Sunday, September 22, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်




Image may contain: one or more people and basketball court
နေပြည်တော် စက်တင်ဘာ ၂၁




လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ရှိ ရွှေစည်းခုံစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ကြည်ညို ပြီး အလှူငွေများလှူဒါန်း၍ အရှေ့လေးထပ်စာသင်တိုက်ရှိ ဆရာတော်အား ဖူးမြော် ကြည်ညိုကာ လှူဖွယ်ပစ္စည်းနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မုံရွာမြို့ မြို့တော်ခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ် ခြင်းအခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ ရသင့်ရထိုက်သည့် အခွင့်အရေးများကို သာတူညီမျှခံစားရရှိရေးအတွက် ကြိုးစား ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ လူမှုရေးပင်စင်ထောက်ပံ့မှုများကို တစ်နိုင်ငံလုံး လွှမ်းခြုံမှုဖြင့် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများအား ကနဦးထောက်ပံ့ ခြင်းကိုလည်း တစ်နိုင်ငံလုံးလွှမ်းခြုံမှုရရှိစေရန် ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့မှုနည်းလမ်းအပြင် ဘ၀ရပ်တည်မှုတိုးတက်စေရန်၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး စွမ်းနိုင်သမျှစွမ်းအောင် လေ့ကျင့်သင်ကြားပံ့ပိုးမှုများကို ဆောင်ရွက် ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းခြင်း၊ အမျိုးသားအဆင့် မဟာဗျူဟာများချမှတ်ခြင်း၊ အမျိုးသားကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ဆင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ အကောင်အထည်ဖော်လျက်ရှိကြောင်း။
မသန်စွမ်းဖြစ်မှုကိုလျော့နည်းအောင် ကြိုတင်ကာကွယ်သည့် နည်းလမ်းများ လည်းရှိကြောင်း၊ အသက် (၃)နှစ်အရွယ်အတွင်း ကလေးသူငယ်များ၏ ဦးနှောက် ဖွံ့ဖြိုးမှုနှင့် ကိုယ်ခန္ဓာပုံမှန်ကြီးထွားမှုကို မိဘများ၊ မိသားစုဝင်များ၊ ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးသူများကိုယ်တိုင်က စောင့်ကြည့်မှတ်သားကာ ပုံမှန်မဟုတ်သည့် အခြေအနေများကိုသိရှိပါက ဆောလျင်စွာကုသမှုလေ့ကျင့်မှုခံယူ စေနိုင်မည်ဖြစ် ကြောင်း၊ ရှေးဦးအရွယ် ကလေးသူငယ်ကဏ္ဍ၊ လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍ၊ သက်ကြီး ရွယ်အိုကဏ္ဍ စသည်ဖြင့် ကျယ်ပြန့်သောကြောင့် ပြည်သူများ၊ အဖွဲ့အစည်းများက အားလုံးပူးပေါင်းကူညီကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် မသန်စွမ်းသူများအား ထောက်ပံ့ပေးမှုအခြေအနေများကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မသန်စွမ်းသူ ၃၂၃၀ အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၉၆ ဒသမ ၉ သန်းကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို လက်ဝယ် အရောက်ပေးအပ်ခဲ့သည်။၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အတွက် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၃၇ မြို့နယ်မှ မသန်စွမ်းသူ ၁၀၉၃၄ ဦးအတွက် စုစုပေါင်း ငွေကျပ် ၃၂၈ သန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်ရာ ယခုထောက်ပံ့မှုသည် ထပ်မံကောက်ယူရရှိသော ထပ်တိုးစာရင်းများအရ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန မန္တလေး တိုင်းဒေသကြီး ဦးစီးမှူးရုံးတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ရှေးဦးအရွယ် ကလေး သူငယ်ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အခြေခံ(အခမဲ့)သင်တန်းသို့ ရောက်ရှိပြီး သင်ခန်းစာများသင်ကြားနေမှုကို လေ့လာကြည့်ရှု၍ သင်တန်းသူများအား တွေ့ဆုံအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment