Tuesday, September 3, 2019

နှစ်နိုင်ငံ ရင်းနှီးချစ်ကြည်မှုဖြင့် အကျိုးစီးပွားဖြစ်ထွန်းမည့်အနာဂတ်

မြန်မာ့အလင်းအယ်ဒီတာအာဘော်



မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးမှာ ၁၉၇၅ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သော်လည်း သမိုင်းဝင်ဖြစ်ရပ်များနှင့်အတူ နက်ရှိုင်းသည့် ဆက်ဆံရေးရှိခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ်များတွင်မူ ကိုရီးယားလှိုင်းဟုဆိုသည့် ကိုရီးယားယဉ်ကျေးမှုနှင့် ဖျော်ဖြေရေးပို့ကုန် များ အာရှဒေသအရပ်ရပ်သို့ စတင်ပျံ့နှံ့ခြင်းနှင့်အတူ ကိုရီးယားရုပ်သံ ဇာတ်လမ်းတွဲများသည် မြန်မာမိသားစုတို့၏ အိပ်ရာမဝင်မီ အပန်းဖြေစရာ များ ဖြစ်လာခဲ့သလို အကနှင့်တေးသီချင်းတို့ ပါဝင်သည့် ကေပေါ့ပ်သည် လည်း မြန်မာဆယ်ကျော်သက်တို့ စွဲမက်ကြသည့်ဖျော်ဖြေမှုများ ဖြစ်လာ သည်။ ကိုရီးယားရုပ်သံဇာတ်လမ်းတွဲများမှတစ်ဆင့် ကိုရီးယားဘာသာ စကားဝေါဟာရတချို့ကို မြန်မာတို့ယဉ်ပါးလာကြသလို ကိုရီးယားရိုးရာ အစားအစာများ၊ လူနေမှုဓလေ့စရိုက်များ၊ ကိုရီးယား၏ ရေမြေသဘာ၀ များနှင့် မြို့ပြကျေးရွာများကိုပါ တွေ့မြင်ခဲ့ကြရပြီး ကိုရီးယား၏ ဖွံ့ဖြိုးတိုးတက်မှုများကို အားကျခဲ့ရသည်။


တောင်ကိုရီးယား၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အာရှတွင် အဆင့် ၄ ရှိပြီး ကမ္ဘာတွင် အဆင့် ၁၁ ရှိသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း နိုင်ငံရေးလောကဓံကို ကြုံတွေ့ခဲ့ရသော်လည်း သမ္မတ ပတ်ချုံဟီးလက်ထက် ၁၉၆၂ ခုနှစ်မှစတင်၍ စက်မှုပို့ကုန်ကို အခြေပြုကာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုက လေယာဉ်ပြေးလမ်းမှ လေယာဉ်တစ်စင်း အရှိန်အဟုန် ပြင်းပြင်းဖြင့် ထိုးတက်သွားသည့်နှယ်ဖြစ်သည်။ ၁၉၆၂ ခုနှစ်မှ ၁၉၉၄ ခုနှစ်အတွင်း တောင်ကိုရီးယား၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမှာ နှစ်စဉ် ပျမ်းမျှ ၁၀ ရာခိုင်နှုန်းနှင့် ပို့ကုန်မှာလည်း ၂၀ ရာခိုင်နှုန်းအထိ နှစ်စဉ် ဆက်တိုက် တိုးတက်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီး ရိုင်းမြစ်ကမ်းမှ ဂျာမန်တို့၏ တစ်ဟုန်ထိုး ဖွံ့ဖြိုးတိုးတက်မှုနှင့် နှိုင်းယှဉ်ကာ တောင်ကိုရီး ယား၏ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ဟန်မြစ်ကမ်းမှ အံ့ဖွယ်ဖွံ့ဖြိုးတိုးတက် မှုဟူ၍ က္ဘာကတင်စားခဲ့ကြသည်။ ကိုရီးယား၏ အယ်လ်ဂျီ၊ ဆမ်ဆောင်း၊ ဟျွန်းဒေ(မြန်မာတို့က ဟွန်ဒိုင်းဟုသာ သိကြသည်။)၊ ဒေးဝူး စသည့် ကုန်အမှတ်တံဆိပ်များသည် ကမ္ဘာလုံးဆိုင်ရာ အမှတ်တံဆိပ်များ ဖြစ်လာသလို ကိုရီးယား၏ အံ့ဖွယ်ဖွံ့ဖြိုးတိုးတက်မှုမှာလည်း ရပ်တန့် မသွားဘဲ ဆက်လက်ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။


တောင်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံ၏ မိတ်ဆွေကောင်းနိုင်ငံ တစ်နိုင်ငံဖြစ်သည်။ တောင်ကိုရီးယား၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါ ခဲ့သော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းကို ပုံတူယူထားသည့် မြန်မာဆယ် မာအူးလ်အွန်ဒုံစီမံကိန်း၊ ရန်ကုန်မြစ်ကူး ကိုရီးယား-မြန်မာ ချစ်ကြည်ရေး ဒလတံတားစီမံကိန်း၊ အလုပ်အကိုင်အခွင့်အလမ်း ၅၀၀၀၀ မှ ၁၀၀၀၀၀ အထိ ဖန်တီးပေးနိုင်မည့် KMIC စက်မှုဇုန်စီမံကိန်းစသည်တို့မှာ မိတ်ဆွေ ကောင်း နိုင်ငံအဖြစ်ထင်ရှားသည့်သက်သေများလည်းဖြစ်သည်။ မြန်မာ နိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံပေါင်း ၄၉ နိုင်ငံအနက် လက်ရှိအခြေအနေတွင် ကိုရီးယားသမ္မတနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အဆင့် ၆ တွင် ရှိနေသည်။ ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ ကိုရီးယားသမ္မတနိုင်ငံမှ လုပ်ငန်း အရေအတွက် ၁၇၀ တို့ လာရောက်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိရာ ရင်းနှီး မြှုပ်နှံမှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးရင်းနှီးမြှုပ်နှံထားခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေ သည့်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ ကောင်းများ ပိုင်ဆိုင်ထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု၊ ကုန်သွယ်မှုတို့မှာ မှန်မှန်တိုးတက်နေပြီး နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုမှာလည်း ကောင်းမွန်ခိုင်မာလျက် ရှိရာ အနာဂတ်တွင်လည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့ ဆက်လက်မြင့်မားတိုးတက်သွားမည်ဟု အပြည့်အဝ ယုံကြည်မိသည်။ နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံ၊ နယ်ပယ်စုံတို့တွင် ပူးပေါင်းဆောင်ရွက်မှုများ မြင့်မားတိုးတက်လာသည်နှင့်အမျှ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းမှု၏ ရလဒ်များကို နှစ်ဖက်ပြည်သူများ ခံစားနိုင် ကြမည်ဖြစ်ပါကြောင်း။ ။

No comments:

Post a Comment