Sunday, September 22, 2019

စိန်ခေါ်မှုများကျော်လွှား ပညာကိုတန်ဖိုးထား

အယ်ဒီတာ့အာဘော်
---------------------

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အခြေခံပညာကျောင်းများမှ ပြည်ထောင်စုအဆင့် ထူးချွန်စွာအောင်မြင်ခဲ့သော ထူးချွန်ကျောင်းသား ကျောင်းသူများနှင့်ထူးချွန်ကျောင်းများအား ဆုချီးမြှင့်သည့်အခမ်းအနားကို စက်တင်ဘာလ ၂၀ ရက်က နေပြည်တော်တွင်ကျင်းပခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "ကျောင်းများနဲ့ ကျောင်းသူ ကျောင်းသားများ အရည်အချင်းမြင့်မားလာခြင်းဟာ နိုင်ငံရဲ့ တိုးတက်ဖွံ့ဖြိုး မှုကိုလည်း ရောင်ပြန်ဟပ်တဲ့သဘောလည်းရှိပါတယ်"ဟုပြောကြားခဲ့သည်။
ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလတွင် နိုင်ငံ၏အနာဂတ် အတွက် အထိရောက်ဆုံးအာမခံချက်ဖြစ်သည့် ပညာရေးကို အထူး အလေးထားလျက်ရှိရာ နိုင်ငံတော်နှင့် ပြည်သူပြည်သားများ ဖွံ့ဖြိုးတိုးတက် မှုကို ရောင်ပြန်ဟပ်သည့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုကို အကောင် အထည်ဖော်လျက်ရှိသည်။ ပညာရေးကို အထူးအလေးထားဖော်ဆောင်ရာ တွင် အောင်ချက်၊ အောင်မှတ်များကိုသာ အာရုံစိုက်သည့် ကျဉ်းမြောင်း သော အားထုတ်မှုများကိုရှောင်လွှဲပြီး နိုင်ငံတော်၏ရေရှည်မျှော်မှန်းချက်ကို အထောက်အကူပြုမည့် အရည်အချင်းရှိသော ထူးချွန်သူများပေါ်ထွန်းလာ ရန် ဦးတည်ထားသည်။
အရည်အချင်းရှိသော ပညာထူးချွန်သူများပေါ်ထွက်လာရေးကို ဦးတည်ခြင်းသည် ထူးချွန်ကျောင်းသူ ကျောင်းသားများနှင့် ထူးချွန် ကျောင်းများအား အသိအမှတ်ပြုပေးခြင်း၊ ဂုဏ်ပြုချီးမြှင့်ပေးခြင်းဖြင့် ပညာကိုတန်ဖိုးထားသည့် စွမ်းအားများတိုးပွားလာရန် အားပေးနေခြင်းဖြစ် သည်။ ပညာကိုတန်ဖိုးထားခြင်းသည် လူသားများ၏ ဆင်ခြင်တုံတရား၊ လူသားများ၏ မိမိတို့ဘ၀ပတ်ဝန်းကျင်မှ အခက်အခဲများ၊ စိန်ခေါ်မှုများ၊ မိမိတို့၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အားနည်းမှု၊ ချို့ယွင်းမှုများအား ရင်ဆိုင်ကျော်လွှားနိုင်သည့်စွမ်းအားကို ယုံကြည်လေးစားခြင်းဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။
အောင်ချက်ကောင်းခြင်း၊ အောင်မှတ်ကောင်းခြင်းတို့သည် ပညာ ရည်တိုးတက်မှုကို ထင်ဟပ်ဖော်ပြသော သတ်မှတ်မှုတစ်ခုသာဖြစ်သည်။ အဆိုပါ အားထုတ်မှု၊ ကြိုးစားမှုများကို နိုင်ငံတော်က အသိအမှတ်ပြုပေး ခြင်းဖြစ်သည်။ ကျောင်းများနှင့် ကျောင်းသား ကျောင်းသူများ အရည် အချင်းမြင့်မားလာခြင်းသည် ပညာရေးအညွှန်းကိန်းမြင့်မားခြင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ခြင်းကို ရောင်ပြန်ဟပ်သည့် သဘောဖြစ်သည်။ အမှန်တကယ် တွင် ပညာကိုတန်ဖိုးထား၊ လေးစားသောကြောင့် မိမိတို့၏ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ မည်မျှမြင့်မားတိုးတက်လာသည်ကို တိုင်းတာတွက်ဆ ၍ လက်တွေ့ဘ၀တွင် ထိထိရောက်ရောက်အသုံးချနိုင်ရန်ဖြစ်သည်။
ပညာရေးဘက်မှ အောင်မြင်မှု၊ ထူးချွန်မှုသည် လူမှုရေးသာမက စီးပွားရေး၊ နိုင်ငံရေးဘက်၌ အောင်မြင်မှုနှင့်လည်း ဆက်နွှယ်နေသည်။ ငယ်စဉ်တောင်ကျေးကလေးဘ၀ကတည်းက ပညာရှာမှီးခဲ့ကြခြင်းသည် နောင်အနာဂတ်ကာလ၌ လူကြီးများဖြစ်လာသောအခါ အဓိကအားဖြင့် ကိုယ့်အားကိုယ်ကိုးတတ်ပြီး ကိုယ့်ဘ၀ကိုရပ်တည်နိုင်ရန်၊ ကိုယ့်ဝမ်းစာကို ကိုယ်တိုင်ရှာဖွေနိုင်ရန်၊ ကြုံလာသော အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်အတွက်ဖြစ်၍ သင်ကြားခဲ့သောပညာများသည် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးလိုအပ်ချက်များနှင့် ကိုက်ညီရန် အရေးကြီး သည်။
သို့ဖြစ်ရာ ထူးချွန်ကျောင်းများ၊ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းသည် ငုပ်လျှိုးနေသောစွမ်းအားများကို ပိုမိုဖွံ့ထွားလာ အောင် မြေတောင်မြှောက်ပေးခြင်းဖြစ်သလို ကျန်ရှိသောကျောင်းများနှင့် ကျောင်းသား ကျောင်းသူများလည်း အတုယူအားကျစေရန်ဖြစ်သည်။ အဓိကလိုရင်းရည်မှန်းချက်မှာ ကျောင်းကောင်း၊ အဆင့်ကောင်း၊ အရည် အချင်းကောင်းခြင်းထက် ကျောင်းသား ကျောင်းသူများအားလုံး ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ပြီး မိမိဘ၀၊ မိမိနိုင်ငံဘ၀ မြင့် သည်ထက်မြင့်အောင် အခက်အခဲများ၊ စိန်ခေါ်မှုများကို ကျော်လွှားပြီး အောင်မြင်မှုများကို ဆောင်ကြဉ်းနိုင်အောင် ပညာကိုတန်ဖိုးထား လိုရင်းဖြစ်သည်။ ။

No comments:

Post a Comment