Thursday, September 26, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရွေ့လျားစာကြည့်တိုက်ယာဉ်နှင့် စက်ကိရိယာပစ္စည်းများ၊ စာအုပ်စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား





Image may contain: 1 person, plant
နေပြည်တော် စက်တင်ဘာ ၂၅




ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ရွေ့လျားစာကြည့်တိုက် ယာဉ်နှင့် စက်ကိရိယာပစ္စည်းများ၊ စာအုပ်စာစောင်များကို ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်မှုနှင့်အတူ လူထုအခြေပြုဗဟိုဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့်ဇနီး ဒေါ်စုစုလွင်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ဦးမင်းသူ၊ သူရဦးအောင်ကို၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးအုန်းမောင်၊ နိုင်သက်လွင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်တွင်းပြည်ပမှ အလှူရှင်များ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
အခမ်းအနားတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကားပြောကြားရာတွင် ပထမဆုံးပြောရမယ်ဆိုရင် ရွေ့လျားစာကြည့်တိုက်ဟာ ကျွန်မတို့ဖောင်ဒေးရှင်း ပထမဦးဆုံး အကောင်အထည်ဖော်လိုက်တဲ့ စီမံကိန်းဖြစ်ပါတယ်။ ဖောင်ဒေးရှင်းစပြီးကတည်းက ရွေ့လျားစာကြည့်တိုက်လုပ်ဖို့ ဆိုပြီး ရည်ရွယ်ချက်ရှိပါတယ်။ ပထမဦးဆုံး ကျေးဇူးတင်ရမယ့် သူက မိတ်ဆွေကြီး ဒေါက်တာဥမ္မာမိုးမြင့် ဖြစ်ပါတယ်။ ကျွန်မက ရွေ့လျားစာကြည့်တိုက်လုပ်မယ်လို့ ပြောတဲ့အခါ ဥမ္မာက ချက်ချင်းပဲ လုပ်လို့မရဘူး၊ ဒီနိုင်ငံမှာ ရှိလည်းမရှိဘူးဆိုလို့ မရှိဘူးဆိုလည်း ရှိအောင်လုပ်ရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံမှာ စာကြည့်တိုက်တွေ အများကြီးလိုနေတယ်။
စာအုပ်တွေ အများကြီး ကျွန်မတို့ ပြည်သူတွေ ဖတ်ဖို့လိုနေတယ်။ ဒါပေမယ့် စာကြည့်တိုက်တွေ မြို့တိုင်းမြို့တိုင်းမှာဆောက်ဖို့ ဆိုတာဟာ အချိန်လည်းကြာမယ်။ တကယ်လက်တွေ့မကျဘူး။ ကျွန်မတို့ ရွေ့လျားစာကြည့်တိုက်တွေ စမယ်ဆိုတော့ ငြင်းခုံပြီး နောက်တော့ ဥမ္မာက ငြင်းလို့မရတော့ သဘောတူလိုက်တယ်။ ဥမ္မာက အင်မတန်ချစ်စရာကောင်းတာက သူတကယ်လုပ်ပြီ ဆိုရင် အင်တိုက်အားတိုက်လုပ်ပါတယ်။ အရင်တုန်းက သဘောမတူခဲ့လို့ဆိုပြီးတော့ မလုပ်ချင်သလို လုပ်ချင်သလိုလို လုပ်တာတို့ လုံး၀မရှိဘူး။ အင်တိုက်အားတိုက် ရွေ့လျား စာကြည့်တိုက်စီမံကိန်းကို အောင်မြင်ရေးအတွက် လုပ်သွားပါ တယ်။ အဲဒီမှာ ကျွန်မတို့ကိုကူညီတဲ့အထဲမှာဆိုရင် ဂျပန်နိုင်ငံ ၊ ထိုင်ဝမ်၊ နိုင်ငံတကာက မိတ်ဆွေတွေအားလုံးက ရွေ့လျား စာကြည့်တိုက်မှာ စိတ်ပါတဲ့သူများက ကူညီခဲ့ပါတယ်။
အလားအလာရှိတဲ့စီမံကိန်း
ရွေ့လျားစာကြည့်တိုက်ကို အောင်မြင်မှာ မဟုတ်ဘူး၊ လုပ်ဖြစ်မှာမဟုတ်ဘူးလို့ ဥမ္မာက ထင်ခဲ့ပေမယ့် ပထမဦးဆုံး ဖွင့်တဲ့နေ့မှာ ၂ နာရီအတွင်းကို စာအုပ်တွေ အားလုံးလိုလိုဟာတစ်ခါတည်းကုန်သွားတယ်။ ကုန်သွားတယ်ဆိုတာ လာပြီးငှား ကြတာပါ။ တန်းစီပြီး ကလေးတွေက လာငှားကြတဲ့အတွက် အဲဒီအချိန်မှာ အင်မတန်မှ အားတက်ရပါတယ်။ ဒါဟာ တကယ့် ကို အလားအလာရှိတဲ့စီမံကိန်းပဲဆိုတာ အဲဒီကတည်းက သိခဲ့ ပါတယ်။ တဖြည်းဖြည်းနဲ့ တစ်နိုင်ငံလုံးကို ပျံ့နှံ့သွားအောင်လို့ ရွေ့လျားစာကြည့်တိုက်စီမံကိန်းကို အကောင်အထည်ဖော်နိုင် ခဲ့ပါတယ်။
အဲဒါဟာ ဘာပြတာလဲဆိုရင် ကျွန်မတို့ရဲ့ ပြည်သူလူထုဟာ စာဖတ်ချင်တဲ့စိတ်ရှိတယ်၊ စာအုပ်မရှိတာပါ။ ကျွန်မတို့ ရွေ့လျား စာကြည့်တိုက်ကိုစပြီးတော့ ထူထောင်ကတည်းက စာအုပ်တွေ ဟာ ကလေးများဖတ်ချင်တဲ့ပုံစံဖြစ်ရမယ်။ အခု ကျွန်မတို့နိုင်ငံ မှာဆိုရင် မြို့တွေတော်တော်များများမှာ စာကြည့်တိုက်ဆိုပြီး ဖွင့်ထားတာတွေ ရှိပါတယ်။ ဒါပေမယ့် စာကြည့်တိုက်တွေထဲမှာ ရှိတဲ့ စာအုပ်တွေက ကလေးတွေမပြောနဲ့ လူကြီးတွေတောင် သိပ်ဖတ်ချင်စရာကောင်းတဲ့ စာအုပ်မျိုးမဟုတ်ပါဘူး။ ဥပမာ ဆိုရင် တချို့တွေက သူတို့အိမ်မှာမထားချင်တော့တဲ့ ဂျာနယ် ဟောင်းတွေ၊ အရင်တုန်းက ကျောင်းသုံးစာအုပ်အဟောင်းတွေ၊ မလိုချင်တဲ့စာအုပ်တွေကို စာကြည့်တိုက်ကို လှူလိုက်မယ်ဆိုပြီး လှူလိုက်တဲ့အခါကျတော့ စာအုပ်တွေက ကြည့်ကတည်းကကို ဆွဲဆောင်မှုမရှိဘူး။ နောက်ပြီးတော့ ဖတ်ချင်စရာလည်း သိပ်မရှိ ဘူး။ မဖတ်ချင်လို့ပေးတဲ့ စာအုပ်တွေဆိုတော့ တခြားလူကလည်း သိပ်ပြီးဖတ်ချင်ဖို့ဆိုတာက အလားအလာသိပ်မရှိပါဘူး။
ဖတ်ချင်တဲ့စာအုပ်များဖြစ်အောင်
ကျွန်မတို့ ရွေ့လျားစာကြည့်တိုက်မှာထည့်ထားတဲ့ စာအုပ် တွေက တကယ့်ကို ကလေးတွေက ကြည့်တာနဲ့ ဖတ်ချင်တဲ့ စာအုပ်များဖြစ်အောင် ပုံလေးတွေအများကြီးရှိရမယ်၊ အရောင် ကလည်း တောက်တောက်ပပရှိရမယ်၊ ပုံလေးတွေကလည်း လွယ်လွယ်ကူကူနားလည်လွယ်ရမယ်။ အဲဒီလိုလုပ်လိုက်တဲ့အခါ ကျတော့ ကလေးတွေတင်မကဘူး၊ လူကြီးတွေကလည်း စိတ်ဝင်စားလာတယ်ဆိုတာကို ကျွန်မတို့ သတိပြုမိတယ်။
ရွာတွေကိုသွားပြီး စာအုပ်ငှားတဲ့အခါကျတော့ ကလေး တွေတင်မကဘူး လူကြီးတွေကပါလာပြီးတော့ စာအုပ်ငှားကြ တယ်၊ ဖတ်ကြတယ်၊ စိတ်ဝင်စားကြတယ်။ အဲဒါကြောင့်မို့ ကျွန်မတို့ စာကြည့်တိုက်ဟာ ဒီလောက်တောင်မှ မြန်မြန် ဆန်ဆန် ပြန့်သွားတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ အခုအချိန်မှာ လွှဲပြောင်းမယ့်ပစ္စည်းတွေထဲမှာ ပါတာက ရွေ့လျားစာကြည့် တိုက်ယာဉ် ၁၇ စီး၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း ၃၄၆ စုံ၊ စာအုပ်စာစောင် ၁ သိန်း ၁ သောင်းကျော်နဲ့ ကျွမ်းကျင်ဝန်ထမ်း ၂၈ ဦးဖြစ်ပါတယ်။
ရွေ့လျားစာကြည့်တိုက်စီမံကိန်းကြီး
MBL(Mobile Library) Project စတင်တဲ့နေ့မှ လွှဲပြောင်းတဲ့နေ့အထိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ရင်းနှီး မြှုပ်နှံခဲ့တဲ့ ငွေပမာဏ စုစုပေါင်းကျပ် ကျပ်သန်း ၁၀၀၀ ကျော် ဖြစ်ပါ တယ်။ ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေနဲ့ပတ်သက်လို့ နားလည်မှုစာချွန်လွှာသက်တမ်းတိုးပြီးတော့ လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ ရွေ့လျားစာကြည့်တိုက်စီမံကိန်းကြီးက အင်မတန် ကြီးကျယ်လာတဲ့အခါကျတော့ ရိုးရိုးသားသားပြောရရင် ကျွန်မတို့ ဖောင်ဒေးရှင်းတစ်ခုတည်းနဲ့ မနိုင်တော့ပါဘူး။ ကျွန်မ တို့ ဖောင်ဒေးရှင်းတစ်ခုတည်းက ဦးစီးထားသင့်တဲ့စီမံကိန်း မဟုတ်တော့ဘူး။ ဒါဟာ နိုင်ငံတော်ကနေ ဦးဆောင်ပြီးလုပ်ရမယ့် စီမံကိန်းဖြစ်သွားပါပြီ။ ကျွန်မတို့နိုင်ငံမှာ ရွေ့လျားစာကြည့်တိုက် တွေဟာ ပြန့်ပွားနိုင်တယ်၊ သုံးတဲ့သူတွေလည်းသိပ်များတယ်၊ ဒါကို အောင်အောင် မြင်မြင် လုပ်နိုင်တယ်ဆိုတာ ပြပြီးပြီဆိုတော့ ဒါဟာ နိုင်ငံတော်က ဆက်ပြီးတော့ လုပ်ဖို့သင့်တော်တယ်လို့ ကျွန်မတို့ယူဆလို့ လွှဲပြောင်းလိုက်တာဖြစ်ပါတယ်။
စာဖတ်ခြင်းဟာ အင်မတန်မှအရေးကြီး
ကျွန်မတို့အနေနဲ့ ဒီအတိုင်းအတာအထိ လုပ်နိုင်တာကို အင်မတန်မှ ကျေနပ်ပါတယ်။ ကျွန်မတို့ကိုကူညီပေးခဲ့တဲ့ မိတ်ဆွေ များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုဆိုရင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွင်းက ဖောင်ဒေးရှင်းလူကြီးတွေ ရော၊ လူငယ်တွေရော အားလုံးက တက်တက်ကြွကြွနဲ့ လုပ်ခဲ့တဲ့ အတွက် အင်မတန်မှ ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ စာဖတ်ခြင်းဟာ အင်မတန်မှအရေးကြီးတယ်ဆိုတာကို ကျွန်မ ခဏခဏပြောပါတယ်။ စာဖတ်ခြင်းမှာအရေးကြီးတဲ့ကိစ္စက ဘာလဲဆိုရင် စာဖတ်တဲ့အခါမှာ တခြားသူတွေရဲ့ စိတ်ထဲ၊ ဦးနှောက်ထဲ၊ နှလုံသားထဲကို ဝင်ကြည့်လို့ရတဲ့အခွင့်အရေး ရှိပါ တယ်။ ကိုယ့်အတွေးအခေါ်၊ ကိုယ့်ခံစားချက်တွေက တခြားသူ တွေရဲ့ အတွေးအခေါ်၊ ခံစားချက်တွေနဲ့ မတူဘူးဆိုတာကို စာဖတ် လိုက်တဲ့အခါမှာ သဘောပေါက်သွားတယ်။
တန်းတူညီတူအရေးကြီး
ဒါကြောင့်မို့ ကျွန်မ ပြောဖူးပါတယ်။ တက္ကသိုလ် ကျောင်းသားအချို့နဲ့ စာအုပ်စာပေဆွေးနွေးပွဲတစ်ခုမှာ ကျောင်းသားလေးတစ်ယောက်က စာအုပ်တစ်ခုကို သူမကြိုက် ရတဲ့အကြောင်းရင်းက အဲဒီစာအုပ်ထဲက ကိစ္စတွေက လုံး၀ သူတို့ဘ၀နဲ့ ဆက်စပ်မှုမရှိလို့ဆိုတော့ ကျွန်မက အဲဒါကို သဘောမတူဘူးလို့ ပြောဖူးပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ ဘ၀နဲ့ ဆက်စပ်မှုမရှိတဲ့အကြောင်းတွေကို သိဖို့က ကိုယ့်ဘ၀နဲ့ ဆက်စပ်မှုရှိတဲ့အကြောင်းတွေကို သိဖို့လောက်ကို တန်းတူညီတူ အရေးကြီးပါတယ်။
ဘာလို့လဲဆိုရင် ကိုယ့်ဘ၀ရဲ့ ကျဉ်းမြောင်းတဲ့ဘ၀လေး အတိုင်းအထွာနဲ့ပဲ တစ်က္ဘာလုံးကို ကြည့်မယ်ဆိုရင် အမြင်က ကျဉ်းမြောင်းသွားလိမ့်မယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့ဘ၀ အပြောင်းအလဲကို မသိဘဲနဲ့၊ ကိုယ့်ပတ်ဝန်းကျင်အကြောင်းကို မသိဘဲနဲ့ ကျော်လွှားပြီးတော့ က္ဘာကြီးကိုပဲ ကြည့်နေမယ် ဆိုရင်ကလည်း မပြီးပြည့်စုံဘူး။ စတာကကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ စရမယ်။ ကိုယ့်ရဲ့ဘ၀ကို နားလည်ရမယ်။ ဒါပေမယ့် ကိုယ့်ရဲ့ဘ၀ ကို နားလည်ဖို့အတွက် တခြားသူရဲ့ဘ၀ကို လေ့လာခြင်းအားဖြင့် နားလည်နိုင်ပါတယ်။ ကိုယ်တစ်ယောက်တည်း ခံစားရတာတွေ ဟာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ တခြားသူတွေလည်း ဒီလိုခံစားရတယ်။တခြားသူတွေလည်းဒီလို၊ ဒါမှမဟုတ် ကိုယ့် ခံစားချက်နဲ့ တခြားသူတွေရဲ့ ခံစားချက်ကွာတယ်ဆိုတာ နှိုင်းယှဉ် ပြီးတော့လည်း ကြည့်လို့ရတယ်။
နောက်ပြီးတော့ နမူနာအနေနဲ့ကြည့်ပြီးတော့ ဘာရှာ ရမယ်၊ ဘာဆောင်ရမယ်ဆိုတာကိုလည်း ကျွန်မတို့နှလုံးသွင်းလို့ ရပါတယ်။ ဒါကြောင့် စာဖတ်ပါ၊ စာဖတ်ပါလို့ အမြဲပဲ ကျွန်မတို့ရဲ့ ပြည်သူလူထုလူကြီး၊ လူငယ်မရွေးကို အားပေးပါတယ်။ စာဖတ် တယ်ဆိုတာ အသက်နဲ့ မဆိုင်ပါဘူး။ စာဖတ်တတ်လာပြီဆိုရင် ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ စာဖတ်လို့ ရပါတယ်။ ကျွန်မ တို့ရဲ့ လူငယ်တွေကို အားပေးချင်တာက တစ်နေ့ကိုတော့ နည်းနည်းတော့ စာဖတ်ဖြစ်အောင်ဖတ်ပါ။ ကိုယ့်စိတ်ထဲမှာတော့ တစ်နေ့ကို တစ်ရွက်နှစ်ရွက်လောက်၊ တစ်မျက်နှာ၊ နှစ်မျက်နှာ လောက်တော့ ရအောင်ဖတ်မယ်ဆိုပြီးတော့ သန္နိဋ္ဌာန်ချကြပါလို့ တိုက်တွန်းချင်ပါတယ်။
အခြေခံကျတဲ့နေရာဌာနတစ်ခုရှိဖို့လို
ကျွန်မတို့စာကြည့်တိုက်ကို စတင်လုပ်တော့ ကော့မှူးမှာ စတာဖြစ်ပါတယ်။ ကော့မှူးမှာ စပြီးလုပ်ကတည်းက ကျွန်မတို့ သဘောပေါက်တယ်။ ရွေ့လျားစာကြည့်တိုက်တွေအတွက် အခြေခံကျတဲ့ နေရာဌာနတစ်ခုရှိဖို့လိုပါတယ်။ ရိုးရိုးပြောရမယ် ဆိုရင် ကားတွေကိုဘယ်မှာထားမှာလဲ၊ စာအုပ်တွေကို ဘယ်မှာ ထားမှာလဲ၊ ရုံးအလုပ်လုပ်တဲ့ ဝန်ထမ်းတွေကို ဘယ်မှာထားမှာလဲ၊ အဲဒါတွေကို ကျွန်မတို့ လေ့လာရင်းနဲ့ နောက်ကျတော့ ပြန်ကြား ရေးဝန်ကြီးနဲ့ ညှိနှိုင်းပြီး အခု Community Centre တွေ ဖြစ်လာတဲ့ အဆောက်အဦတွေမှာ ရွေ့လျားစာကြည့်တိုက်တွေ ကို အခြေခံတာဖြစ်ပါတယ်။
ကျွန်မ နားလည်သလောက်ကတော့ Community Centre တွေမှာဆိုရင် ပြည်သူတွေ တွေ့ဆုံပြီး ဆွေးနွေးတာ တွေရှိတယ်၊ စာဖတ်၊ စာကြည့်တာတွေရှိတယ်၊ တချို့ ဌာန တွေမှာ ကွန်ပျူတာသင်တန်းတွေလည်း ကျင်းပတယ်။ ကော့မှူး မှာဆိုရင် စောစောကတည်းက ရွေ့လျားစာကြည့်တိုက်ဖွင့်တာ နဲ့အတူ ကွန်ပျူတာသင်တန်းတွေ ပေးပါတယ်။ အခုလည်း Community Centre အသီးသီးမှာတော့ ပုံစံအမျိုးမျိုးနဲ့ လှုပ်ရှားနေတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်။
တတ်နိုင်သမျှလေ့လာဆည်းပူး
ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်ကလည်း ပိုပြီးတော့ ပြည်သူ လူထုက Community Centre တွေကိုသုံးဖို့ ဆန္ဒရှိပါတယ်။ သုံးလည်းသုံးစေချင်ပါတယ်။ ကျွန်မအနေနဲ့လည်း ဒီကနေ ဆော်ဩပါရစေ။ သုံးပါ။ ဒါဟာပြည်သူလူထုအတွက် ထူထောင် ထားတဲ့ဌာနတွေ ဖြစ်ပါတယ်။ ပြည်သူလူထုသုံးမှလည်း ကျွန်မ တို့ ထူထောင်ရကျိုးနပ်မှာပါ။ အားလုံးက တတ်နိုင်သမျှ လေ့လာ ဆည်းပူးရုံမက တစ်ဦးနဲ့တစ်ဦး အမြင်ဖလှယ်ဖို့ နေရာတစ်ခုလို့ သတ်မှတ်ထားပါတယ်။ အခုဆိုရင် Community Centre ထဲမှာ ပြတိုက်ငယ်အဖြစ် ခင်းကျင်းပြသထားတယ်ဆိုပြီးတော့ လည်းသိရပါတယ်။ လူရွယ်လူငယ်တွေအနေနဲ့ ယဉ်ကျေးမှုပစ္စည်း တွေကို တန်ဖိုးထားတတ်စေဖို့ဆိုပြီးတော့၊ စုစည်းထိန်းသိမ်း တတ်တဲ့ အလေ့အထကောင်းဖြစ်လာဖို့ဆိုပြီးတော့ ဒီလို ပြတိုက်ငယ်လေးတွေ လုပ်နေတယ်ဆိုတာကိုလည်း ကြားရလို့ အင်မတန်မှ ဝမ်းသာပါတယ်။
ကျွန်မတို့မှာက စာကြည့်တိုက်ယဉ်ကျေးမှုဆိုတာ အခုမှ စတယ်လို့ ကျွန်မပြောရင် မမှားဘူးလို့ ထင်ပါတယ်။ ယဉ်ကျေးမှု ဆိုတာဟာ တစ်နေရာ၊ နှစ်နေရာမှာရှိနေရုံနဲ့ ယဉ်ကျေးမှုလို့ ခေါ်လို့ မရပါဘူး။ အခုထိဆိုရင် စာကြည့်တိုက်တွေ အင်မတန် နည်းပါတယ်။ အခုကျတော့ ရွေ့လျားစာကြည့်တိုက်တွေ များလာ ပြီဆိုတော့ စာကြည့်တိုက်ယဉ်ကျေးမှုအတွက်ကတော့ အခြေခိုင် လာပြီလို့ ယူဆပါတယ်။
အများကြီးနားလည်နိုင်
ပြတိုက်ယဉ်ကျေးမှုဆိုတာက ပြတိုက်တွေရဲ့တန်ဖိုးကို နားလည်ဖို့ ၊ ပြတိုက်တွေကို သွားတတ်ဖို့၊ ပြတိုက်တွေဆိုတာ ဘာအတွက်ဆိုတာကို နားလည်ဖို့ အဲဒီယဉ်ကျေးမှုအတွက် ကျွန်မတို့ထူထောင်ချင်ပါတယ်။ ပြတိုက်တွေကလည်း တစ်နည်း အားဖြင့် ပြောရမယ်ဆိုရင် စာအုပ်တွေဖတ်သလိုပါပဲ။ ပြတိုက်မှာ ပြထားတဲ့ပစ္စည်းတွေကို ဖတ်တတ်၊ သုံးတတ်လာပြီဆိုရင် စာအုပ်တွေဖတ်သလိုပဲ ကျွန်မတို့ ယဉ်ကျေးမှုအကြောင်း၊ တခြားယဉ်ကျေးမှုတွေအကြောင်း၊ ကမ္ဘာကြီးရဲ့ သမိုင်း အကြောင်း၊ ကျွန်မတို့ နိုင်ငံရဲ့ သမိုင်းအကြောင်း အများကြီး နားလည်နိုင်ပါတယ်။ နောက်ဆုံးကျတော့ ယဉ်ကျေးမှုပညာ ဆိုတာက တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ နားလည်မှု ရှိရှိနဲ့ အဖြေရှာနိုင်ဖို့အတွက် ဖြစ်ပါတယ်။
ဗဟုသုတတွေမျှဝေ
စာအုပ်ဖတ်တယ်ဆိုတာကလည်း တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့ဖြစ်ပါတယ်။ သုတေသနပညာရှင် တစ်ဦးက ပြောပါတယ်။ တော်လှန်ရေးတကာ့ တော်လှန်ရေး ထဲမှာ စာရေးတတ်သွားတဲ့ တော်လှန်ရေးဟာ အကြီးအကျယ် ဆုံးပါပဲ။ လူသားတွေက စာရေးတတ်သွားတဲ့၊ စာဖတ်တတ် သွားတဲ့အခါကျတော့ သူတို့ရဲ့ဘ၀တွေ လုံး၀ပြောင်းသွားတယ်။ အရင်တုန်းကဆိုရင် မျိုးဆက်တစ်ဆက်ဟာ သူသိတဲ့ပညာပဲ မျှဝေရတယ်။ နောက်မျိုးဆက်တွေအတွက် ချန်ခဲ့လို့မရဘူး။ အဲဒီတော့ လူသားတွေရဲ့ တိုးတက်မှုက အင်မတန်မှ ကျဉ်းမြောင်း သွားတယ်။ မျိုးဆက်တစ်ခုနဲ့တစ်ခုက ဒီဟာဒီဟာပဲ။ ဒီဟာကနေ ရှေ့မတိုးဘူး ဖြစ်သွားတယ်။ စာဖတ်တတ်တယ်၊ စာရေးတတ် တယ်အဆင့်ကို ရောက်သွားတယ်။ စာပေတော်လှန်ရေးကြီး ဖြစ်ဖူးတဲ့အခါကျတော့ ကျွန်မတို့သိသမျှ ဗဟုသုတတွေကို မျှဝေလို့ရတယ်။ ကျွန်မတို့ ဘေးပတ်ဝန်းကျင်နဲ့တင်မဟုတ်ဘူး။ နောင်လာမယ့် မျိုးဆက်တွေလည်း မျှဝေလို့ရတယ်။
ကျွန်မတို့လူသားတွေရဲ့သမိုင်း၊ လူသားတွေရဲ့ ယဉ်ကျေးမှု အဆောက်အဦကြီးကို ခိုင်ခိုင်မာမာဖြစ်အောင် တွန်းလှန်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုစာအုပ်စာပေ၊ စာကြည့်တိုက်စာပေ၊ ပြတိုက်စာပေ၊ ယဉ်ကျေးမှု၊ လူသားတွေရဲ့သမိုင်း၊ လူသားတွေရဲ့ တိုးတက်မှုနဲ့ အင်မတန်မှသက်ဆိုင်တဲ့လုပ်ငန်းတွေကို ကျွန်မတို့ရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ ရွေ့လျားစာကြည့်တိုက်များကို ထိန်းသိမ်း စောင့်ရှောက်ပြီး လုပ်ဆောင်သွားမယ်ဆိုတာသိရလို့ အင်မတန်မှ လည်း ဝမ်းသာပါတယ်။ ဒီဟာလည်း အထူးကို အောင်မြင်လိမ့် မယ်လို့လည်း ယုံကြည်ပါတယ် ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လူထုအခြေပြုဗဟိုဌာန (Community Centre) များ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ပြောကြားရာတွင် ပြန်ကြား ရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနအောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး စာကြည့်တိုက်များသည် အတိုင်းအတာတစ်ခုဖြင့် အလုပ်လုပ် နေရခြင်းဖြစ်ပါကြောင်း၊ ထိုအနေအထားမှ ကော့မှူးမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်၊ Mobile Library ၊ မော်တော်ယာဉ်နှင့် စာအုပ်များငှားရမ်းပါကြောင်း၊ စာအုပ်များကလည်း အသစ်များ ဖြစ်ပါကြောင်း၊ နယ်လှည့်ပြီး စာအုပ်ငှားသည့် အလုပ်ကိုတွဲဖက် ပြီး ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာသင်တန်း၊ တခြားလူငယ် များအတွက် အရည်အချင်းမြှင့်သည့်သင်တန်း စသည်ဖြင့် တွဲပြီး လုပ်သည့်အခါ မိမိတို့အဖို့ စိတ်ဝင်စားစရာကောင်းလာ ပါကြောင်း။
ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းပိုရှိလာ
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး စာကြည့်တိုက် များသည် ငြိမ်သက်နေသည့် ပြည်သူ့စာကြည့်တိုက်များ ဖြစ်နေရာမှ အခု Community Centre ဆိုသည့် အနေအထားမျိုးဖြစ်အောင် ပြောင်းလဲနိုင်လျှင် ယင်းစာကြည့် တိုက်များသည် ပိုပြီး အသက်ဝင်လာမည်၊ လှုပ်ရှားလာမည်၊ ထိုစာကြည့်တိုက်တွင် တာဝန်ထမ်းဆောင်နေရသူများက လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းပိုရှိလာမည်၊ တန်ဖိုးလည်း ပိုရှိလာမည်၊ ထို့ပြင် ထိုနေရာများသည် ရပ်ရွာအတွက်လည်း ပိုပြီးအသုံးဝင်သည့်နေရာများ ဖြစ်လာမည်ဟု မိမိတို့ မြင်ပါ ကြောင်း။
မြင်သည့်အတွက်ကြောင့် မိမိတို့၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးနှင့် စာကြည့်တိုက်များကို Community Centre များအဖြစ်သို့ ပြောင်းလဲဆောင်ရွက်နေပါကြောင်း၊ ထိုအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဤလုပ်ငန်းကို စတင်ပြီး မိမိတို့ကို စိတ်ကူးစိတ်သန်းများပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း။
ဥပဓိရုပ်ကောင်းအောင် ပြင်ဆင်
ထိုသို့ ဖွင့်လှစ်သည့်အခါ မိမိတို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးသည် များသောအားဖြင့် မြို့၊ ခရိုင်များ၏မြို့လယ်နေရာများတွင် ရှိပါကြောင်း၊ ရှိသော်လည်း မိမိတို့ စာကြည့်တိုက်ထဲမှ စာအုပ်များ ဟောင်းနွမ်းနေသလို စာကြည့်တိုက် အဆောက်အအုံများကလည်း တော်တော်လေး ဟောင်းနွမ်းနေပါကြောင်း၊ မိမိတို့နေရာများသည် သပ်သပ် ရပ်ရပ် သားသားနားနားမရှိပါကြောင်း၊ ဥပဓိရုပ် သိပ်ပြီး မကောင်းပါကြောင်း၊ သို့သော် ဥပဓိရုပ်ကောင်းအောင် ပြင်ဆင်ရန် ကုန်ကျမည့်စရိတ်များကလည်း ရှိပါကြောင်း၊ သို့ဖြစ်၍ တစ်ဖက်က ဖြစ်နိုင်အောင် မိမိတို့ကြိုးစားရပါကြောင်း၊ စိတ်ပါဝင်စားသူများထံမှလည်း အကူအညီတောင်းပါကြောင်း၊ တစ်ချိန်တည်းမှာ အဆောက်အအုံများ၏ ဥပဓိရုပ်ကို မပြင်နိုင် သေးသော်လည်း ထိုအဆောက်အအုံထဲမှာ Community Centre ၏ လုပ်ငန်းများကို လုပ်နိုင်သလောက်၊ လုပ်၍ ရသလောက် လုပ်မည်ဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ပါကြောင်း။
မိမိတို့ ခရိုင်ရုံးများမှ လာရောက်သူများအား ၎င်းတို့နေရာ ကို ရပ်ရွာတွင် မရှိမဖြစ်သည့်နေရာမျိုး တစ်ခုဖြစ်လာအောင် အမြဲတမ်းတိုက်တွန်းပါကြောင်း၊ မိမိတို့နေရာကို မိတ်ဆွေ တစ်ယောက်နှင့်တစ်ယောက် ချိန်းချက်တွေ့ဆုံသည့် နေရာမျိုးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် စာအုပ်တစ်အုပ်နှင့် လာထိုင်နေပါက သို့မဟုတ် လေး၊ ငါးယောက်လောက်တွေ့ပြီး စကားဝိုင်းဖွဲ့သည် ဆိုလျှင်လည်း မိမိတို့ဆီမှာ လွတ်နေသည့် နေရာလေးများ ရှိကြောင်း စသည်ဖြင့် နည်းအမျိုးမျိုးဖြင့် လူတွေလာအောင် လုပ်ပါ၊ တဖြည်းဖြည်း ရပ်ရွာမှ အခြားကိစ္စ ဆွေးနွေးရန်၊ တိုင်ပင် နှီးနှောရန်ဖိတ်ခေါ်ပါ၊ လာပါဟု ကြိုဆိုပါ၊ အဲဒီလို လုပ်ခြင်းအားဖြင့် တစ်နေ့သောအခါ ဒီနေရာသည် မရှိမဖြစ် နေရာဖြစ်လာမည်၊ သူများအရပ်ဒေသများတွင် Community Centre ဆိုတာ ရပ်ရွာမှန်ရင် Community Centre တစ်ခုတော့ရှိရမည်ဆိုသည့် အနေအထားမျိုးရောက်အောင် လုပ်ပါ၊ ထိုသို့ဖြစ်လာလျှင် မိမိတို့၏ နေရာသည် အဖိုးတန်ပြီး မိမိတို့ ကိုယ်တိုင်သည်လည်း ယခုထက်အများကြီးတန်ဖိုးရှိသည့် သူတွေ ဖြစ်ပါလိမ့်မည်ဆိုသည့် သဘောမျိုး ပြောဆိုထားပါ ကြောင်း ၊ လူငယ်တစ်ယောက်က အိမ်ကထွက်သွားတယ်၊ ဘယ်သွားမလို့လဲဆိုရင် Community Centre ကို သွားမည် ဆိုတာမျိုး အလေ့အထမျိုးရလာအောင်ဆိုသည့် ရည်ရွယ်ချက် ဖြင့် လုပ်နေပါကြောင်း။
ယုံကြည်စိတ်ချစွာလွှဲအပ်
ယနေ့ လွှဲပြောင်းပေးအပ်မှုနှင့် ပတ်သက်ပြီး မိမိတို့ကို Community Centre ၏ အသုံးအဆောင်ပစ္စည်းများ၊ ဝန်ထမ်း များနှင့်တကွ လုပ်ငန်းတာဝန်ပါ လွှဲအပ်ပေးသည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း၊ မိမိတို့ကို ယုံကြည်စိတ်ချစွာ လွှဲအပ်သည်ဟု ခံယူသည့်အတွက် ကျေးဇူးလည်းတင်ပါကြောင်း၊ ဂုဏ်လည်းယူပါကြောင်း၊ မိမိတို့အနေဖြင့်လည်း ယုံကြည် စိတ်ချစွာလွှဲအပ်ခြင်းနှင့် ထိုက်တန်အောင် ကြိုးစားမည်ဖြစ်ပါ ကြောင်း၊ Community Centre ၏ ဒေါ်ခင်ကြည် ဖောင်ဒေး ရှင်းမှ ကြီးမှူးသည့် ပုဂ္ဂိုလ်များ၊ ချမှတ်ထားခဲ့သော လုပ်ငန်း ယ္တရားပုံစံများအတိုင်း ဆက်လက်ပြီး လည်ပတ်နိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကူးအပြောင်းကာလ၊ လွှဲပြောင်းပြီးစကာလမှာ နည်းနည်းစောင့်ကြည့်ပြီး လိုအပ်သည် များရှိလျှင် ထောက်ပြပေးပါဟု မေတ္တာရပ်ခံလိုပါကြောင်း။
ဆက်လက်လှူဒါန်းအားပေးကူညီ
နောက်တစ်ခုမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို ကူညီခဲ့ကြ သည့်၊ အမြဲလှူဒါန်းခဲ့ကြသည့် နိုင်ငံတကာမှရော၊ ပြည်တွင်း ကရော ပုဂ္ဂိုလ်များရှိပါကြောင်း၊ လှူဒါန်းရာတွင် Community Centre အတွက် လှူဒါန်းသည့် အစိတ်အပိုင်း တစ်စိတ် တစ်ဒေသပါမည် ဖြစ်ပါကြောင်း၊ Community Centre နှင့် ရွေ့လျားစာကြည့်တိုက်များအတွက် လှူဒါန်းနေသည့် ပုဂ္ဂိုလ် များအနေဖြင့် ယခုအခါ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ရွေ့လျား စာကြည့်တိုက်အလုပ်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်း လိုက်ပြီ ဖြစ်သည့်အတွက် မိမိတို့ တာဝန်ပြီးဆုံးသွားပြီဟု မခံယူ စေလိုပါကြောင်း၊ နဂိုမူလ လုပ်ကိုင်ဆောင်ရွက်နေခဲ့သည့် အလုပ်ကို ဒီထက်မက ပိုပြီးကျယ်ဝန်းအောင်၊ ပိုပြီးနက်ရှိုင်း အောင် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လူအင်အား၊ ဝန်ဆောင်မှုအင်အားရှိသည့်အတွက် မိမိတို့ ဆောင်ရွက်နိုင် ပါကြောင်း၊ ထို့ကြောင့် ဒီရွေ့လျားစာကြည့်တိုက်လုပ်ငန်းကို ဒီထက်မက ကျယ်ပြန့်အောင်အတွက် လှူဒါန်းမည်ဆိုလျှင် လည်း မိမိတို့ဝမ်းသာစွာဖြင့် ကြိုဆိုမည်ဟု ပြောလိုပါကြောင်း၊ ဆက်လက်လှူဒါန်းအားပေးကူညီကြပါဟု မေတ္တာရပ်ခံအပ် ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း၏ ရွေ့လျား စာကြည့်တိုက်များဆောင်ရွက်မှုမှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လူထုအခြေပြု ဗဟိုဌာနများတွင် အသုံးပြုလျက်ရှိသည့် ရွေ့လျားစာကြည့်တိုက် ယာဉ်များနှင့် စက်ကိရိယာပစ္စည်းများ၊ စာအုပ်စာစောင်များ လွှဲပြောင်းပေးအပ်ခြင်းနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့အကြား လူထု အခြေပြုဗဟိုဌာနများ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်းကို ပြုလုပ်ရာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်တို့၏ ရှေ့မှောက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာသန့်သော် ကောင်းတို့က နားလည်မှုစာချွန်လွှာများတွင် လက်မှတ်ရေးထိုး ကြပြီး အပြန်အလှန်လဲလှယ်ကြသည်။
စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုင်ငံတော် သမ္မတဟောင်း ဦးထင်ကျော်နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်များနှင့် ဧည့်သည်တော်များ၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများနှင့်လည်းကောင်း၊ နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးများ၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့်လည်းကောင်း စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်သည်။
ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တက်ရောက်လာကြသူများသည် သင်္ဂဟဟိုတယ်မျက်နှာစာတွင် ပြသထားသည့် လူထုအခြေပြုဗဟိုဌာနများဖွင့်လှစ်ခဲ့မှု၊ လူထု အခြေပြုဗဟိုဌာနများတွင် လှုပ်ရှားဆောင်ရွက်မှုများ၊ ပြည်သူ့ စကားဝိုင်း(Public Talk) များ ဆောင်ရွက်နိုင်မှုနှင့် နိုင်ငံတော် အစိုးရ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ၊ လွှတ်တော်ရန်ပုံငွေနှင့် စေတနာရှင် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် လူထုအခြေပြု ဗဟိုဌာနများတွင် ဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများကို လည်းကောင်း၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လူထုအခြေပြု ဗဟိုဌာနနှင့် ရွေ့လျားစာကြည့်တိုက်များတွင် ကြည့်ရှုအားပေးမှု မှတ်တမ်းဓာတ်ပုံများကို လည်းကောင်း၊ ရွေ့လျားစာကြည့်တိုက် ယာဉ်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုကြသည်။
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့သည် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရုံးနှင့်စာကြည့်တိုက်ကို လူထု အခြေပြုဗဟိုဌာနအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်မှုနှင့်အတူ ရွေ့လျားစာကြည့်တိုက်လုပ်ငန်း ပူးပေါင်းဆောင်ရွက်ခြင်းကို ၂၀၁၃ ခုနှစ်က နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
လွှဲပြောင်းပေးအပ်
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ခရိုင်နှင့် မြို့နယ်ရုံး၊ စာကြည့်တိုက်များကို လူထုအခြေပြု ဗဟို ဌာနများအဖြစ် အဆင့်မြှင့်တင်မှုနှင့် ရွေ့လျားစာကြည့်တိုက် လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်မှစ၍ (၃)နှစ် သက်တမ်းရှိ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပြီး ဆောင်ရွက်ခဲ့ရာ ယခုအခါ ကော့မှူးမြို့နယ်ရုံး၊ အင်းစိန်ခရိုင်ရုံး၊ မြောင်းမြခရိုင်ရုံး၊ နတ်မောက်မြို့နယ်ရုံး၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်ရုံး၊ မြစ်ကြီးနားခရိုင်ရုံး၊ မ္တလေး ခရိုင်ရုံး၊ ဘားအံခရိုင်ရုံး၊ ထားဝယ်ခရိုင်ရုံး၊ လွိုင်ကော်ခရိုင်ရုံး၊ စစ်ကိုင်းခရိုင်ရုံး၊ မော်လမြိုင်ခရိုင်ရုံး၊ သံတွဲခရိုင်ရုံး၊ ဟားခါးခရိုင် ရုံးနှင့် တောင်ငူခရိုင်ရုံး နေရာ(၁၅)ခုတွင် ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ် ကလောမြို့၌ သီးခြားဆောင်ရွက်မှု အပါအဝင် စုစုပေါင်းနေရာ (၁၆)ခုတွင် ဆောင်ရွက်လျက်ရှိသည့် စုစုပေါင်း ငွေကျပ်ကျပ် သန်း ၁၀၀၀ ကျော် တန်ဖိုးရှိ ရွေ့လျားစာကြည့်တိုက်ယာဉ် ၁၇ စီး၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်း ၃၄၆ စုံ၊ စာအုပ်စာစောင် ၁၁၀၀၀၀ ကျော်နှင့်အတူ ကျွမ်းကျင်ဝန်ထမ်း ၂၈ ဦးတို့ကို ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း ဖြစ်သည်။
ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်
ထို့ပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် ခရိုင်နှင့် မြို့နယ်ရုံးစာကြည့်တိုက်များကို လူထုအခြေပြုဗဟိုဌာနများအဖြစ် အဆင့်မြှင့်တင်မှုနှင့် ရွေ့လျား စာကြည့်တိုက်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာကိုလည်း ယနေ့တွင် သက်တမ်းတိုးလက်မှတ်ရေးထိုး ပြီး လုပ်ငန်းများ အရှိန်အဟုန်မပျက် တိုးတက်ဆောင်ရွက်နိုင် ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment