Monday, September 2, 2019

ပညာရှိကြပါမှ သတ္တိရှိကြပါမှ

မြန်မာ့အလင်းအယ်ဒီတာအာဘော်



ပညာဆိုသည်၏ အနှစ်သာရမှာ အမှားနှင့်အမှန်ကို ခွဲခြားနားလည် နိုင်ခြင်းဖြစ်သည်။ မည်သည်က မှားပြီး မည်သည်က မှန်သလဲ၊ သို့မဟုတ် မည်သည်ကမည်မျှမှန်ကာ မည်သည်က မည်မျှမှားနေသလဲ ဆိုသည်ကို ခွဲခြမ်းစိတ်ဖြာစိစစ်ပြီး အကဲဖြတ်နိုင်ရန်မှာ ပညာဉာဏ် အမြော်အမြင်ပေါ်တွင် များစွာတည်ပါသည်။


အထူးသဖြင့် ယနေ့ကာလလို ကျယ်ပြန့်သည့် လူမှုဆက်ဆံရေးဖြင့် ရှင်သန်နေထိုင်ကြရသည့် ခေတ်သစ်လူမှုအဖွဲ့အစည်းတွင် ဤဟာမှား၍ ဤသည်မှန်၏ဟု စည်းမျဉ်းထူထူသားကာ သတ်မှတ်ပြောဆိုရန် ခက်ခဲ နေပြီဖြစ်ရာ ပို၍ ပညာဉာဏ်ရင့်သန်ကြရန် လိုပါသည်။


ထို့ကြောင့် အမှားအမှန် ထင်ထင်ရှားရှားကွဲပြားသော ကိစ္စရပ် များတွင် ခွဲခြားဆုံးဖြတ်ရန်ခက်ခဲမည် မဟုတ်သော်လည်း အမှားနှင့် အမှန် ထွေးရောယှက်တင်ရှိနေတတ်သော နယ်ပယ်များတွင် ရင့်ကျက်မှု မြော်မြင်ဉာဏ်ကြီးမှုတို့ဖြင့် ပြည့်စုံသော ပညာဉာဏ်ကို လိုအပ်မည် ဖြစ်ပါသည်။ ထို့ကြောင့်ပင် ပညာရေးစနစ်တွင် စဉ်းစားတွေးခေါ်မှု၊ မြော်မြင်ချိန်ဆမှုတို့ပါဝင်ရန် အဓိကထား ဦးတည်ရခြင်းဖြစ်ပါသည်။
ခေတ်သစ်တွင် ပညာတတ်များ၊ လူစွမ်းလူစရှိသူများဖြစ်ရန်မှာ အကြောင်းအရာတစ်ခု၊ သတင်းတစ်ခု သိရသည်နှင့် ထိုသတင်း ထိုအကြောင်းအရာသည် အမှန်တကယ် ဟုတ်မဟုတ်၊ ဟုတ်သည် ဆိုလျှင် လည်း ဘက်စုံထောင့်စုံက အမြင်သဘောထားများကို ဆန်းစစ်ရန် လိုအပ်သည့်ခေတ်ဖြစ်လာသည်။


ယခုသိ၊ ယခုယုံကြည်၊ ယခုကောက်ချက်ချ၊ ယခုအစီအစဉ်ဆွဲ လုပ်လို့မရသကဲ့သို့ နောက်ကျမှသိ၊ နောက်ကျမှအမီလိုက်ရဆိုလျှင် လည်း မသင့်တော် ဖြစ်ချေမည်။ သို့ဖြစ်လေရာ အချိန်တိုအတွင်းမှာ ဆန်းစစ်နိုင်ဖို့၊ အကဲဖြတ်နိုင်ဖို့၊ ကောက်ချက်ချနိုင်ဖို့၊ တစ်စုံတစ်ခု တုံ့ပြန်ဖို့လိုလျှင် တုံ့ပြန်နိုင်ဖို့ စသည်စသည်တို့အတွက် အသိမြော်မြင် မှုနှင့် ဉာဏ်ပညာတို့ မလွဲမသွေ လိုအပ်လာပြီ ဖြစ်ပေသည်။ မှား၏၊ မှန်၏၊ သင့်၏၊ မသင့်၏ သမိုင်းကြောင်းက မည်သို့ရှိကာ မည်သို့သော ရလဒ်များဖြစ်ခဲ့၏၊ မည်သည့်ဆိုးကျိုးများကို ရရှိနိုင်၏ စသည်ဖြင့် ဘက်စုံထောင့်စုံက အကဲဖြတ်ရန်လိုအပ်ပါမည်။


ထိုထိုဤဤသော အမှားများ၊ အမှန်များကို သို့မဟုတ် ပြုပြင် ပြောင်းလဲစရာရှိသည်များ ဆက်လက်တိုးမြင့်ဆောင်ရွက်ရန်ရှိသည် များကို နားလည်သဘောပေါက်မှသာလျှင် ပြောင်းလဲတိုးတက်ရေး ခရီးကို ထိထိရောက်ရောက် လျှောက်လှမ်းနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့်ပင် ခေတ်ပြောင်းစနစ်ပြောင်း အစစပြောင်းလဲတိုးတက် ကြဖို့ရာဆိုလျှင် အစဉ်အဆက်က မှားမှားယွင်းယွင်းလုပ်ခဲ့သည်များ ကို ပြင်ဆင်ပြုပြင်ရန်လိုအပ်သလို၊ အနာဂတ်တိုးတက် ဖွံ့ဖြိုးမှုအတွက် အပြောင်းအလဲပြုလုပ်ရန်၊ အသစ်လိုအပ်သည်တို့ကို တီထွင်ဖန်တီး နိုင်ဖို့ ကြိုးစားကြရန်လည်း လိုအပ်ပါမည်။


အဆိုပါ ပြောင်းလဲမှုများ၏သော့ချက်မှာ ဘာကိုပြုပြင်ပြောင်းလဲ ကြမလဲဆိုသည်ကို နားလည်သဘောပေါက်ခြင်းနှင့် ပြောင်းလဲဖို့ လိုအပ် သည်တို့ကို ရှုမြင်ရာတွင် ရဲရဲဝံ့ဝံ့သတ္တိရှိရှိ မြင်ရဲကြရန်၊ ထိုသို့သိမြင် ပြီးနောက် အဟောင်းကမ္ဘာထဲတွင် ဖက်တွယ်မနေဘဲ ပြုပြင်ပြောင်းလဲ ရန် လိုအပ်သည်တို့ကို ရဲရဲဝံ့ဝံ့သတ္တိရှိရှိ ရင်ဆိုင်ကာ အားထုတ်ကြိုးပမ်း ခြင်းတို့ ဖြစ်ပါမည်။
အမှားများကို ရဲရဲရှုမြင်ကာ ပြောင်းလဲကြရပါမည်။ ကိုယ်ကျိုးရှာမှု အမှားဖြစ်စေ၊ ဥပဒေအမှားဖြစ်စေ၊ အလုပ်အကိုင် အစီအမံအမှားတို့ ဖြစ်စေ အမှားကို အမှားမှန်း ပညာဖြင့်မြော်မြင် သိမြင်ကြပြီး အမှန်ကို ပြင်ဆင်ပြောင်းလဲ အလုပ်လုပ်ကြရန် လိုပါမည်။ အမှားကို အမှား ဟူ၍ သေသေချာချာသိရှိဝန်ခံပြီး အမှန်ကို ပြောင်းလဲဝံ့သည့် သတ္တိ ကသာလျှင် ခေတ်စနစ်ပြောင်းလဲတိုးတက်မှုဆီသို့ သယ်ယူသွားလိမ့် မည်တည်း။ ။


No comments:

Post a Comment