Thursday, September 26, 2019

ခရီးသွားလုပ်ငန်းနှင့် အလုပ်အကိုင် အခွင့်အလမ်း


မြန်မာ့အလင်းအယ်ဒီတာအာဘော် 


နိုင်ငံ့ဝင်ငွေတိုးတက်ရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့တွင် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများသည် အရေး ပါလှသည့်အလျောက် ကမ္ဘာ့ နိုင်ငံများစွာတို့တွင် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေကြသည်။ ၂၀၁၆ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ခရီးသွားသူ ၁ ဒသမ ၂ ဘီလီယံရှိခဲ့ပြီး ကမ္ဘာခရီးသွားအဖွဲ့ချုပ်၏ ခန့်မှန်းချက်အရ လာမည့် ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်တွင် တစ်ကမ္ဘာလုံး၌ ခရီးသွားသူဦးရေ ၁ ဒသမ ၆ ဘီလီယံရှိလာ မည်ဟု ခန့်မှန်းထားသည်။ ယင်းအနက်မှ အရှေ့တောင်အာရှဒေသသို့ ခရီးသည် ၁၂၃ သန်းခန့် လာရောက်မည်ဟု ခန့်မှန်းထားသည်။
ခရီးသွားလုပ်ငန်းသည် ဝန်ဆောင်မှုအဓိကလုပ်ငန်းဖြစ်ပြီး ခရီးသည် များ၏ တည်းခိုနေထိုင်ရေး၊ အစားအသောက်တည်ခင်းဧည့်ခံရေး၊ လှည့် လည်ကြည့်ရှုလေ့လာရေးလုပ်ငန်းများ၊ အမှတ်တရပစ္စည်းများထုတ်လုပ် ရောင်းချသည့်လုပ်ငန်းများ၊ ဖျော်ဖြေမှုနှင့် အခြားဝန်ဆောင်မှုလုပ်ငန်း များ စသည်တို့ပါဝင်သည်။ မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးသည် အဓိကကျပြီး ပို့ဆောင်ဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ များ ပြည့်စုံရေးနှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုတို့ ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်သွားရမည်ဖြစ်သည်။
နိုင်ငံ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရန်အတွက် ခရီးသွား လုပ်ငန်းကို မြှင့်တင်ပေးနိုင်ရန် လိုအပ်နေပြီး အားနည်းချက်များအနေ ဖြင့် မူဝါဒနှင့် တည်ဆဲဥပဒေဆိုင်ရာ အားနည်းချက်များ၊ ဆက်စပ်နေ သည့် ဌာနများ၏ ပူးပေါင်းဆောင်ရွက်မှု အားနည်းချက်များ၊ စီမံခန့်ခွဲမှု နှင့် အခြေခံအဆောက်အအုံ မပြည့်စုံသည့်အားနည်းချက်များ၊ ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်သည့် အစီအစဉ်များ စီမံဖန်တီးမှုဆိုင်ရာ အားနည်းချက်များ၊ တည်းခိုနေထိုင်မှုစရိတ်များမှာ ဒေသတွင်း နိုင်ငံများ ထက် မြင့်မားနေသည့် အားနည်းချက်များ၊ သတင်းအချက်အလက် ဖြန့်ဝေမှု၊ နိုင်ငံတကာချိတ်ဆက်သွားလာနိုင်သည့် လေကြောင်းလိုင်း နည်းပါးနေမှု၊ ငွေကြေးစနစ်ခေတ်မမီသည့် အားနည်းချက်များ၊ ရေ၊ အစားအသောက်သန့်ရှင်းမှုဆိုင်ရာ အားနည်းချက်များ ရှိနေကြောင်း ကျွမ်းကျင်သူတို့က ထောက်ပြထားကြသည်။
ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာ ရုန်းကန် ခဲ့ရပြီး တစ်ဖက်တွင်လည်း အရှေ့မျှော်မူဝါဒကို ချမှတ်၍ ဈေးကွက်မြှင့်တင် ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ ရလဒ်ကောင်းများကို မြင်တွေ့ခဲ့ရ သည်။ တရုတ်နှင့် ကိုရီးယားတို့မှ ခရီးသည်များ ဝင်ရောက်မှုတိုးတက် မြင့်မားခဲ့ရာ ခရီးသွားလုပ်ငန်းတိုးတက်မြင့်မားလာနိုင်မှုနှင့်အတူ တစ်ဖက် တွင်လည်း လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်မှုလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန က မဟာဗျူဟာအစီအစဉ် ချမှတ်လုပ်ဆောင်နေကြောင်း သတင်းများ တွင် တွေ့ မြင်ခဲ့ရသည်။
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံချက်အရ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၇ ဒသမ ၅ သန်း ဝင်ရောက်လာရန် မျှော်လင့် ထားသည်ဟု သိရသည်။ တိုးမြှင့်ဝင်ရောက်လာမည့် ခရီးသည်များအတွက် လိုအပ်ချက်များအားလုံး ပြည့်စုံအောင် စီမံဖြည့်ဆည်းမှုများ ပြုလုပ်ရာ တွင် အရည်အသွေးပြည့်မီသော ဝန်ဆောင်မှုများပေးနိုင်ရန်မှာ အဓိက ကျသည်ဟု ရှုမြင်မိသည်။ တစ်ဖက်တွင်လည်း ခရီးသွားလုပ်ငန်းသည် တိုက်ရိုက်အားဖြင့် လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း အလုပ်အကိုင်အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်သည့်ကဏ္ဍဖြစ်ရာ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှ နိုင်ငံအတွက်ရော ခရီး သွားလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသည့် ပြည်သူများ၏ လူမှုစီးပွားဘ၀ များကိုပါ မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း။

No comments:

Post a Comment