် ကြုံတွေ့နေရသလို တစ်ဖက်တွင်လည်း ဝင်ငွေကောင်းသော၊ ဝင်ငွေ ကောင်းမွန်သော အလုပ်အကိုင်ရှားပါးမှုများနှင့်လည်း ကြုံတွေ့နေရသည်။ ထို့ကြောင့် ပြည်တွင်း၊ ပြည်ပ ပူးတွဲဖက်စပ် ကာလတို၊ ကာလရှည်ဖွင့်ပေး လျက်ရှိသည့် နည်းပညာနှင့် သက်မွေးပညာသင်တန်းများသည် မြန်မာ နိုင်ငံတွင် ကျွမ်းကျင်သူများပေါ်ထွန်းရေးအတွက် အထောက်အပံ့ကောင်း များပင်ဖြစ်သည်။ ထိုသင်တန်းများအနေဖြင့် အလုပ်အကိုင် အသီးသီးတွင် လုံလောက်သည့် အသိပညာ၊ ခံယူချက်နှင့်အရည်အချင်း ပြည့်၀စေရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး သက်မွေးပညာရပ်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ကျွမ်းကျင်သည့်လုပ်သားဈေးကွက်ကိုလည်း ဖြေရှင်းပေး နိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ မိတ်ဆွေနိုင်ငံများ၏အကူအညီများ၊ ပြည်ပရင်းနှီးမြှုပ်နှံ မှုများ တိုးတက်လာသော မျက်မှောက်ကာလတွင် အလုပ်အကိုင်အခွင့် အလမ်းများ ပွင့်လန်းလာပြီဖြစ်၍ အဆင့်မြင့်ပညာသင်ယူနိုင်သည်ဖြစ် စေ၊ မသင်ယူနိုင်သည်ဖြစ်စေ နည်းပညာနှင့်သက်မွေးဝမ်းကျောင်းပညာ ရပ်များကို ကျွမ်းကျင်စွာသင်ကြားလေ့လာထားခြင်းအားဖြင့် အလုပ် အကိုင်လည်းရ၊ တိုင်းပြည်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုများတွင်လည်း အထောက်အပံ့ကောင်းများ ရရှိဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း။ ။
No comments:
Post a Comment