Tuesday, September 3, 2019

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာနောက်ဆက်တွဲအခြေပြစာချုပ်သို့ မြန်မာနိုင်ငံ ပါဝင်နိုင်ရေးကိစ္စ အတည်ပြု


Image may contain: one or more people
နေပြည်တော် စက်တင်ဘာ ၂
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့တွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ စာချုပ်၏ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ်သို့ မြန်မာ နိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေးကိစ္စကို အတည်ပြုခဲ့သည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပဲခူးတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာဝင်းမြင့် ချစ်က ဆွေးနွေးရာတွင် မိမိတို့နိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသည် ဒေသ အချို့တွင် ယနေ့တိုင်ဆက်လက်ရှိနေသည် ကို တစ်နိုင်ငံလုံးအသိဖြစ်ပါကြောင်း၊အဆိုပါ လက်နက်ကိုင်ပဋိပက္ခအတွင်းရှိနေသည့် ကလေးသူငယ်များ၏ ဘ၀ လုံခြုံမှု၊ ငြိမ်းချမ်းမှု၊ အာဟာရပြည့်၀မှု၊ ကျန်းမာရေး၊ ပညာရေးတို့အပြင် ကြီးလေးသော ချိုးဖောက်ခံရမှုများဖြစ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများ ၏ လူသစ်အဖြစ် စုဆောင်းခံရခြင်း၊ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသည့် လက်နက်ပစ္စည်းများကြောင့် အသက်ဆုံးရှုံးရခြင်း၊ ကိုယ်လက်အဂ¯ချို့တဲ့သွား ခြင်းများအပြင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုများ၊ ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင် ရာ အကြမ်းဖက်ခံရမှုများ ရှိနေတတ်ပါကြောင်း။
အချို့နေရာများတွင် ကလေးများအတွက် လိုအပ်သည့် လူသားချင်း စာနာထောက်ထားမှု၊ အခွင့်အရေးတားဆီးဟန့်တားမှုများ ရှိနေပါကြောင်း၊ ထို့ကြောင့် တင်ပြလာသည့် အခြေပြစာချုပ်ကို မြန်မာနိုင်ငံမှ အတည်ပြုပါဝင် ခြင်းဖြင့် န်ိုင်ငံသားများ၏အခွင့်အရေးနှင့် အထူးသဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးကို နိုင်ငံတကာဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်နိုင်သည့် နိုင်ငံဖြစ်သည့်အတွက် နိုင်ငံရေးကတိကဝတ်ပြုရာ ရောက်သည့်အပြင် နိုင်ငံတကာမျက်နှာစာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကောင်းများ ဖြစ်ထွန်းနိုင်သောကြောင့် အတည်ပြုပေးသင့်ပါကြောင်း ရှင်းလင်းတင်ပြ သည်။
နိုင်ငံတကာဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မည့်
နိုင်ငံရေးကတိကဝတ်တစ်ရပ် ပြုရာရောက်
မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး(ခေါ်) ဒေါ်အုန်းကြည်က မြန်မာနိုင်ငံအနေဖြင့် အဆိုပါစာချုပ်တွင် အတည်ပြုပါဝင်ခြင်း အားဖြင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့်အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခ ကာလအတွင်း ကလေးသူငယ်များ၏ အခွင့်အရေးများကို နိုင်ငံတကာဥပဒေ နှင့်အညီ ကာကွယ်စောင့်ရှောက်မည့် နိုင်ငံရေးကတိကဝတ်တစ်ရပ် ပြုရာ ရောက်သည့်အပြင် နိုင်ငံတကာ၏ မျက်နှာစာတွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် အရွယ်မရောက်သေးသူများကို လက်နက်ကိုင်တပ်ဖွဲ့များမှ အသုံးပြုသည့်စာရင်းမှ ပယ်ဖျက်ရန် ကြိုးစားရာတွင် လည်း အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် လက်ရှိအခြေအနေ၌ အဆိုပါစာချုပ်တွင် ပါဝင်ရေးအတွက် ကြိုတင်ပြင် ဆင်မှုများ၊ အစီအမံဆောင်ရွက်ချက်များ၊ ဥပဒေများကို ပြင်ဆင်ပြဋ္ဌာန်းပြီး လည်းဖြစ်ပါကြောင်း၊ အာဆီယံနိုင်ငံတွင်လည်း မိမိတို့တစ်နိုင်ငံသာ ကျန်ရှိ သည့်အတွက် ယနေ့အချိန်တွင် အတည်ပြုပါဝင်နိုင်ရေးအတွက် အသင့်ဖြစ် နေပါကြောင်း၊ ထို့ကြောင့် အဆိုပါစာချုပ်သို့ အတည်ပြုပါဝင်ခြင်းကို လေးနက် စွာထောက်ခံပါကြောင်း ဆွေးနွေးသည်။
တပ်မတော်သားပြည်သူ့လွှတ်တော်က်ိုယ်စားလှယ် ဗိုလ်မှူးရဲနိုင်လွင် က မိမိတို့နိုင်ငံအတွင်း လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် မည်သို့ပင် ရည်မှန်း ချက်၊ ရည်ရွယ်ချက်များ ကွဲပြားနေစေကာမူ အခြေခံအားဖြင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဘုံသဘောတူညီချက်များကို အားလုံးလိုက်နာဆောင် ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အစိုးရတစ်ရပ်အနေဖြင့် လိုအပ်သည့် စီမံဆောင်ရွက်မှုများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရန် တိုက်တွန်းလိုပါ ကြောင်း၊ စာချုပ်ပါ article 4 ၏ သဘောတူညီချက်အရ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးအပေါ်တွင် ခိုင်မာအားကောင်းသည့် ဥပဒေစည်းနှောင် မှုရှိရန် လိုအပ်ပြီး လတ်တလောအနေဖြင့် စာချုပ်ကိုလက်မှတ်ရေးထိုးသည့် အခါတွင် အစိုးရအနေဖြင့် သီးခြားမှတ်ချက်တစ်ခု ထည့်သွင်းပြီးမှသာ လက်မှတ်ရေးထိုးသင့်သည်ကို ဖြည့်စွက်အကြံပြုတင်ပြလိုပါကြောင်း၊ နိုင်ငံ တစ်ဝန်း ငြိမ်းချမ်းရေးရရှိပြီးပါက အားလုံးလိုက်နာပူးပေါင်းဆောင်ရွက်ကြ မည်ဖြစ်သည့်အတွက် အစိုးရအနေဖြင့် စာချုပ်ပါပြဋ္ဌာန်းချက်များအားလုံး ကို အာမခံနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၊ ဖာပွန် မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ပဲခူး မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ရွှေပုံ၊ ပဲခူး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မဲဆန္ဒနယ်မှ ဦးနေကျော်၊ တာမွေမဲဆန္ဒနယ်မှ ဦးစိုးဝင်း၊ သိန္နီ မဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်ရှားမူ၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး အောင်ကျော်မိုး၊ ဧရာ၀တီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၊ ဘားအံ မဲဆန္ဒနယ်မှ ဒေါ်နန်းသန်းသန်းလွင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါ်ထုမေနှင့် ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်တို့က ဆက်လက်ဆွေးနွေးကြသည်။
သဘောတူ အတည်ပြုကြောင်း ကြေညာ
ယင်းကိစ္စနှင့်စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြန်လည်ရှင်းလင်းဆွေးနွေးရာ တွင် အဆိုပါ နောက်ဆက်တွဲ အခြေပြစာချုပ်တွင် ပါဝင်ခြင်းအားဖြင့် မြန်မာ နိုင်ငံနှင့် တပ်မတော်၏ပုံရိပ်ကိုလည်း တိုးတက်ကောင်းမွန်စေမည်ဖြစ်ပါ ကြောင်း၊ ကလေးသူငယ်များအခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် လည်း မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုမှာ အပြုသဘော တိုးတက်မှုတစ်ရပ် ဖြစ်ပေါ် လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်မှ အဆိုပါစာချုပ် ကို အတည်ပြုရန်အတွက် သဘောတူမည်ဆိုပါက မိမိတို့အနေဖြင့် လာမည့် စက်တင်ဘာလလယ်တွင် ကျင်းပမည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အတည်ပြုကြောင်း စာချွန်လွှာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးကို ပေးအပ် နိုင်မည့် အနေအထားရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါစာချုပ်ကို အတည်ပြုရေးအတွက် မိမိအနေဖြင့် လေးစားစွာ ထောက်ခံတင်ပြအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင် ဒေါ်ကျိန်ငိုက်မန်က လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဖတ်ကြားတင်ပြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေး ဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးလက်လမ်းများ ဆက်သွယ်ရေးစီမံကိန်းဆောင်ရွက်ရန် အာရှဖွံ့ဖြိုးရေးဘဏ်(ADB) ထံမှ အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၂၀ သန်း ချေးငွေရယူရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်က ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အဘက်ဘက်မှ အောင်မြင်တိုးတက်ရန် အတွက် ကျေးလက်လမ်းများ ဖွံ့ဖြိုးတိုးတက်ရန်မှာ အဓိက အရေးကြီးသည့် အချက်ဖြစ်ပါကြောင်း၊ စီမံကိန်းဆောင်ရွက်မည့် မကွေးနှင့် ဧရာ၀တီတိုင်း ဒေသကြီးတို့သာမက အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ကျေးလက် လမ်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါ ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ဖောက်လုပ်မည့် ကျေးလက်လမ်းများ ရေတိုက်စားမှုမဖြစ်စေရန်အတွက် တောင်ကျရေများနှင့် မြစ်ချောင်းများမှ စီးဆင်းလာသည့် ရေများ၏ အခြေအနေများကို လေ့လာဆန်းစစ်ပြီး လိုအပ် သည့်နေရာများတွင် တံတားများ ထည့်သွင်းတည်ဆောက်ရမည် ဖြစ်ပါကြောင်း။
ထို့ပြင် လမ်းဘေးဝဲ၊ ယာရှိ သတ်မှတ်ထားသည့်နေရာများတွင် နှစ်ရှည် သီးပင်များလည်း စိုက်ပျိုးရမည်ဖြစ်ပါကြောင်း၊ ချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်း အောင်မြင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ တာဝန်ယူမှု၊ တာဝန် ခံမှုများနှင့်အတူ ချေးငွေကို မိမိပိုင်ငွေကဲ့သို့ လေလွင့်မှုမရှိစေရန် ဂရုစိုက်၍ ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ကျေးလက်ပြည်သူများ အတွက် အကျိုးသက်ရောက်မှုရှိမည်ဖြစ်သောကြောင့် အဆိုပါချေးငွေ ချေးယူခြင်းကို ထောက်ခံပါကြောင်း ဆွေးနွေးသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက ချေးငွေဖြင့် ဆောင်ရွက်မည့်လမ်း လုပ်ငန်းသည် ဒေသခံပြည်သူများအတွက် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ် ချက်ရှိသည်မှာ မှန်သော်လည်း အလားတူ လမ်းပန်းဆက်သွယ်ရေးအခြေ အနေဆိုးရွားသည့် ပြည်နယ်များတွင်နေထိုင်သည့် ပြည်သူများ၏ အခက်အခဲ နှင့် နှိုင်းယှဉ်မည်ဆိုပါက ကွာခြားမှုမရှိသည်ကိုတွေ့နိုင်ပါကြောင်း၊ နိုင်ငံ၏အဓိကထွက်ကုန် တိုးတက်ရရှိရေးနှင့် ဝင်ငွေရှာဖွေရေးကို အထောက်အကူ ပြုသည့် အခြေအနေ၊ နိုင်ငံ၏ပို့ကုန် ဝင်ငွေတိုးမြှင့်ရှာဖွေရန်အတွက် အထောက်အကူပြုနိုင်သည့် လုပ်ငန်းများတွင် ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများကို နိုင်ငံ၏ ဘဏ္ဍာငွေဖြင့် မဆောင်ရွက်နိုင်သည့်အခါ ပြည်ပ ချေးငွေဖြင့် ဆောင်ရွက်ရန်အတွက် ငွေချေးငှားခြင်းသည် သင့်လျော်ပါ ကြောင်း၊ ထို့ကြောင့် တိုင်းပြည်အနာဂတ်အတွက် အထောက်အကူပြုသည့် လုပ်ငန်းများတွင် သုံးရန်အတွက်သာ ငွေချေးသင့်သည်ဟု ယူဆပါကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆိပ်ကမ်း မဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း၊ ရွှေတောင် မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦး၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ဧရာ၀တီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ ဧရာ၀တီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၊ ဧရာ၀တီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစခင်ဇော်လင်းနှင့် မကွေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၃)မှ ဦးချစ်ထွေးတို့က ဆက်လက် ဆွေးနွေးကြသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန် အစည်းအဝေး (၂၀)ရက်မြောက်နေ့ကို စက်တင်ဘာ ၄ ရက်တွင် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ရဲသွင်
အေးအေးသန့် (သတင်းစဉ်)

No comments:

Post a Comment