Thursday, September 19, 2019

ဘရက်ဆစ်(သို့မဟုတ်) ကွဲကြေမှုများ၏နိဒါန်းလောခေါင်းစဉ်ဖြင့် ကမ္ဘာရေးရာဆွေးနွေးပွဲကျင်းပ




Image may contain: 2 people, people sitting, table and indoor
နေပြည်တော် စက်တင်ဘာ ၁၈




ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ စီစဉ်ကျင်းပသော''ဘရက်ဆစ် (သို့မဟုတ်) ကွဲကြေ မှုများ၏ နိဒါန်းလော'' ခေါင်းစဉ်ဖြင့် ကမ္ဘာရေးရာဆွေးနွေးပွဲ ကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ဝန်ကြီးရုံးစုပေါင်း ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ရေးရာကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူး များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီး ဌာနအသီးသီးမှ စိတ်ပါဝင်စားသူ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
နိုင်ငံအများစုနှင့် သက်ဆိုင်နေ
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် က အဖွင့်အမှာစကား ပြောကြားရာ၌ ယနေ့ဆွေးနွေးမည့် အကြောင်းအရာမှာဘရက်ဆစ်နှင့် ပတ်သက်၍ဖြစ်ပြီး အဆိုပါ အကြောင်းအရာမှာ ယနေ့ကမ္ဘာတွင် ထင်ရှားနေသည့် အကြောင်း အရာဖြစ်ကာ နိုင်ငံအများစုနှင့် သက်ဆိုင်နေပါကြောင်း၊ ကမ္ဘာတွင် နိုင်ငံများပေါင်းစည်းခြင်း၊ ပြိုကွဲခြင်းနှင့် ပတ်သက်၍ သမိုင်းတစ်လျှောက် များပြားစွာ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ဆိုဗီယက် ပြည်ထောင်စု၊ အမေရိကန်ပြည်ထောင်စု၊ ယူဂိုဆလားဗီးယား နိုင်ငံ ၊ ဥရောပသမဂ္ဂ စသည်ဖြင့် အခြေခံအကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ပေါင်းစည်းလာခဲ့ပြီး ပေါင်းစည်းခြင်း အနေအထားမှ တိမ်းစောင်းလာသည့်အခါ ပြိုကွဲမှုများ ဖြစ်ပေါ် လာတတ်ပါကြောင်း၊ ယင်းအပေါ် သင်ခန်းစာယူစရာများစွာရှိပါ ကြောင်း၊ စတင်ပေါင်းစည်းသည့် အကြောင်းအရာများမတူကြ သကဲ့သို့ ပြိုကွဲသည့် အကြောင်းအရာများလည်း မတူညီကြပါ ကြောင်း၊ ဘရက်ဆစ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကို နားထောင်ရင်းမှ မိမိတို့အတွက် သင်ခန်းစာများစွာရရှိနိုင်ပါ ကြောင်း၊ ဆွေးနွေးမှုများကိုနားထောင်ပြီး ပါဝင်ဆွေးနွေးမေးမြန်း နိုင်ပါကြောင်း၊ ဆွေးနွေးပွဲလုပ်ရသည့်ရည်ရွယ်ချက်မှာ အများ ပါဝင်ဆွေးနွေးစေရန် ဖြစ်သည့်အတွက် အားလုံးပါဝင် ဆွေးနွေး စေလိုပါကြောင်းစသည်ဖြင့် ပြောကြားသည်။
ထို့နောက် မြန်မာရေးရာလေ့လာရေးအဖွဲ့မှ အကြီးတန်းသုတေသီဦးအေးမောင်ကျော်က ''ဘရက်ဆစ် (သို့မဟုတ်) ကွဲကြေမှုများ၏ နိဒါန်းလော'' ခေါင်းစဉ်ဖြင့် ဘရက်ဆစ်နှင့် အမေရိကန်၊ ဘရက်ဆစ်နှင့် လန်ဒန်စတော့အိတ်ချိန်း၊ ဘရက် ဆစ်၏ အက်ကြောင်းများနှင့် နောက်ဆုံးအခြေအနေများကို သုံးသပ်ဆွေးနွေးပြောကြားသည်။
အကြီးတန်းသုတေသီဦးအေးမောင်ကျော်က ''ဗြိတိန်ကဥရောပသမဂ္ဂကနေခွဲခွာမယ့်ကိစ္စကို ၂၀၁၆ ခုနှစ်တုန်းက ပြည်သူ ဆန္ဒခံယူပွဲနဲ့ ဆုံးဖြတ်ထားတယ်။ ထောက်ခံမဲ ၅၁ ရာခိုင်နှုန်းကျော် ထောက်ခံထားကြတယ်။ ဒီကိစ္စကသုံးနှစ်လောက်ရှိပြီ။ ဝန်ကြီး ချုပ်လည်း နှစ်ယောက်ပြောင်းသွားပြီး လက်ရှိဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အထိ ဘရက်ဆစ်က မအောင်မြင်သေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥရောပဘက်က တောင်းဆိုချက်နဲ့ အင်္ဂလန်ဘက်ကလိုလားချက်ကမကိုက်ညီဘူး။ ယခင်ဝန်ကြီးချုပ် ထရီဆာမေလက်ထက်တုန်းက သဘောတူညီချက်တွေလည်း ရှိတယ်။ ပါလီမန်ကလက်မခံလို့ ထရီဆာမေထွက်သွားရပါတယ်။
ရွေးကောက်ပွဲ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထား
ဥရောပဘက်ကမလျှော့ပေးဘူးဆိုရင် လက်ရှိဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကဆွေးနွေးညှိနှိုင်းမှုမရှိဘဲNo deal အနေနဲ့ အောက်တိုဘာလ ၃၁ ရက်မှာထွက်သွားမယ်ဆိုပြီး အငြင်းအခုံ တွေ ဖြစ်တယ်။ တချို့ကွန်ဆာဗေးတစ်တွေကNo deal ဆိုတာ မကြိုက်တဲ့အတွက် အတိုက်အခံဘက်ကိုပြောင်းသွားကြတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြ တယ်။ ရွေးကောက်ပွဲဖြစ်လာရင် ကွန်ဆာဗေးတစ် အနိုင်ရမလား ဆိုတာမသေချာဘူး။
လေဘာပါတီအနိုင်ရရင်လည်း ဘရက်ဆစ်အောင်မြင် မလားဆိုတာလည်းမသေချာဘူး။ မသေချာမှုတွေ များနေပေ မယ့် စောင့်ကြည့်ရမယ့်အချိန်က အောက်တိုဘာလ ၃၁ ရက် ဖြစ်တဲ့အတွက် မကြာတော့ပါဘူး။ ဒါပေမယ့် ဒီကိစ္စကိုဇန်နဝါရီ လအထိ ရွှေ့ဖို့လည်းရှိပါတယ်။ ဇန်နဝါရီလရောက်ရင် ဘရက်ဆစ် ကိစ္စကိုနောင်တက်လာမယ့် အစိုးရအနေနဲ့ ဥရောပသမဂ္ဂနဲ့ ထပ်ညှိရမှာ ဖြစ်ပါတယ်။ ဒီလိုဘရက်ဆစ်ဖြစ်သွားရင် နိုင်ငံရေး အရ၊ စီးပွားရေးအရတစ်ကမ္ဘာလုံးကို သက်ရောက်မှုတွေရှိနိုင် ပါတယ်။ ကျွန်တော်တို့က နိုင်ငံငယ်လေးတွေ ဖြစ်တဲ့အတွက် သူတို့ဆီကလေ့လာတဲ့သဘောပါ။ သူတို့ဆီကနေသင်ခန်းစာ ရအောင်ပါ။ နိုင်ငံရေးလမ်းကြောင်းတွေ၊ ပါလီမန်စနစ်တွေ ဒါတွေသိရပါတယ်။ ဒါတွေကိုကောင်းတဲ့ဘက်ကနေ အသုံးချ သွားမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာလည်း အသုံးချလို့ ရပါ တယ်''ဟုပြောကြားသည်။
ပြန်လည်ရှင်းလင်းဖြေကြား
ယင်းနောက် တက်ရောက်လာကြသူများကဘရက်ဆစ်နှင့် စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းကြရာ အကြီးတန်းသုတေသီ ဦးအေးမောင်ကျော်က ပြန်လည်ရှင်းလင်းဖြေကြားသည်။
ဆွေးနွေးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က''ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနဲ့ ပြည်သူ တွေကို အသိပညာဗဟုသုတဖြည့်ဆည်းပေးနိုင်ဖို့ အမြို့မြို့ အနယ်နယ်မှာ ပြည်သူ့စာကြည့်တိုက်တွေဖွင့်လှစ်ဆောင်ရွက်နေတာအပြင် ပြည်သူ့စကားဝိုင်းတွေကိုလည်း စီစဉ်ကျင်းပနေပါ တယ်။ ကျွန်တော့်ဌာနမှာရှိတဲ့ သုတေသနနဲ့ သတင်းအချက် အလက်ဌာနခွဲက မြန်မာရေးရာအပြင် ကမ္ဘာရေးရာတွေကို ခွဲခြမ်းစိတ်ဖြာ လေ့လာပြီး စာအုပ်၊ စာစောင်တွေထုတ်ဝေနေပါ တယ်။ အဲဒီအတွက်ဌာနတွင်း ဆွေးနွေးပွဲငယ်လေးတွေအပြင် ယခုလို အများပြည်သူပါဝင်တဲ့ ဆွေးနွေးပွဲတွေလည်း ပြုလုပ်ပါ တယ်။ ဒီနေ့ခေါင်းစဉ်ကတော့ လက်ရှိကမ္ဘာမှာ ဖြစ်ပျက်နေတာကို ရွေးချယ်ထားတာပါ။ ဥရောပသမဂ္ဂက ဥရောပတိုက်က နိုင်ငံတွေ နဲ့ စုဖွဲ့ထားသလို ကျွန်တော်တို့နိုင်ငံကလည်း ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကို ဦးတည်နေတာဖြစ်လို့ အများကြီးအထောက် အကူဖြစ်မှာပါ။ ဆက်လက်ပြီးလည်း နေပြည်တော်နဲ့ ရန်ကုန်မှာ ဒီထက်ပိုမိုကောင်းမွန်တဲ့အကြောင်းအရာနဲ့ ဆွေးနွေးပွဲတွေ ထပ်လုပ်သွားမှာပါ''ဟု ပြောကြားသည်။
ဆွေးနွေးပွဲအပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြတ်မြင့်မိုရ်က ''ပုံမှန်အားဖြင့် အင်တာနက်သုံးရင် ဘရက်ဆစ်ဆိုပြီးတွေ့မြင်နေရတယ်။ သူတို့ ဘရက်ဆစ်ဖြစ်နေပြီဒီလောက်ပဲသတိထားမိတယ်။ ဘရက်ဆစ် ဆိုတာဘယ်လိုကြောင့် ဖြစ်တာလဲ၊ ဘာတွေဖြစ်လာနိုင်သလဲ ဆိုတာမျိုး အသေးစိတ်မလေ့လာဖြစ်ပါဘူး။ ကျွန်မက နိုင်ငံခြား ရေးဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့အတွက် ဒီလိုအကြောင်း အရာတွေ သိထားသင့်တယ်။ နိုင်ငံသားတွေရဲ့ နိုင်ငံတစ်နိုင်ငံ အပေါ်ထားရှိတဲ့ စေတနာ၊ နိုင်ငံရေးအပိုင်းကိုဘယ်လိုမြင်ကြ သလဲ၊ စီးပွားရေးအပိုင်းကို ဘယ်လိုမြင်ကြသလဲဆိုတာသိလာ ရတယ်။ ဆွေးနွေးတဲ့အခါမှာ ရှုထောင့်ပေါင်းစုံကာမိအောင် ဆွေးနွေးသွားတော့ အများကြီးဗဟုသုတရပါတယ်။ ဆွေးနွေး ပွဲမှာ ဘရက်ဆစ်သာ ဖြစ်လာရင် မြန်မာနိုင်ငံအတွက် သွယ်ဝိုက် ပြီး အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် အာဆီယံအဖွဲ့အစည်းအနေနဲ့ဆိုရင် စီးပွားရေး၊ နိုင်ငံရေးအရ နိုင်ငံတကာရပ်တည်မှုတစ်ခုရှိတဲ့အတွက် မြန်မာ နိုင်ငံအနေနဲ့ မဟုတ်ဘဲအာဆီယံအနေနဲ့ ဘရက်ဆစ်က ဘာတွေအကျိုးသက်ရောက်မှုတွေ ရှိနိုင်သလဲဆိုတာမေးမြန်းဆွေးနွေးခဲ့ပါတယ်'' ဟုပြောသည်။
ဖြည့်စွက်ဆွေးနွေး
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေး မှူး ဒေါ်ဥမ္မာအေးက ''ယူကေရဲ့ ရင်းနှီးမြှုပ်နှံမှုက မြန်မာနိုင်ငံမှာ ခွင့်ပြုထားတဲ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုရဲ့ ၅ ဒသမ ၅၇ ရာခိုင်နှုန်း ရှိပါတယ်။ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ် ပို့ကုန်တင်ပို့မှုမှာလည်း စုစုပေါင်းပို့ကုန်တင်ပို့မှုရဲ့ ၀ ဒသမ ၀၃ ရာခိုင်နှုန်းရှိနေတယ်။ ဒါကလည်းနည်းတဲ့ပမာဏတစ်ရပ်လို့တော့ ပြောလို့မရပါဘူး။ ဒါကြောင့် ဖြစ်ပေါ်လာတဲ့ Globalization Wave တွေမှာ နိုင်ငံအနေနဲ့ ဘယ်လိုအကျိုးသက်ရောက်မှုကို ဖြစ်လာနိုင်မယ် ဆိုတာကို ဖြည့်စွက်ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံကအဓိကအီးယူဈေးကွက်ကိုတင်ပို့နေတဲ့ အထည်ချုပ်လုပ်ငန်းအပေါ်မှာ ဘယ်လောက်အထိသက်ရောက်မှုရှိမလဲ၊ ဒါကိုအခြေခံစဉ်းစားပြီး တကယ်လို့ အီးယူကယူကေထွက်ဖြစ်တယ်၊ မထွက်ဖြစ်ဘူးဆိုတဲ့ အခြေအနေအပေါ်မှာ စောင့်ကြည့်နားထောင်ပြီး ပြင်ဆင်ဖို့ လိုတယ်လို့ ကျွန်မအနေနဲ့ သုံးသပ်ပါတယ်။ ဘယ်လိုကုန်ပစ္စည်း မျိုးတွေ၊ ဘယ်လိုလုပ်ငန်းမျိုးတွေအပေါ်မှာ ထိခိုက်မလဲဆိုတဲ့ အသေးစိတ် လေ့လာဆန်းစစ်မှုတွေ ထပ်ပြီးဆောင်ရွက်နေရမှာ ဖြစ်ပါတယ်'' ဟုပြောသည်။ သတင်းစဉ်

No comments:

Post a Comment